Saturday, July 24, 2010

အမိုက်တကာ့ဗိုလ်မင်း အဖျင်းတကာ့ဗိုလ်ချုပ် လူမိုက်ကြီးတွေ

“ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊

ကြီးကျယ်စွာသော မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊

ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။

ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ထို့အပြင် မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ် အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”

မိလိန္ဒပဥှာ




အမိုက်တကာ့ဗိုလ်မင်း အဖျင်းတကာ့ဗိုလ်ချုပ် လူမိုက်ကြီးတွေ

မြတ်စွာဘုရားဟောတော်မူအပ်သော သုတ္တနိပါက ( ၇ ) ခုမြောက် သုတ်ဖြစ်တဲ့ ၀သလသုတ္တန်တရားတော်တွင် သူယုတ် ( သို့ ) သူယုတ်မာ ဖြစ်စေတဲ့ တရား ၃၂ ပါးကို ဟောထားပါတယ်။

အဂ္ဂိကဘာရဒွါမ ဆိုတဲ့ ပုဏ္ဏားက မြတ်စွာဘုရားကို တွေ့တော့ “ဟဲ့ သူယုတ်” ဆိုပြီး သုံးခွန်းသော စကားနဲ့ပဲရေးတယ်တဲ့။ အဲ့ဒီအခါမှာ မြတ်စွာဘုရားရှင်က အပြစ်မမြင်ပဲ မေတ္တာနဲ့ ယှဉ်ပြီးတော့ အသင်ပုဏ္ဏား ဘယ်လိုလူကို သူယုတ် ( သို့ ) လူယုတ်မာ လို့ခေါ်သလဲ။ လူယုတ်မာ ဖြစ်စေတဲ့ တရားတွေကို သိလား လို့မေးပြီးတော့ အဲဒီတရားကို ဟောခဲ့တာပါ။

မြတ်ဗုဒ္ဓ က မျိုးရိုးဇာတိအားဖြင့် မည်သူမျှ စဏ္ဏာလလည်းမဖြစ်နိုင်၊ ဗြဟ္မဏလည်းမဖြစ်နိုင်။ ကံ ( မိမိပြုမူချက် ) အားဖြင့် လူသည် စဏ္ဏာလ ( သို့ ) လူယုတ်ဖြစ်နိုင်သည်။ ဗြဟ္မဏ ဖြစ်နိုင်သည်။

မြတ်ဗုဒ္ဓ က .. ပုဏ္ဏား… အမျက်ဒေါသထွက်သူ၊ ရန်ငြိုးဖွဲ့သောသူ၊ ဂုဏ်အရည်အချင်းနှင့် ပြည့်စုံသူများကိုအပြစ်ဖို့သူ၊ မှောက်မှားသော အယူကို ယူသောသူ၊ ကလိန်ကျသောသူ သာလျှင် ၀သလ ( သို့ ) သူယုတ်မာ ဟူ၍ သိအပ်၏ - ဟု မိန့်ကြားထားသည်။

နောက်တစ်ဂါထာတွင် .. ပုဏ္ဏားတစ်ကြိမ်သာ ဖွားရသောသတ္တ၀ါကိုလည်းကောင်း၊ နှစ်ကြိမ်သာ ဖွားရသောသတ္တ၀ါကိုလည်းကောင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်တတ်၏။ အကြင်သတ္တ၀ါတို့၌ သနားခြင်းမရှိ၊ ထိုသူကိုသူယုတ် ( သို့ ) လူယုတ်မာ ဟူ၍ သိအပ်၏တဲ့။

အထက်ပါ မြတ်ဗုဒ္ဓဟောတော်မူသော လူယုတ်မာတို့၏ လက္ခဏာများအရဆိုလျှင် လောဘ၊ ဒေါသ၊ မောဟအပြည့်ဖြင့် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးထောင်ချခြင်းနှင့် ကျေးဇူးရှင်ကို ကျေးဇူးကန်းသော နအဖစစ်အာဏာရှင်နှင့် သူ၏လက်မရွံ့လက်ပါးစေတို့သည် လူမိုက်တကာတို့၏ ခေါင်းဆောင်၊ လူယုတ်မာတို့၏ဗိုလ်ချုပ်ဖြစ်ပေတော့သည်။

