Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Friday, May 21, 2010

မြန်မာနိုင်ငံ၏ ရေရှားပါးမှု ပြဿနာအား ပညာရှင်တစ်ဦး၏အမြင်

ရေအကြောင်းကျွမ်းကျင်သူတစ်ဦး နှင့် ဘလော့ခ်ဂါတစ်ဦး ဆက်သွယ်မေးမြန်းချက်

မေး။ ယနေ့အခါမှာ မြန်မာနိုင်ငံနေရာဒေသအတော်များများမှာ ရေတွင်းရေကန်တွေ ခန်းခြောက်နေတာ ဘာ ကြောင့်ပါလဲ။

ဖြေ။ အပူချိန်မြင့်တတ်နေတာရယ်၊ မုတ်သုန်မိုးအ၀င်နောက်ကျနေတာရယ်ကြောင့် မြေအောက်ရေလျှော့ပါးတာ ကြောင့် ဖြစ်ပါတယ်။ လေထုထဲမှာ အပူချိန်မြင့်တတ်တာကြောင့် မြေထုထဲမှာလည်း ရေခန်းခြောက်တာပါ။

မေး။ ရေရနိုင်တဲ့ အရင်းအမြစ်ဘယ်လောက်ရှိပါသလဲ။

ဖြေ။ အကြမ်းဖျင်းအားဖြင့် (၃) မျိုးရှိပါတယ်။ မိုးရေ (Rain Water)၊ မြေအောက်ရေ (Underground Water) နဲ့ မြစ်ရေ (River Water) တို့ဘဲဖြစ်ပါတယ်။

မေး။ ပင်လယ်ရေက သောက်သုံးရန်မဖြစ်နိုင်ဘူးလား။

ဖြေ။ ပင်လယ်ရေဟာ သောက်သုံးရန်မဖြစ်နိုင်ဘူးလို့ ဖြေလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ရေမှာ ပါ ၀င်တဲ့ ဆားဓါတ် နဲ့ အခြားဓါတ်ပစ္စည်းတွေဟာ လူတွေကို အန္တရာယ်ရှိစေလို့ပါဘဲ။ ဒါပေမယ့် အခြားခေတ်မီတဲ့ နိုင်ငံတွေမှာတော့ အဆင့်မြင့် နည်းပညာတွေသုံးပြီး ပင်လယ်ရေကို အသုံးပြုနိုင်လောက်တဲ့ အဆင့်ဖြစ်အောင် လုပ်နေတာတော့ ရှိပါတယ်။

မေး။ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး ရေအလုံအလောက်သုံးနိုင်အောင် ဘယ်လိုသိုလှောင်အသုံးပြုနေပါသလဲ။

ဖြေ။ မြန်မာနိုင်ငံမှာဆိုရင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာတော့ မြေတူးကန်၊ ရေကန်၊ ရေလှောင်ကန်တွေနဲ့ သို လှောင်ကြတယ်။ အလယ်ပိုင်း ပူပြင်းခြောက်သွေ့တဲ့ဒေသ (Dry Zone) တွေမှာတော့ အ၀ီစိတွင်းတွေလုပ်ပြီး သုံးစွဲကြတာရှိတယ်။ အင်းလေးဒေသလိုကြတော့ ကန်ရေကိုဘဲ အားကိုးသုံးခဲ့ကြပါတယ်။

မေး။ အခုလူတွေရေအခက်အခဲဖြစ်နေကြတယ်။ အထူးသဖြင့် သောက်သုံးရေအခက်အခဲဖြစ်နေတာ ဘာဖြစ် လို့ပါလဲ။

ဖြေ။ အခုလို သောက်သုံးရေအခက်အခဲဖြစ်တာဟာ ရာသီဥတုဖောက်ပြန်မှုကြောင့်ရယ်၊ ယခုလို ရာသီဥတု ဖောက်ပြန်တဲ့အခါ ဘယ်လိုဖြည့်ဆီးဆောင်ရွက်မလဲဆိုတဲ့ စီမံကိန်းတွေမရှိလို့ဘဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ဆိုပြီး ရာသီ (၃) မျိုး ရှိပါတယ်။ အခု မတ်လဟာ နွေအကုန်၊ မိုးအကူးအချိန်အ ခါဖြစ်ပါတယ်။ ဒါကြောင့် နောက်လာမယ့် လတွေမှာဖြစ်ပေါ်မယ့် လေထုအပူချိန် နဲ့ မိုးရေချိန်အနေအထားကို စောင့်ကြည့်ရပါမယ်။ ဒီလိုမျိုးနောက်လတွေမှာ ဆက်ဖြစ်နေရင်တော့ ဒေသခံပြည်သူတွေအတွက် အန္တရာယ်ရှိ ပါတယ်။

