Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

Friday, June 25, 2010

ရင်ထဲကခရေ (စိတ်ကူး ပုံရိပ်)

ဒီခရေပင်ကြီးလည်း…….


ခရေနှင့် ကျွန်တော် အကျွမ်းတဝင် ရှိလှသည်။ ခရေပန်း၊ ခရေပင်။ ခရေလမ်း၊ ခရေရိပ်၊ ခရေပန်းခြောက်၊ ခရေပန်းကုံး စုံလို့ပါဘဲ။ ခရေ ခရေ မြေမှာခြွေ၊ ခရေ ခရေ ပင်ယံထက်မှာဝေ၊ ခရေ ခရေ ခြောက်နေသော်လည်း မွှေးနေ ဆဲမို့ ခရေလေးကိုဘဲ ချစ်တယ်…. ဆိုတဲ့ စကားလုံးလေးကို ဟိုးယခင်အချိန်တွေက အခေါက်ခေါက် အခါအခါ ရေရွတ် ဖူးခဲ့တယ်။

ကျွန်တော်အိမ်ရှေ့မှာလည်း လုံးပတ် ၁၆ လက်မလောက်ရှိတဲ့ စိမ်းစိုမြတဲ့ ခရေပင်ကြီး တစ်ပင်ရှိတယ်။ ဒီ

ခရေပင်ကြီး သက်တမ်းက နှစ်လေးဆယ်လောက်ရှိပြီ။ မဆလ အာဏာရှင်ခေတ် ကနေ နအဖ အာဏာရှင်ခေတ် အထိ ရှင်သန်နေဆဲဘဲ။ ကျွန်တော့် အဖွားစိုက်ထားတာလေ။ သူက အခုဆို အသက် ၈၅ နှစ်ကျော် အပျိုကြီး။ ဒီ ခရေပင်ကြီး အကြောင်း သူအသိဆုံးပေါ့။ သူက ဒေါ်အောင်ဆန်းစုကြည် ကိုချစ်တယ်။ အားပေးတယ်။ ဒီ ခရေပင်ကြီး ကိုသူစိုက်ခဲ့သလို၊ ကျွန်တော်တို့ အိမ်မှာ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို သူဘဲ သွတ်သွင်းခဲ့တာ။ ဘာဘဲဖြစ်ဖြစ် ခရေပင်ကြီး ကို သူစိုက်ခဲ့လို့ သူ့ကို ကျေးဇူးတင်တယ်။ ဟုတ်တယ်။ ဒီ ခရေပင်ကြီ်း အရိပ်မှာ ဆွမ်းခံဘုန်းကြီးတွေ အရိပ်ခိုကြတယ်။ ခရီးသွားတွေ အပန်းဖြေကြတယ်။ အဖွားက ဒီခရေပင်ကြီး ကို ရေမြောင်း ဘေးကပ်စိုက်ထားတယ်။ ဒါကြောင့် အမြစ်တဝက်က ရေမှာပေါ်လို့။ လေတိုက်ရင် ပြိုလဲတောမဲ့ အတိုင်း။ အဖွားက ခရေပင်ကြီးအောက်မှာ အုတ်ခုံလေး နှစ်လုံးကို ဆောက်ထားသေးတယ်။

ဒီအုတ်ခုံပေါ်မှာ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကုန်ဈေးနှုန်း အကြောင်းစုံ ငြင်းခုံ ပြောဆို ခဲ့ကြတယ်။ အဲဒီ ခုံပေါ်မှာ ဘုန်းကြီးတွေလည်းထိုင်ခဲ့တယ်။ သီလရှင်တွေ လည်းထိုင်ခဲ့တယ်။ အစိုးရ သတင်းပေးလို့ အထင်ခံရတဲ့ ဘယာကြော် ကုလားလည်းထိုင်တယ်။ ဆံပင် စုတ်ဖွားဖွား အိုးတိုက်ဖွဲပြာသည် ကလေးမလေးလည်း ထိုင်ခဲ့တယ်။ အဲဒီမှာ လင်မယားတွေ စကား လာများကြတယ်။ အုတ်ခုံပေါ် ချိုင့်ခွက် ကလေးတစ်ခု ဖြစ်နေတာကို သဘောကျပြီး သြဇာစေ့ လာတောက်တဲ့ ကလေးလေး တွေလည်း ရှိတယ်။ ယတြာ ချေဖို့ ခရေညွန့် ခူးခွင့် လာလာတောင်း တာလည်းရှိတယ်။ အများအားဖြင့် ခရေညွန့် ၁၅ ညွန့် ခူးကြတာများတယ်။ တနင်္လာဂြိုလ် သက်က ၁၅ နှစ်ဖြစ်လို့လေ။