မြတ်ဗုဒ္ဓ က “အကြင်သူသည် မြတ်စွာဘုရားရှင်ကိုသော်လည်းကောင်း၊ ထိုမြတ်စွာဘုရားရှင်၏ တပည့်သားသံဃာတော်ကိုလည်းကောင်း၊ အကျိုးမဲ့ကဲ့ရဲ့သော စကားကို ဟောကြား၏။ ထိုသူကို သူယုတ် ( သို့ ) လူယုတ်မာ ဟု သိအပ်၏” - ဟု ဟောတော်မူပါတယ်။

စစ်အာဏာရှင်နှင့် နောက်လိုက်များကတော့ မိစ္ဆာဝါဒီသမားများပီပီ မြတ်စွာဘုရားရဲ့ ဗိုက်ကိုလည်းဖောက်ရဲပါတယ်။ ဘုရားရှင်ရဲ့တပည့်သား သံဃာတွေကိုလည်း သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချရဲပါတယ်။ အခုဆို ကျောင်းတိုက်တွေကိုတောင် ဝါဆို ဖို့ ခက်ခဲသွားရအောင် အတင်းအဓမ္မဖြိုဖျက်နေကြပါပြီ။

၂၀၀၈ ခု၊ မေလ ဆန္ဒခံယူပွဲ ကာလအတွင်းမှာတောင် လုံထိန်းတွေကို “လိမ္မော်သီး ရိုက်နည်းသင်တန်း” ဆိုပြီးသီးသန့် သင်တန်းထောင်ပေးခဲ့ပါတယ်။ လိမ္မော်သီး ဆိုတာ သံဃာတော်များ ကို ရည်ညွှန်းတာပါ - ဟု စာရေးဆရာ ဒဂုံမဏ္ဏိဏ် က လူယုတ်မာ ဘယ်သူလဲ ဆောင်းပါးတွင် ဖော်ပြထားပါတယ်။




ယခုအခါ အချို့သော ပညာရှိ၊ ပညာတတ်ဟု မိမိကိုယ်ကို အထင်ရောက်နေကြသော ဘုန်းကြီးအချို့၊ လူအချို့သည် အဓမ္မတရားကို ပြုကျင့်ဖောက်ပြန်နေသော မိစ္ဆာဝါဒီ စစ်အာဏာရှင်များအကြိုက် လိုက်လုပ်နေပြီး ဓမ္မတရားကို ဖျက်ဆီးနေကြသည်ကို ၀မ်းနည်းစွာ တွေ့နေရပါတယ်။

ပညာလွန်၍ သဒ္ဓါနဲ့သူများသည် ကောက်ကျစ်တက်ကြ၏ - ဟု ၀ိသုဒ္ဓိမဂ် ၌ ဆိုထားပါတယ်။

ဓမ္မပဒ၊ စာလတ်၊ ဂါထာ ၆၃ လာ ဘုရားရှင်၏ ဟောကြားချက်တွင် - လူမိုက်ဖြစ်ပါလျက် မိမိလူမိုက်ဖြစ်ကြောင်းကိုသိ၏။ ထိုသို့ သိခြင်းကြောင့်ပင် ထိုသူကို ပညာရှိဟုဆိုရ၏။ လူမိုက်ဖြစ်ပါလျက် မိမိကိုယ်ကို ပညာရှိဟုထင်၏။ ထိုသူသည်ဟာ တကယ့် လူမိုက်စစ်စစ်ဖြစ်၏ - ဟု မိန့်၏။

ဗုဒ္ဓဒေသနာတော်အရ ပုထုဇဉ်များသည် အသိမှား၊ အမှတ်မှား၊ အယူမှား ဟူသော ၀ိပလ္လာသ တို့ကို မပယ်နိုင်သေးသဖြင့် မည်သည့်စာပေ ပညာရှိမဆို သူ၏အသိ၊ သူ၏အကျင့်သည် ပြည့်စုံနိုင်ဖွယ် မှန်ကန်နိုင်ဖွယ် မရှိဟု ဆိုနိုင်သည်။