ယခင်က အားကိုးနေရတဲ့ရေလှောင်ကန်တွေ၊ ရေကန်တွေ၊ တွင်းတွေဟာ အပူချိန်မြင့်မားမှုကြောင့်ရယ်၊ မြေ အောက်ရေခန်းခြောက်သွားတာကြောင့် အခုလို ခံစားနေရတာပါ။ ဒါကြောင့် ယခင်က ဒီလိုလတွေအထိ သုံးနိုင် တဲ့ ရေကန်တွေထဲက ရေတွေဟာ နောက် မုတ်သုန်မိုးမရွာခင် ကုန်ခမ်းသွားလို့လည်း ဖြစ်ပါတယ်။

မေး။ အခုလို ရေပြဿနာကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲ။

ဖြေ။ ရေပြဿနာကို ဖြေရှင်းရမှာ ရေတိုရေရှည် နှစ်မျိုးရှိပါတယ်။

ရေတိုနည်းကတော့ ရေချိုရနိုင်တဲ့နေရာတွေကနေ သယ်ယူပြီး ပေးပို့ခြင်း၊ ရေရနိုင်လောက်တဲ့အထိ အ၀ီစိတွင်း တွေ တူးခြင်း ဖြစ်ပါတယ်။ မြစ်တွေ၊ ချောင်းတွေ နဲ့ နီးတဲ့ဒေသတွေမှာတော့ လူအများသုံးနိုင်တဲ့ အဆင့်အထိ ရေကို ပြုပြင်ခြင်း ( Water Treatment ) တွေပြုလုပ်ပြီး ဖြေရှင်းပေးနိုင်ပါတယ်။ ရေတိုဖြေရှင်းဖို့ အဓိကက တော့ ပို့ဆောင်ရေး ( Transportation ) ဘဲ ဖြစ်ပါတယ်။ ရေအခက်အခဲကြုံနေရတဲ့ဒေသတွေအထိ သယ်ယူ ပို့ဆောင်နိုင်အောင် လုပ်ရမယ်။ ပိုက်လိုင်းတွေနဲ့ ဆက်သွယ်ပေးနိုင်ရမယ်။

ရေရှည်အတွက်တော့ နိုင်ငံတော်အစိုးရရဲ့ အခန်းကဏ္ဍက အလွန်အရေးပါပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေ ကြုံတွေ့လာနိုင်မယ့် ရေအခက်အခဲကို ဖြေရှင်းဖို့ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းပြီး စနစ်တကျ စီမံကိန်းချလုပ် ဆောင်ပေးရမယ်။ မိမိနိုင်ငံရှိ ရေအရင်းအမြစ်သဘောတရားတွေနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကိုလည်း ထည့် သွင်းတွက်ချက်ပြီး ကြုံလာနိုင်တဲ့ ရေအခက်အခဲအတွက် စီမံကိန်းချပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်။ ရေ လှောင်ကန်ကြီး (Reservoirs) တွေကို ဆောက်ရမယ်။

မေး။ မြန်မာနိုင်ငံမှာ ရေအခက်အခဲဟာ ယခင်အချိန်တွေက မရှိဘဲ၊ အခုမှ ဘာလို့ ကြုံရပါသလဲ။