ဒီခရေပင်ကြီး အထက်မှာ ပျားတွေ၊ ပတူကောင်တွေ အုံဖွဲ့ခဲ့ကြတယ်။ ငှက်ကလေးတွေ အသိုက်ဖွဲ့ခဲ့ကြတယ်။ ဒီခရေပင်ကြီးဟာ ရွက်ဟောင်းကြွေလည်းလှတယ်။ ရွက်သစ်ဝေလည်း လှတယ်။ ဆောင်းမှာလညှ်း တင့်တယ်။ နွေမှာလည်း ဝင့်တယ်။ မိုးမှာလည်း သင်းတယ်။




ကျွန်တော်လည်း ခရေပင်ကြီးအောက်က အဲဒီခုံလေးပေါ်မှာ ငေးခဲ့တယ်၊ ငိုင်ခဲ့တယ်၊ ရေးခဲ့တယ်၊ တွေးခဲ့တယ်။ စိတ်ကလေးကို စွန်လွှတ်ခဲ့တယ်။ အတွေးတွေ ရွတ်လွှင့်ခဲ့တယ်။ ညနေစောင်းရင် ကြွေကျတဲ့ ခရေပန်း အပွင့်ကားကားလေးတွေကို ရွရွလေးကောက်တယ်။ ခရေပန်းကို စံပယ်ပန်းလို အပ်ချည်ကြိုးနဲ့ မသီဘဲ နှီးပြားလေးကို နန်းကြိုးမျှင်ကလေးတွေ အဖြစ်ဆွဲပြီး ဖွဖွကလေး သီရတာကိုက အရသာတစ်မျိုး။ ကျွန်တော်ဆို ဒီလို သီကုံးပြီး ချစ်သူကို ပေးရတာ သိပ်ကြည်နူးစရာ။ သူကလည်း ပျော်လို့လေ။ မနက်စောစော ရွှေတိဂုံ ဘုရား သွားဖူးဖြစ်တဲ့ နေ့တွေမှာဆို သိပ်ကြည်နူးစရာကောင်း။ ခရေပန်းကုံးကြိုး အတွက် ကျွန်တော့် ရှေ့သွားတွေနဲ့ နှီးပြားလေးကို ကိုက်ပြီး သေသေချာချာ သီကုံးရတယ်။ ခရေပန်း ရဲ့ ရွှေအိုရောင် အနားကွက်ကလေး တွေက သီကုံးပြီးတဲ့အခါ လှပပေ့၊ ယဉ်ပါပေ့။ မှတ်မိပါသေးတယ် ကျွန်တော့်ချစ်သူ ဘွဲ့ယူတဲ့နေ့က ကောင်မကလေးရဲ့ အမေ နဲ့ အဖွားကို ကျွန်တော့်အိမ်က ခရေပန်းက တခြားအပင်က အပွင့်တွေထက် ကြီးကြောင်း၊ ကားကြောင်း၊ မွှေးကြောင်း ကြွားမိလို့ ပြောပြောပြီး ရယ်ခဲ့ရသေးတယ်။ ခရေပင်ကြီးရယ် မင်းကြာင့် ငါတို့တွေ ပျော်ခဲ့ရတယ်နော်၊ မင်းအကြောင်း ငါတို့ ပြောခဲ့ကြတယ်နော်။

ဒီ ခရေပင်ကြီးအောက်မှာ အကိုအရင်း တစ်ယောက်လို ခင်ရတဲ့ ကဗျာဆရာ တစ်ယောက်နဲ့ ကဗျာတွေ ရွတ်ခဲ့တယ်။ တခုသော ညနေစောင်း အချိန်မှာ အဲဒီ ကဗျာဆရာ သူ့ရွာအလည်သွားရင်း ရေနှစ်သေပြီတဲ့ သတင်းဆိုးကို ဒီခရေပင်ကြီး အောက်မှာ ကျွန်တော်ကြားခဲ့ရတယ်။ မသေခင် နှစ်ရက်က သူနဲ့ ကျွန်တော် ဒီခရေပင်ကြီး အောက်မှာ ကဗျာတွေ ရွတ်ခဲ့ကြတာပေါ့။

ခရေ ပန်းကိုကြိုက်တဲ့ ချစ်သူရယ် ခရေပန်း ဘယ်လို ကောက်ယူ သီကုံးပြီးပေးရပါ့………

အိုမိုဒ မိုချိ (မိုး)

(၂၄. ဇွန်လ.၂၀၁၀)




ဆက်လက်ဖက်ရှုရန်...