ပညာတတ်များအနေနဲ့ မိမိတို့ထက် သိထားတဲ့ အသိပညာ၊ အတတ်ပညာရပ်တွေကို အာဏာရမ္မက် ရစ်မူးပြီး ဘာသာ၊ သာသနာ၊ လူမျိုးအားလုံးအကျိုးမဲ့ကာ ဆင်းရဲ ဒုက္ခရောက်အောင် လုပ်နေကြသော စစ်အာဏာရှင်တို့အတွက် အကျိုးမရှိစေဘဲ တရားသောဘက်မှာ အသုံးချသင့်ပေသည်။

သူတော်ကောင်းတို့ ကျင့်အပ်သော တရား နှင့်ပတ်သတ်၍ ဦးရွှေအောင က သူ၏ ထေရ၀ါအုတ်မြစ် စာအုပ်တွင် မြတ်ဗုဒ္ဓ၏တရားကို ရေးသားဖော်ပြထားသည်မှာ မှတ်သားဖွယ်ကောင်း၏။

ရတနသုတ်ပရိတ်တော်ရောဂမနုဿ ဒုမ္ဘိက္ခသမ္ဘူတံ တိဝိဓံဘဟ - ဟူ၍ ဤလောက၌

( ၁ ) အနာရောဂါဘေး

( ၂ ) လူမဆန်သော ပုဂ္ဂိုလ်တို့၏ အမနုဿဘေး

( ၃ ) ငတ်မွတ်ခေါင်းပါးခြင်းဘေး

ဘေး ( ၃ ) မျိုးရှိရာတွင် ယင်းဘေးများမှ လူအပေါင်းတို့ကို ကယ်တင်ရာ၌လည်းကောင်း၊ အမနုဿဘေးမှဖြစ်ပေါ်လာသော သောကပရိဒေ၀ စသော ဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်ရာ၌လည်းကောင်း၊ အစဉ်အတိုင်း ဦးစားပေး၍ ကျင့်ရန် သတ်မှတ်ထားသောနည်းသုံးနည်းရှိ၏။ ယင်းတို့မှာ -

( ၁ ) မိမိနိုင်ငံ၏အကျိုးကို ပထမဦးစားပေး၍ ကျင့်ရမည်

( ၂ ) မိမိအသင်းအဖွဲ့ ( ၀ါ ) အသိုက်အ၀န်း၏ အကျိုးကို ဒုတိယ ဦးစားပေး၍ ကျင့်ရမည်။

( ၃ ) မိမိ၏အကျိုးကို နောက်ဆုံးထား၍ ကျင့်ရမည်။

ဟူ၍ မြတ်ဗုဒ္ဓကိုယ်တိုင် ပါရမီဖြည့်ခဲ့ပုံကို တင်စားဖော်ပြထားသည်။

မြတ်ဗုဒ္ဓကျင့်စဉ်အရ ဆိုလျှင် မိမိနိုင်ငံအတွက် မိမိအဖွဲ့အစည်းကို စတေး ရမည်။ မိမိအဖွဲ့အစည်းအတွက် မိမိကိုယ်ကို စတေး ရမည် - ဟု ဆိုထားသည်မှာ သတိထားမှတ်ယူဖွယ်ပင် ဖြစ်သည်။



ဗုဒ္ဓဒေသနာတော်အရ ဘ၀ ကိုအမိုက်ဖြင့်ကြည့်သူ နှင့် အလင်းရောင်ဖြင့် ကြည့်သူ ဟူ၍ နှစ်မျိုးရှိ၏။ မိမိ၏ဘ၀ကိုအမိုက်တိုက် ဖြင့်ကြည့်တတ်သော နအဖစစ်အာဏာရှင်များ ကဲ့သို့သော အန္ဓပုထုဇဉ်များ အတွက်ရက်စက် ကြမ်းကြုတ်ခြင်းသည် တနည်းအားဖြင့် ပျော်စရာဖြစ်၏။