ဖြေ။ လက်တလော ရေပြဿနာကြုံနေရတဲ့အကြောင်းကို ကျမ ရှင်းပြပြီးပါပြီ။ ဘာဖြစ်လို့အခုမှ လူသိရှင်ကြား ပေါ်လာရသလဲဆိုတော့ သောက်သုံးရေရှားပါးမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝရဲ့လက်ဆောင်လို့ ပြောနိုင်တဲ့ မြစ်တွေ၊ ချောင်းတွေ၊ ရေကန်ကြီးတွေအများကြီးရှိပါ တယ်။ ပြီးတော့ ပိုပြီးကောင်းတာက မြန်မာနိုင်ငံရှိ မြစ်ရေ၊ ချောင်းရေတွေဟာ ပြုပြင်ပြီးရင် သောက်သုံးရေအ ဖြစ် အသုံးပြုနိုင်တဲ့အဆင့် PH 6.5 ကနေ PH 6.9 အထိ ရှိပါတယ်။ အဲ့ဒီအဆင့်ဟာ ဧရာဝတီမြစ်ရေရဲ့ အဆင့် ဖြစ်ပါတယ်။ ဒီအခြေအနေဟာ မဆိုးဘူးလို့ ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သောက်သုံးရန်အသင့်တော် ဆုံး နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေဟာ PH 6.8 ကနေ PH 7.2 ကြားဖြစ်လို့ပါဘဲ။

မေး။ တစ်ချို့ကလည်း စင်္ကာပူနိုင်ငံကိုလေ့လာ နမူနာယူဖို့ ထောက်ပြတာရှိပါတယ်။ အဲ့ဒါနဲ့ပတ်သတ်ပြီး ဆရာမ ရဲ့ အမြင်ကို သိပါရစေ။

ဖြေ။ စင်္ကာပူဟာ ရေအရင်းအမြစ်နဲ့ပတ်သတ်ပြီး အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် စင်္ကာပူနိုင်ငံ နဲ့ မြန်မာနိုင်ငံရာသီဥတုမတူပုံနဲ့ ပထ၀ီအနေအထားကွဲပြားတာကိုတော့ အလေးထားသင့်တယ်။ စင်္ကာပူမှာက တစ်နှစ်ပတ်လုံး မိုးရွာတယ်။ မြန်မာနိုင်ငံမှာက ၄ လ လောက်ဘဲ မိုးရွာနိုင်တယ်။ ဒါကြောင့် စင်္ကာပူနဲ့ မြန်မာနိုင် ငံဟာ မိုးရေချိန်ရရှိပုံခြင်း မတူနိုင်ပါဘူး။ ပြီးတော့ စင်္ကာပူဟာ အလွန်သေးငယ်တဲ့ ကျွန်းနိုင်ငံလေး တစ်ခုဖြစ်ပါ တယ်။ ဒါတောင် စင်္ကာပူအစိုးရဟာ သူ့နိုင်ငံသားတွေအတွက် ရေအခက်အခဲမဖြစ်ရအောင် သေသေချာချာ စီမံ ကိန်းကျ ကြိုတင်ဆောင်ရွက်ထားတယ်။ စင်္ကာပူနိုင်ငံရဲ့ မြေ ၅၀ ရာခိုင်နှုန်းခန့်ဟာ ရေလှောင်ကန် (Reservoirs) တွေအတွက် နေရာပေးထားပါတယ်။ ရေအတွက် ဘယ်လောက်အလေးထားဆောင်ရွက်တယ် ဆိုတာ ပြတာပါဘဲ။

စင်္ကာပူနိုင်ငံမှာ မြစ်ချောင်းမရှိဘူးဆိုတာကို သတိထားမိရမယ်။ ပင်လယ်ရေကနေ သောက်သုံးနိုင်တဲ့ရေအဆင့် ထိ ဖြစ်အောင်လုပ်ဖို့ အလွန်ခက်ခဲပါတယ်။ နည်းပညာကျွမ်းကျင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အများကြီးလိုပါတယ်။ ရေ ထဲမှာပါတဲ့ Hardness လို့ခေါ်တဲ့ ကယ်လဆီယမ် နဲ့ မဂ္ဂနီဆီယမ်ကာဗွန်နိတ် စတာတွေကိုဖယ်ရမယ်။ Total Dissolved Solid ( TDS) လို့ခေါ်တဲ့ ရေထဲမှာပါဝင်နေတဲ့ မလိုလားအပ်တဲ့ အစိုင်အခဲတွေကိုလည်း ပယ်ရမယ်။ ဒါ့အပြင် ရေစစ်တဲ့နည်း (Filter) တွေ၊ ဓာတုဗေဒနည်း (Chemical) နည်း စတာတွေနဲ့ အဆင့်ဆင့်လုပ်ဆောင်ရ မယ်။

