Tuesday, November 2, 2010

နိုင်ငံရေး နှင့် တဘောင်


မြန်မာပြည်ကနာမည်ကျော် ဝေဒပညာရှင် တစ်ဦး ပေးပို့လာတဲ့ တဘောင်လေးတစ်ခုကို ဖော်ပြလိုက်ပါတယ်...။

ကိုဒီမိုရေ ကျွန်တော် မြန်မာပြည် အနယ်နယ်အရပ်ရပ်နဲ့ မဇ္ဈိမဒေသတွေမှာ ဘုရားတည်.. ကျောင်းဆောက်နေတဲ့ မြန်မာအမျိုးသမီးကြီး တစ်ဦးပေးပို့လာတဲ့ တဘောင် စာသားလေးကို ပေးပို့လာပါတယ်..။ အားလုံးမြင်ဘူး ကြားဘူးကြမှာ မဟုတ်ပေမယ့် ဒီတဘောင်ကို ဆက်ပြီးဖြန့်ပေးပါလို့ သူကကျွန်တော့်ကို တိုက်တွန်းသွားပါတယ်.... ။ ကျွန်တော်တို့ နိုင်ငံမှာ လာမယ့်ရက်ပိုင်း လပိုင်းအတွင်းမှာ အကြီးအကျယ် အပြောင်းအလဲတွေနဲ့ ကြုံတော့မယ်လို့ အဲ့ဒီအမျိုးသမီးကြီးက ပြောပြတယ်လေ.. အုပ်ချုပ်မင်းလုပ်သူ တစ်ယောက်ရဲ့ နောက်ဆုံး အချိန်လို့ ပြောလို့ ရတဲ့ အချိန်ကို ရောက်နေပြီတဲ့။ နောက်အခုလက်ရှိ အုပ်ချုပ်မင်းလုပ်သူက တဘောင်တွေ ဘာတွေ ထွက်လာရင် ကြောက်လည်းကြောက် ယုံလည်းယုံတယ်တဲ့.. ကိုဒီမိုရဲ့ သတင်းဘလော့(ဂ်)နဲ့ မဆိုင်ပေမယ့် ဒီတဘောင်ကို အများသိစေဘို့ ဖော်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်..။ တဘောင်ကတော့..

ရွှေလရယ်သာ...
မောင်ဘယ်က လာသတုန်း
....
ထိုင်စရာဖျာမရှိ၊

ရော့ဟဲ့ ငါ့...တုံး
....

ထိုင်သာထိုင်
ပိုင်တယ်လို့ ထင်သလား

ဒီနှစ်ခါ တန်ဆောင်မုန်း
ပေးဟဲ့ ငါ့....တုံး..

အထက်ပါ တဘောင်ကို ပေးတဲ့ ဆရာက အကြမ်းဖျဉ်း ပြောပြသွားတာတော့ .. ယခုလက်ရှိ မင်းလုပ်အုပ်ချုပ်သူဟာ အခုလို ၁၉၉၂ ခုနှစ် မှာအာဏာကို ရရှိခဲ့တာ ဖြစ်ပြီး ပေါင်းရင် ၁+၉+၉+၂=၂၁​= ၃ဂဏန်းရရှိပြီး ယခုနှစ် ၂၀၁၀ဟာလည်း ၃ဂဏန်း ရရှိတဲ့ နှစ်ပါတဲ့..။ ဒါကြောင့် သူဟာလက်ရှိအာဏာကို ဆက်ပြီး ဆွဲကိုင် လိုတာကြောင့် ဒီဂဏန်းကို အတင်းအကြပ် ရအောင်လုပ်ယူနေတာပါတဲ့..။ အခြေအနေ ကံအကြောင်းကြောင့် ကိုယ်လာတဲ့ အရပ်ကိုယ်မသိပဲ အကုသိုလ် ကံတွေ ဆက်တိုက်ကျူးလွန် နေတဲ့ အတွက် သူလက်ရှိထိုင်နေတဲ့ နေရာကိုလည်း အပိုင်လို့ထင်နေခဲ့တာပါတဲ့..။ သူ့ရဲ့ကံဟာလည်း ဒီနှစ်နောက်ဆုံးပါတဲ့..