ဤနေရာ၌ ယောမင်းကြီးဦးဘိုးလှိုင် ရာဇဓမ္မသင်္ဂဟကျမ်း စာမျက်နှာ ၀၂၆ လာ - ဝေဟိတ္တိအသူရာ နှင့် သိကြားမင်း - တို့၏ အဆိုအယူများကိုမှတ်သားဖွယ်ရာ အဖြစ် ဖော်ပြအပ်ပါ၏။

ဝေဟိတ္တိအသူရာ - ပညာရှိသည် သူမိုက်ကို ပြင်းထန်စွာ ဒဏ်ပေးခြင်းဖြင့် တားမြစ်ရ၏။ အကယ်၍ ပြင်းထန်စွာ ဒဏ်ပေးခြင်းဖြင့် မတားမြစ်ပါက သူမိုက်သည် ပို၍ ကြမ်းကြုတ် ပေလိမ့်မည်။

သိကြားမင်း - ပညာရှိသည် အမျက်ထွက်နေသော လူမိုက်ကို အမျက်ထွက်မှန်း သိလျှင် ပြန်လည် အမျက်မထွက်ဘဲ သည်းခံ၏။ ထိုသို့သည်းခံခြင်းသည်ပင်လျှင် သူမိုက်ကို ဆုံးမခြင်း ဖြစ်၏။

ဤအမြင်သည် အမှောင်နှင့်အလင်း တို့၏ တန်ဖိုးချင်း ခြားနားချက်ကို ဖော်ပြသော ပုံစံများဖြစ်၏။

ယခုခေတ် စစ်အာဏာရှင်တို့ရရှိနေသော လက်ခံကျင့်သုံးနေသော တဏှာမာန၊ ဒိဌိ နှင့် အ၀ိဇ္ဇာတို့သည်အစုန် သဘောအရ မည်မျှပင်အားကောင်းစေကာမူ နောက်ဆုံး၌ အပယ်သတ်ခံရသော အကုသိုလ်တရားမျိုးဖြစ်၏။ ထို့ကြောင့် အကုသိုလ်တရားမျိုး၏ အောင်ပွဲသည် ယာယီအောင်ပွဲမျိုးသာဖြစ်၏။



မိမိတို့၏ အကျင့်သီလမပါပဲ အဓမ္မနည်းဖြင့် ကြီးပွားပြီး ရာထူး၊ ဂုဏ်သိမ် စည်းစိမ်းယစ်မှုး နေကြသော နအဖစစ်ခေါင်းဆောင်များ၏ အပြစ်သည် သူတော်ကောင်း၏ အမြင်တွင် သနားစဖွယ် ရယ်ဖွယ်ဖြစ်နေသည်။

မန်လည်ဆရာတော်ကြီး ရဲ့ မယဒေ၀လင်္ကာသစ်၊ ပုတ္တောဝါဒီခန်း တွင် လောကကြီးမှာ ရယ်စရာကောင်းတဲ့အရူးနဲ့တူတဲ့လူ သုံးဦး ရှိတယ်ဆိုပြီး အလင်္ကာ စပ်ထားပါသည်။

- မိမိကိုယ်ကို၊ အလိုရှိရာ၊ ငါပြုနိုင်စွ၊ အစိုးဟု မှတ်ကြသူဝယ် သေမင်းရယ်၏။

- အကယ်မာန်ကိုး၊ မြေနှင့်မိုးလို၊ အုပ်စိုးရသူ၊ ငါလျှင်ဟူ၍၊ မှတ်ယူမင်းဝယ်၊ မြေကြီးရယ်၏။