မေး။ စင်္ကာပူနိုင်ငံရဲ့ ရေအတွက် စီမံကိန်းတွေထဲက စိတ်ဝင်စားစရာလေးတွေကိုရှင်းပြပါလား။

ဖြေ။ စင်္ကာပူနိုင်ငံဟာ ရေလှောင်ကန် (Reservoirs) ကြီးတွေကို ဒေါ်လာသန်းပေါင်းများစွာ၊ ပညာရှင်တွေပေါင်း များစွာ၊ အဆင့်မြင့်နည်းပညာတွေကိုသုံးပြီး လုပ်နေတာပါ။ ဒါကြောင့်လည်း သူ့နိုင်ငံသားတွေဟာ သူတို့ရဲ့ အဓိ က စိန်ခေါ်မှုကြီးဖြစ်တဲ့ ရေကိစ္စကို အောင်မြင်နိုင်တာပါ။

စင်္ကာပူဟာ ပင်လယ်ဝိုင်းရံနေတဲ့နိုင်ငံဖြစ်ပေမယ့် ၁၂ ရာသီလုံး မိုးရွာတာကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးလို့ပြောနိုင်တဲ့ မိုးရေကို အလေအလွင့်မဖြစ်အောင် နည်းပေါင်းစုံနဲ့ စုဆောင်း သို လှောင်အသုံးချနိုင်ကြတယ်။ နောက်ဆုံး သောက်သုံးဖို့မဖြစ်နိုင်တဲ့ ပင်လယ်ရေကိုတောင်မှ သောက်သုံးနိုင်တဲ့ အဆင့်ဖြစ်အောင် လုပ်နိုင်ကြပါတယ်။

စင်္ကာပူနိုင်ငံဟာ Water Treatment, Water Management နဲ့ Water Quality Monitoring လို့ခေါ်တဲ့ ရေအ ရင်းအမြစ်နဲ့ပတ်သတ်တဲ့ အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ အတော်ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ဆို နိုင်ပါတယ်။

စင်္ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံဆီက ရေကြမ်း (Raw Water) တွေကို ၀ယ်တယ်။ ဒါပေမယ့် သန့်စင်ပြီး သောက်သုံးရန်အသင့်တော်ဆုံး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆင့်ရှိတဲ့ သောက်ရေသန့်များကို မလေးရှားနိုင်ငံ ကို တင်ပို့ရောင်းချနေပါပြီ။ တကယ့်ကို အားကျအတုယူစရာကောင်းပါတယ်။

မေး။ မြန်မာနိုင်ငံမှာ မြစ်ရေ၊ ချောင်းရေတွေ ပေါပါလျှက် ဘာကြောင့် သောက်သုံးရေရှားပါးနေတာပါလဲ။

ဖြေ။ မြန်မာနိုင်ငံမှာ အရေးအပါဆုံး မြစ်တွေဖြစ်တဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စတာတွေဟာ မြန်မာနိုင်ငံအနှံ့ ခွဲဖြာစီးဆင်းနေတဲ့အတွက် အသက်သွေးကြောလို့ တင်စားနိုင်ပါတယ်။ ဒါ့အပြင် အဓိကမြစ်ကြီးဖြစ်တဲ့ ဧရာဝတီမြစ်ရေရဲ့ PH အဆင့်ဟာ ၆.၅ ကနေ ၆.၉ အထိရှိနေပါတယ်။

မြစ်ရေ၊ ချောင်းရေကနေ သောက်သုံးရေအဆင့်ပြုလုပ်ဖို့တော့ လိုပါတယ်။ အဲ့ဒီလိုလုပ်ရာမှာ အနည်အနှစ်တွေ နဲ့ ရေသန့်ကို ခွဲခြားတဲ့နည်း (Separation Method) နဲ့ အိုဇုန်းဖြတ်တဲ့နည်း (Ozonization Method) လို့ခေါ်တဲ့ နည်း စတာတွေကို အသုံးချရပါမယ်။

မြန်မာနိုင်ငံမှာ အခုလိုသောက်သုံးရေပြတ်လပ်မှုမကြုံတာရယ်၊ ရရှိထားတဲ့သဘာဝလက်ဆောင် မြစ်ရေ၊ ချောင်း ရေကို စနစ်တကျ ထိန်းသိမ်းသိုလှောင်ခြင်း၊ အသုံးချခြင်းမရှိတာရယ်ကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပညာ ရှင်နဲ့ နည်းပညာ မလုံလောက်မှုကြောင့်လည်း ဖြစ်ပါတယ်။

ဒီစက်ကြီးကိုမောင်းနှင်ပြီး လူတွေကို ကူညီမလား၊ တစစီဖြုတ်ပြီး ဖျောက်ဖျက်ပစ်မလား စောင့်ကြည့်ကြဦးစို့

မေး။ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်၊ ကမ်းနားလမ်းဘေးတစ်နေရာတွင် အသုံးမပြုဘဲ စွန့်ပစ် ထားသော ရေသန့်စက်ကြီးဆိုပြီး ဘလော့ခ်တွေမှာ ဓါတ်ပုံနှင့်တကွ ဖော်ပြနေတာကို တွေ့နေရပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး ဆရာမရဲ့ မှတ်ချက်ကို သိပါရစေ။

ဖြေ။ စွန့်ပစ်ထားသော ရေသန့်စက်ကြီးဆိုတဲ့ ဓါတ်ပုံကိုတွေ့တော့ ကျမတော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ပြည်သူ / သားတွေ၊ အခုလို သောက်သုံးရေပြတ်လပ်လို့ အတိဒုက္ခရောက်နေချိန်မှာ ယခုဆို သိန်းပေါင်းများစွာ တန်ဖိုးရှိပြီး အသုံးတည့်မယ့်ရေသန့်စက်ကြီး စွန့်ပစ်ခံနေရတာတွေ့ရတော့ အာဏာပိုင်တွေနဲ့ စည်ပင်အပါအ၀င် တာဝန်ရှိသူတွေရဲ့ အတွေးအခေါ်နဲ့တာဝန်မဲ့မှုကိုလည်း အထင်သေး၊ အံ့သြမိပါတယ်။ တစ်ချို့ရေသန့်စက်ကြီး တွေဆိုရင် ပင်လယ်ရေကိုတောင် သောက်သုံးရေအဆင့်ဖြစ်အောင် လုပ်နိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

တန်ဖိုးကြီးပြီး ပြည်သူအတွက် တကယ်အသုံးဝင်မယ့် စက်ကြီး ယခုလိုလမ်းဘေးစွန့်ပစ်ထားတာဟာ အလှူရှင် တွေကိုလည်း စော်ကားရာ ရောက်တဲ့အပြင် အာဏာပိုင်တွေရဲ့ ပေါ်လစီနဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကိုလည်း ဖော် ပြရာရောက်နေပါတယ်။

မေး။ ဆရာမအနေနဲ့ မြန်မာပြည်သူတွေကို ရေကိုဘယ်လို့ သိုလှောင်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

ဖြေ။ မြစ်ဝကျွန်းပေါ်ဒေသမှာတော့ ဟိုးယခင်ကတည်းက ရေတွင်း၊ ရေကန်တွေနဲ့ ရေသိုလှောင်ကြတာ ရှိပါ တယ်။ ဒါပေမယ့် ယခုလို ရာသီဥတုဖောက်ပြန်တဲ့အခါ ရေအခက်အခဲကြုံလာမယ်ဆိုတာကို သတိထားရပါ မယ်။ အချို့က ဧရာဝတီတိုင်းက လူတွေရေအခက်အခဲကြုံတယ် ကြားသိကြတော့ ဖြစ်နိုင်ပါ့မလားလို့ သံသယ ၀င်ကြပါလိမ့်မယ်။ တကယ်တော့ အခုရေအခက်အခဲ တကယ်ကြုံနေရတဲ့ ဧရာဝတီတိုင်းထဲက နေရာတွေ ဖြစ် တဲ့ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်တွေဟာ ပင်လယ်နဲ့နီးတဲ့ဒေသတွေဆိုတာကို သတိထားရပါ မယ်။

ဒါကြောင့် ကျမအနေနဲ့ အကြံပြုချင်တာကတော့ မိုးရွာစဉ်မှာ မိုးရေကို ထိထိရောက်ရောက် သိုလှောင်ထိန်းသိမ်း ထားရပါမယ်။ အိမ်တိုင်းမှာ သောက်သုံးရေအတွက် မပူပန်ရအောင် မိုးရေကို သိုလှောင်ထားနိုင်မယ့် စဥ့်အိုးကြီး အုတ်ကန်များ၊ တိုင်ကီများ ထားသင့်ပါတယ်။

အစိုးရဆောက်နေတဲ့ ရေကာတာနဲ့ဆည်များရှိ ရေတွေဟာ စိုက်ပျိုးရေးအတွက် အဓိကသိုလှောင်ထားတယ်ဆို တာ သဘောပေါက်ရမယ်။ အဲ့ဒီရေတွေကို သောက်သုံးနိုင်တဲ့အဆင့်ရှိတဲ့ ရေဖြစ်ဖို့ နည်းပညာနဲ့စက်ပစ္စည်းတွေ လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ ကိုယ့်အားကိုယ်ကိုး၊ တစ်နိုင်တစ်ပိုင် စနစ်ကိုဘဲ လုပ် ဆောင်ကြပါလို့ ပြောချင်ပါတယ်။

မေး။ မြန်မာအာဏာပိုင်တွေကို ရေကိစ္စနဲ့ပတ်သတ်ပြီး ဘာများအကြံပြုတောင်းဆိုချင်ပါသလဲ။

ဖြေ။ အိပ်ချင်ဟန်ဆောင်သူဟာ နှိုးရခက်တယ် ဆိုတဲ့ စကားပုံအတိုင်းပါဘဲ။ သူတို့ဟာ သူတို့အတ္တနဲ့အာဏာအ တွက်ဆို နာဂစ်လို သိန်းနဲ့ချီသေတဲ့ဒေသမှာတောင် လူတွေမျက်ရည်ကြားထဲက ဆန္ဒခံယူပွဲဆိုပြီး မဲအတင်း ကောက်ရက်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့အတွက် ပြောချင်တာကတော့ ပြည်သူတွေရဲ့ တကယ့်လို အပ်ချက်ဖြစ်တဲ့ ရေကိစ္စကို ရေတို၊ ရေရှည်စီမံကိန်း စနစ်တကျရေးးဆွဲပြီး ကာကွယ်ကူညီပေးပါလို့ တောင်းဆို ချင်ပါတယ်။ ပြည်သူတွေအတွက် တကယ်လိုအပ်တဲ့နေရာတွေဟာ ရေလှောင်ကန် (Reservoirs) တွေ ဆောင် ရွက်ပေးပါ။ လမ်းဘေးရောက် ရေသန့်စက်ကြီးများကို ပြန်လည်မောင်းနှင်ပြီး ပြည်သူတွေ တကယ်လိုအပ်နေတဲ့ ရေကို ဖန်တီးပေးကြပါလို့ အကြံပြုပါရစေ။

ယခု ဘလော့ခ်ဂါ အလင်းဆက် ဆက်သွယ်မေးမြန်းထားသော ပညာရှင်မှာ မြန်မာနိုင်ငံတွင် လက်ရှိတာဝန် ထမ်းဆောင်နေသော အရာရှိတစ်ဦးဖြစ်၍ နာမည်အမှန်မဖော်ထုတ်ပြခြင်းကို နားလည်ပေးနိုင်မည်ဟု ထင်ပါ သည်။ ကျနော်တို့ ဘလော့ခ်ဂါများအနေနှင့် မိမိတိုင်းပြည်အကျိုးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီရန် ရည် ရွယ်၍ တက်အားသ၍ မေးမြန်းတင်ပြထားခြင်းသာဖြစ်ပါသည်။ ကျနော်တို့ထက် နားလည်၊ တက်ကျွမ်းသော ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများ၊ အလှူရှင်များ ဆက်လက်ဆွေးနွေး ဆောင်ရွက်ကြပါရန် ပြည်သူ့အကျိုးကို မျှော်၍ တိုက်တွန်းလိုက်ရပါသည်။

ဆက်သွယ်မေးမြန်းသူ။ ဘလော့ခ်ဂါ အလင်းဆက်

စီစဉ်သူ။ ဘလော့ခ်ဂါ ဒီမိုဝေယံ နှင့် ဘလော့ခ်ဂါ ခမိခဆဲ

အလင်းဆက်
၂၁ မေလ ၂၀၁၀

ဆက်လက်ဖက်ရှုရန်...