ဒါကတော့ အကြမ်းဖျဉ်းပါ.. တခြားထက်ပြီး ပေးပို့လာတဲ့ အထဲမှာ ပါတဲ့ ကျွန်တော်တို့ လိုက်မမှီ မတွေးခေါ်နိုင်တဲ့ မမြင်ရတဲ့ အကြောင်းအရာတွေကိုတော့ မဖော်ပြတော့ပါဘူး..။ တိုက်တိုက်ဆိုင်ဆိုင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာလည်း မြန်မာပြက္ခဒိန်အရ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့ပါပဲ..။ ဘာပဲဖြစ်ဖြစ် လောကကြီးမှာ ကိုယ်မမြင် မသိတဲ့ အကြောင်းအရာတွေကို မရှိနိုင်ဘူး မဖြစ်နိုင်ဘူးလို့ မပြောဆိုနိုင်တဲ့ အတွက် ယခုလို အရေးကြီးတဲ့ အချိန်မှာ တစ်ထောင့်တစ်နေရာက ဖော်ပြပေးလိုက်ပါတယ်..။

ကျွန်တော်ကိုယ်တိုင်မသိတဲ့ အကြောင်းအရာ ဖြစ်တဲ့အတွက် အောက်မှာ တေးအေးရိပ်ရဲ့ တဘောင်ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သတ်ပြီး ရှင်းပြထားတဲ့ ၂၀၀၈ခုနှစ်က ပိုစ့်တစ်ခုကို ဖော်ပြလိုက်ပါတယ်။

တဘောင်ဟူသည် လက်ရှိပစ္စုပ္ပာန်မှ အနာဂတ်အရေးအတွက် မျှော်တွေးပြောဆိုခြင်းဖြစ်သည်။ အရူးစကား၊ သဘင်သည်စကား များကို တဘောင်ဟု မှတ်ယူကြသည်။ သီပေါမင်း ထီးနန်း ဆက်ခံရမည့်အရေးကို အရူးမ တစ်ယောက်မှ “ရွှေမိုးရွာလို့ မယ်မအေး၊ ငွေမိုးရွာလို့ မယ်မအေး၊ ပထမပြန်ရှင်လိန်ထွက်၊ နန်းတက်မှအေး“ ဟူ သီဆိုခဲ့သည်ကို ပညာရှိများက သီပေါမင်း ထီးနန်းစံရမည် ဟု တဘောင်ဖတ်ခဲ့ကြသည်။ တဘောင်စကားအား ယခုခေတ်တွင် အရူးများ၊ ဇာတ်သဘင်များ၊ လူရွှင်တော်များ ထံမှ ကောက်ယူနိုင်ပေသည်။

လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့် က ရန်ကုန်မြို့ တွင် တဘောင်တစ်ခု ပေါ်ထွက်ခဲ့သေးသည်။ “ရန်ကုန် အုတ်ပုံ၊ မန္တလေး ပြာပုံ “ ဟူသော တဘောင်စကား ပေါ်ထွက်လာခဲ့သည်။ ၄င်းအချိန်ကာလအတွင်း မြေငလျင်တုန်လှုပ်မှုများ အရှေ့ တောင် အာရှ တွင် ဖြစ်ပွားလျက်ရှိကြသည်။ ထိုတဘောင် ၏ ဆိုလိုရင်းအား အမျိုးမျိုး ကောက်ယူခဲ့ကြသည်။

အချို့ လူများက ရန်ကုန်မြို့ ကြီး မြို့ ပျက်စီးကာ အုတ်ပုံမျှပင်ကျန်ခဲ့မည်။ မန္တလေးမြို့ ကြီးကား မီးလောင်မှုကြောင့် ပြာပုံအတိ ဖြစ်မည်ဟု တဘောင် ဖတ်ကြသည်။ သို့ သော်လည်း အခြားဘက်မှ စဉ်းစားမည်ဆိုပါက ရန်ကုန်မြို့ တွင် ယခင်ကထက် ပိုမိုပြီး လူအများ အုတ်အုတ်ကျက်ကျက်၊ စုရုံးစုရုံး၊ သတင်းစကားများပိုမို ဖြစ်မည်။ မန္တလေးမြို့ တွင် လူအများ၊ ရဟန်းသံဃာတော်များ ပျာယာခတ်မည်။ ပြာပုံအား ပြောင်းပြန်ယူပါက ပြုံပါ- တစ်ပြုံလုံးပါမည် ။ ထို့ ကြောင့် အကြောင်းအရာတစ်ခုခုဖြစ်ပွားမည် ဆိုပါက ရဟန်း၊ ရှင် ၊ လူအများ စုစည်းကာ တစ်ပြုံလုံးပါလာမည် စသဖြင့် တဘောင် ကောက်ယူနိုင်ပေသည်။

အပြည့်အစုံ ဖတ်ချင်ရင်တော့ http://www.ainmat.com/index.php?/archives/561-unknown.html

အကိုဒီမိုဝေယံ ဘလော့ခ်မှ ကူးယူဖော်ပြပါသည်။






No comments:

Post a Comment