- သက်လှယ်နုထွား၊ ငါ့မယားက ဖွားသည့်သည်းချာ၊ ငါ့သားသာဟု မှတ်ရှာသူဝယ်၊ မယားရယ်၏။

- ရယ်ဖွယ်အထူး၊ လူသုံးဦးကို၊ အရူးတမျှ၊ နိမိတ်ပြရှင့်။

ဒီလင်္ကာလေးကို သတိမူရင်း ဘာသာ၊ သာသနာ နဲ့ တိုင်းပြည်ကို ဖိနှိပ်ကျွန်ပြုနေတဲ့ နအဖစစ်အာဏာရှင်လူယုတ်မာ အရူးကြီးတွေကို ဘုရားရှင်ရဲ့သားသံဃာတော်များနဲ့ ကျောင်းသား၊ ပြည်သူများက လက်တွဲပြီးအဓမ္မ၀ါဒီသမားတွေကို တော်လှန်နေချိန်မှာ တပ်မတော်သားများကလည်း တရားသောတိုက်ပွဲအတွက် ပါဝင်သင့်ပါတယ်။

မတရားမင်း၊ လူယုတ်မာများကြောင့် တိုင်းပြည်ပျက်ဆီးရပုံကို မဃဒေ၀ လင်္ကာသစ်ထဲတွင် -

- မင်းလျှင်မဏ္ဍိုင်၊ မင်းမခိုင်သော်၊ ယိမ်းယိုင်ပြည်ကြီး ပျက်ဆီးချောက်ချား၊

မရှားပါးမိုဃ်းလေ၊ စာရေမွတ်ငတ်၊ ဥပါဒ်လူပေါင်း၊ ထောင်းထောင်းကြေညက်၊

နတ်များဖျက်၍၊ လက်နက်ညွှန်သဲ၊ ကျောက်ခဲမီးမိုဃ်း၊ ချရွာကြိုးလျက်၊

ကျိုးပဲ့တုန်အောင်၊ တိုင်းလုံးလောင်ရှင့်။……………။

ဟု ရေးဖွဲ့ထားသည်မှာ သတိထားအပ်သည်။


မြန်မာနိုင်ငံသည် လူယုတ်မာအာဏာရှင်လူတစ်စု၏ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း မသိဘဲ အာဏာကိုသာကိုးကွယ်နေကြ၍ နာဂစ်ကဲ့သို့သော သဘာဝဘေးအန္တရာယ်ကြီး အပါအ၀င် ဆင်းရဲဒုက္ခ၊ အခက်အခဲပေါင်းစုံကို အပြစ်မဲ့တိုင်းသူပြည်သားအားလုံး ခါးဆီးခံနေကြရသည်။

ထို့ကြောင့် သူတော်ကောင်းတို့၏ လမ်းစဉ်ကိုကျင့်ကြံသောခေါင်းဆောင်ကောင်းများ မြန်မာပြည်တွင် အလွန်လိုအပ်ပါသည်။ ထိုသို့ ကောင်းမြတ်သော သုစရိုက်တရားသော ခေါင်းဆောင်များ ဦးဆောင်ပါက မြန်မာနိုင်ငံကြီးသည် ဓမ္မပါဒပါဌိတော်၊ အရဟန္တ၀ဂ် ဂါထာ ၉၈ လာအတိုင်း ယနေ့ကမ္ဘာ့နိုင်ငံကြီးများနှင့်စာလျှင်

- ရွာအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ တောအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊

- ချိုင့်ဝှမ်းအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ ကြည်ကုန်းအဆင့်မျှ ဖြစ်ချင်ဖြစ်မည်။

သို့ရာတွင် ဒုစရိုက်များ ( သူယုတ်များ ) မှ ကင်းဝေသူတို့နေထိုင်ရာဖြစ်၏။ ထို့ကြောင့် ဤမြေပြင်တွင်မွေ့လျော်ဖွယ် အကောင်းဆုံး ဒေသဖြစ်ပါ၏။

ထို့ကြောင့် ဘာသာ၊ သာသနာနှင့်လူမျိုးအကျိုးကို ဟန့်တားဖျက်ဆီးနေသော အဓမ္မ၀ါဒီ စစ်အာဏာရှင် လူယုတ်မာတစ်သိုက်ကို သူတော်ကောင်းတို့လမ်းစဉ်အရ ရဲရဲဝင့်ဝင့် ညီညာတိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။




ဘလော့ခ်ဂါ ဝီရသူ

၁၄. စက်တင်ဘာ. ၂၀၀၉

1 comment: