Saturday, August 15, 2009

ဒဂုန်တာရာ သို့မဟုတ် မြန်မာ့သမိုင်း၏ ကြေးမုံတချပ်

စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာကို စကားလုံး တလုံးတည်းနှင့် ဖော်ကျူးမည် ဆိုလျှင် “သက်ရှိသမိုင်း” သို့မဟုတ် “ကဗျာ တပုဒ်” ဟု တင်စားသင့်သည်။ သူ့ကို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး လှုပ်ရှားမှုများထဲတွင် ပါဝင်သူ တဦးအဖြစ် အများက သတ်မှတ်ထားသည်။
စာရေးဆရာ၊ သတင်းစာဆရာကြီးတဦးဖြစ်သည့် ဦးဝင်းတင်ကတော့ ဆရာကြီးကို “စာပေတံခွန်” “အတွေးအခေါ် တံခွန်” ဟု တင်စား၏။

၂၀၀၉ မေလ ၁၀ ရက်နေ့တွင် သူ့အသက် ၉၀ နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ သူနှင့် ခေတ်ပြိုင် စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးလှုပ်ရှားသူများစွာ သူ့ထက်စော၍ လောကကြီးမှ ထွက်ခွာသွားနှင့်ကြပြီ ဖြစ်သော် လည်း သူကတော့ သမိုင်း၏ ပြယုဂ်အဖြစ်၊ သမိုင်းဝင်လူသားတဦး အဖြစ် အောင်ပန်းမြို့တွင် ယခုတိုင် သက်ရှိ ထင်ရှား ရှိနေဆဲပင်။

ဆရာကြီးသည် စာပေသစ် လှုပ်ရှားမှု၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ဦးဆောင်သူဖြစ်ရုံသာမက နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးအတွက် သူ့ခေတ်ပြိုင်လှုပ်ရှားမှု များထဲတွင် လူထုနှင့် အတူ နက်ရှိုင်းစွာ ပါဝင်ခဲ့သူ ဖြစ်သည်။

၁၃ နှစ်အရွယ်ကတည်းက ကဗျာကို မြတ်နိုးခဲ့ပြီး ၁၇ နှစ်သားအရွယ် ကတည်းက ဒီမိုကရေစီနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် ၁၉၃၈ - ၃၉ ခုနှစ်မှသည် ယနေ့တိုင် ခေတ်အဆက်ဆက် ပါဝင်ခဲ့သူဖြစ်သည်။ သို့သော် ဆရာကြီးသည် နိုင်ငံရေးပါတီများတွင်ပါဝင်ကာ နိုင်ငံရေးသမားအဖြစ် ခံယူလှုပ်ရှားသူတော့ မဟုတ်ခဲ့။ နိုင်ငံရေးသမားတော့ မဖြစ်လိုဟု သူ အမြဲပြောလေ့ရှိသည်။

သူ့ခံယူချက်နှင့် ပတ်သက်၍ ဆရာကြီးက “ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာ ရှိ။ နိုင်ငံရေး လှုပ်ရှားတယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ” ဟု ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် မေးမြန်း ရာတွင် ဖြေကြားခဲ့သည်။ ထိုစကားမှာ သူပြောနေကျ စကားလည်းဖြစ်၍ ၂၀၀၇ ခုနှစ်က ၈၈ နှစ်ပြည့်ခဲ့စဉ် မွေးနေ့ နှုတ်ခွန်းဆက်စကားအဖြစ် မြန်မာပြည်သူများကို ပြောခဲ့သေးသည်။ ထိုစဉ်က “ရန်သူမရှိအောင် ပြောတာမဟုတ် ဘူး .. ရန်သူလိုသဘောမထားတာ” ဟု အဓိပ္ပာယ်ကိုပင် ဖွင့်ဆိုခဲ့သေးသည်။

အို .. ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း .. နေရောင်ထွန်း၍
ရွက်ပွန်းထိယှက် .. သရက်ရွက်တို့
ပြိုးပြက်နီနီ .. ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။

အဲဒီကျွန်းမှာ
မိန့်ခွန်းမြွက်ကြား .. တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ်။

ဘယ့်နဲ့လဲ မေ
လူထဲသူထဲ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ .. ထိုကျွန်းသာသို့
ဘယ်ခါလိုက်မယ် .. ပြောစမ်းပါ့။

အဆိုပါကဗျာလေးက ၁၉၄၇ ခုနှစ်တွင် ဆရာကြီး ရေးဖွဲ့ခဲ့သည့် “တဟီတီ သွားရအောင်” ဆိုသည့် ကဗျာ ဖြစ်သည်။ သူ့တွင် ထိုကဗျာထဲကလို လက်တွဲဖော် “မေ” တော့မရှိ။ တကိုယ်တည်း လူပျိုကြီးအဖြစ် ဘဝ ခရီးကို လျှောက်လှမ်းခဲ့သူဖြစ်သည်။

လူအပေါင်းနှင့် ဝေးရာတွင် အေးအေးလူလူ သူနေသည်။ ဆရာကြီးက လူများနှင့် ဖယ်ခွာ၍ နေလိုခြင်းကို “မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း” ဆိုသည့် ကဗျာလေးထဲ၌ ..

ငါတမူကား
ဘယ်သူကမျှ .. အမိန့်မချ
မိမိဆန္ဒဖြင့် .. မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည် … ဟု ရေးဖွဲ့ခဲ့သည်။

ဆရာကြီးက ငြိမ်းချမ်းမှုကို မြတ်နိုးလိုလားသူ ဖြစ်ရုံမက အနုပညာ အလှအပကိုလည်း ခြယ်မှုန်းသူ၊ ဖန်တီးသူ မြတ်နိုးခုံမင်သူ ဖြစ်နေပြန်သည်။ သူက အနုပညာရှင်တဦး ဖြစ်သည်နှင့်အညီ သူမြတ်နိုးသော လွတ်လပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တစိုက်မတ်မတ် လှုပ်ရှားခဲ့သည်။ သူ့အနုပညာ ဖန်တီးမှုဖြင့် လူသားတို့ကို ပေးဆပ်ခဲ့ပြီး ပေးဆပ်နေဆဲ ဖြစ်သည်။

ဆရာကြီးသည် “သမိုင်းဆိုသည်မှာ အဆုံးမရှိ” ဟူသော ခံယူချက်ရှိသူ ပီပီ “အတိတ်မရှိဘဲ ပစ္စုပ္ပန်မရှိနိုင်။ ပစ္စုပ္ပန် မရှိဘဲ အနာဂတ် ရောက်ရှိမလာပေ။ ယင်းသို့ ဆက်စပ်မှုရှိသည်။ အတိတ်ကို ကောင်းစွာ မသိလျှင် ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်ရန် ခက်ပေမည်။ ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်မှသာလျှင် အနာဂတ်သည် ပေါက်ဖွားလာ နိုင်သည်။ ယင်းသို့ဖြင့် သမိုင်းသည် ဆက်စပ်နေသည်။ သမိုင်းသည် မဆုံး” ဟု ရေးဖွဲ့သည်။

ခေတ်တခေတ်ရှိ လူသားတို့သည် မိမိတို့တာဝန်ကျေပွန်ပြီး ထူထောင်မှသာလျှင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး ခေတ်ကို ရမည်ဟု ရည်ညွှန်းချင်ပုံရသည်။ ဆရာကြီးက “မျိုးဆက်တခေတ်နှင့်တခေတ် ဆက်စပ်နေသည်။ ယင်းကို သမိုင်းခေတ် အတွေ့အကြုံများဖြင့် သိရှိနိုင်သည်။ ကျနော်သည် သမိုင်းခေတ်တို့၏ မျိုးဆက်ခေတ် များကိုဖြတ်သမ်းလာရင်း မျိုးဆက်တခေတ်နှင့် တခေတ် ကျေးဇူးပြုမှုကို ထိတွေ့ခံစားရသည်” ဟူ၍ မျိုးဆက်တို့၏ အရေးပါမှု၊ ဆက်စပ်နေမှုကို ခြယ်မှုန်းပြနိုင်ခဲ့သည်။

သူ၏ “ကြယ်ရိပ်ပန်းနု” ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွင် သူ့အကြောင်းကို သူပြန်ရေးသောအခါ “သူသည် ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၉၃၈ .. ၁၃၀၀ ပြည့်အရေးတော်ပုံကို ဖြတ်သန်းသွားသည်။ ဘဝဆိုသည်က မဖြတ်သန်း ချင်လည်းမရ” ဟူ၍ တွေ့ရသည်။

သူ နိုင်ငံရေးသမားတဦး မဟုတ်ကြောင်းကို “မြိုင်” ဝတ္ထုအမှာတွင် ထပ်ဆိုထားပြန်သည်။ “သူသည် နိုင်ငံရေးသမား ဘဝကို မရွေးချယ်ခဲ့။ သူရွေးချယ်သည့်အတိုင်း စာပေဘဝ၊ အနုပညာဘဝကိုသာ ဆုပ်မိ သွားခဲ့သည်” ဟု ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကိုသာ သေသည်ထိ ဆုပ်ကိုင်သွားမည့်ဟန် ရှိသည့် ဆရာကြီးက “ငြိမ်းချမ်းရေးနည်းနဲ့လည်း တော်လှန်ရေးကို လုပ်လို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဂီတသမားဘဝကိုတော့ သူက “နွေလယ်အိပ်မက်နှယ် အိပ်မက်မက်ခဲ့ဖူးသည်” ဟု ဆိုသည်။ ဂီတကို မြတ်နိုး လွန်းသူတဦးဖြစ်သည် ဆရာကြီး ဒဂုံတာရာသည် ကဗျာကိုလည်း ချစ်အားကြီးလွန်းပြန်သည်။ ထို့ကြောင့် ဆရာကြီးသည် ဂီတ အနုပညာသမား၊ ကဗျာဆရာ၊ စာရေးဆရာ၊ ဝေဖန်ရေးဆရာ၊ အယ်ဒီတာ၊ အနုပညာဆိုင်ရာ အတွေးအခေါ် ပညာရှင်၊ အလှဗေဒ ပညာရှင် ဖြစ်လာခဲ့သည်။

ဆရာကြီးသည် အနုပညာကိစ္စ အရပ်ရပ်ကိုတွေးလည်း တွေးသူ၊ နက်ရှိုင်းစွာတွေးတော ဆန်းစစ်သူ၊ တွေးသမျှကိုရေးသူ၊ တင်ပြသူဖြစ်သည်။ ထို့ပြင် စာပေအရေးအသား၊ စာပေဖွံ့ဖြိုးမှု အဆင့်ဆင့်၊ စာပေ ပုံသဏ္ဍန် ကူးပြောင်းမှု အဆင့်ဆင့် စသည်တို့ကို စိစစ်ပိုင်းခြားသည့် ပညာကို “စာပေသိပ္ပံ” ဟု အမည်တပ်ခဲ့သူ ဖြစ်သည်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာတွင် သူ၏ “တာရာ” မဂ္ဂဇင်း စတင်မွေးဖွားခဲ့သည်။ မူရင်းအမည် ဦးဌေးမြိုင်မှ “တာရာ” အမည် တွင်ခဲ့သည်။ တာရာ မဂ္ဂဇင်း အမှတ် (၁) တွင်ပင် “စာပေသစ်” ဆိုသည့် အသုံးအနှုန်းကို စတင် သုံးစွဲ လိုက်သည်။

ဆရာကြီး၏ “တာရာ” သည် လူထု၏ တော်လှန်ရေးအခန်းကဏ္ဍကို မှောင်ချဖုံးကွယ်ကာ နယ်ချဲ့အရင်းရှင်ကို အားပေးထောက်ပံ့ခဲ့သော စာပေဟောင်းကို အာခံယှဉ်နိုင်ခဲ့သည်။ ဆရာ၏ စာပေသစ်မှာ ဒီမိုကရေစီ သို့ ဦးတည်နေခဲ့သည်။

စာပေသစ်အယူအဆနှင့်ပတ်သက်၍ သူက “စာပေသစ်သည် လူထု၏ တော်လှန်ရေး အခန်းကိုဖော်ထုတ်ကာ လူထု၏ ဘဝကို ပြသသည်။ စာပေသစ်သည် လက်ရှိ လူမှု စနစ်ကို မကျေနပ်ဘဲ ရှေ့သို့ချီသည်။ တိုးတက်သည်” ဟု ဆိုသည်။

“စာပေသည် လူမှုဆက်ဆံရေး ပြဿနာများကို ဖြေရှင်းနိုင်ရမည်။ ပြည်သူ၏ လှုပ်ရှားမှုများကို ဖော်ထုတ် ပြသရမည်။ ပြည်သူ၏ စိတ်ကူးတွင် ကပ်ငြိစွဲလမ်းအောင် အနုပညာဖြင့် လှုံ့ဆော်နိုင်ရမည် ဟူသော စာပေသစ် တာဝန်ကို ထမ်းကြအံ့” ဟု ဆော်သြပြန်သေးသည်။

ဆရာကြီးက စာပေကိုသာ လေ့လာညွှန်းဆိုအဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မဟုတ်။ သူနှင့် ခေတ်ပြိုင် ရုပ်ပုံလွှာများကို လှလှပပ သေသေသပ်သပ် ခြယ်သ မှတ်တမ်းတင်နိုင်သူ ဖြစ်သည်။ လူကို လေ့လာခြင်း ဟူသော ခေါင်းစဉ်ဖြင့် ၁၉၄၆ မှ ၁၉၅၅ အတွင်း တာရာ၊ ရှုမဝ၊ ဂန္ထဝင် ဂျာနယ်တို့တွင် ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာများ ရေးခြစ်ခဲ့ သည်။

သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင် ဗဟိန်း၊ သိန်းဖေမြင့် စသူတို့ကို တကွက်စီ ပုံဖော်ခြယ်မှုန်းခဲ့သည်။

မြန်မာစာပေတွင် “ရုပ်ပုံလွှာ” “ဖျတ်ခနဲ ရုပ်ပုံလွှာ” “လူကိုလေ့လာခြင်း” ဟူသော ဝေါဟာရများကို ဆရာကြီး ဒဂုန်တာရာက စတင်တီထွင်ခဲ့သည်ဟု ဆရာဇော်ဂျီက “ဖျတ်ခနဲ ရုပ်ပုံလွှာ” စာအုပ်အမှာစာတွင် ရေးသားခဲ့ သည်။ သို့ဖြစ်၍ ၁၉၅၅ ခုနှစ်တွင်ထုတ်ဝေဖြန့်ချိခဲ့သော ထိုစာအုပ်တွင် ဆရာဇော်ဂျီက “မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုးလာပြီဟုပင် ဆိုနိုင်လေသည်” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ရုပ်ပုံများကို ကလောင်သွားဖြင့် စာပန်းချီခြယ်မှုန်းရင်း အမျိုးသားရေး တာဝန်ကို အားပေးထမ်းဆောင်ခဲ့သူ ဖြစ်သည်။ စာအုပ်အမှာစာတွင် -

“အကယ်၍ ဤစာအုပ်သည် အမျိုးသား ညီညွတ်ရေးကို အားဖြည့်ပေးသော အမျှင်တမျှင်မျှ လူတို့၏ စေတနာကို သစ်ဆန်းလာအောင် လှုံ့ဆော်ပေးမည် ဆိုပါက သူ၏ နိုင်ငံရေး ရည်ရွယ်ချက်သည် တစိတ်တဒေသ ဖြည့်မည်ဟု ကျေနပ်ရပေမည်” ဟုရေးထား၏။

စာရေးဆရာအသင်း ဥက္ကဌ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် ဒုတိယဥက္ကဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ယနေ့ထိ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ဝေဖန်ရေး စာများကို ရေးဖွဲ့နေဆဲဖြစ်သည်။ ဆရာကြီးသည် ယနေ့တိုင် စန္ဒရားကိုလည်း တီးခတ်ဆဲဖြစ်သည်။

စာပေ၏ တန်ဖိုး၊ လေးနက်မှု၊ ထိရောက်မှုကို သိနားလည်သူ ဖြစ်သည်နှင့်အညီ “စာပေဆိုသည်မှာ စက္ကူဖြူ ထက်တွင် အနက်ထင်၊ ကမ္ပည်းထိုးသည်ဖြစ်ရာ နှစ်ကာလ ကြာလေ ပျောက်မသွားဘဲ နှောင်းလူတို့က အကဲဖြတ်နိုင်လေ ဖြစ်သည်” ဟု သတိပေးထားလေသည်။

ထို့ကြောင့်လည်း ဆရာကြီးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်နေထိုင်သည့် စာရေးဆရာ မောင်သာမညက “မြန်မာစာပေအတွက် ခမ်းနားကြီးကျယ်လွန်းသည့် ထောက်တိုင်ကြီးတခု” ဟု တင်စားခြင်းဖြစ်မည် ထင်သည်။

ပိုလန်နိုင်ငံ ဝါဆောမြို့၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်သို့ “Request to the White Pigeon” (ချိုးဖြူသို့ ပန်ကြားချက်) ကဗျာ တပုဒ်ကို တင်သွင်းပေးပို့ခဲ့သေးသည်။ ပြည်တွင်း ငြိမ်းချမ်း ညီညွတ်ရေးအတွက် လည်း “ကြာပန်းရေစင်” ဝတ္ထုဖြင့် တာဝန်ကျေခဲ့သည်။

“ဆရာက ပုဂ္ဂိုလ်ရေးကိုတင် မကြည့်ဘဲ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို ဦးစားပေးခဲ့တယ်။ ဒါကြောင့် ကျနော် ထောင်က စထွက်တဲ့နေ့က ပြောတဲ့စကားဟာ ဆရာကြီးရဲ့ ငြိမ်းချမ်းရေး စကားနဲ့ သဘောတူတူပါပဲ” ဟု ဦးဝင်းတင်က ဆိုသည်။

လတ်တလော ဗမာပြည်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခများ၊ ပြည်တွင်းစည်းလုံး ညီညွတ်ရေး ပြဿနာများကို ဆရာကြီးက စိုးရိမ်ပြီး သူ့ခေတ်တလျှောက် သူဖြတ်သန်း လုပ်ဆောင်ခဲ့သည့် နည်းအတိုင်း အကြမ်းမဖက်ရေးဖြင့် အဖြေရှာရန် အခါအားလျော်စွာ ထုတ်ဖော်ပြောကြားလေ့ ရှိသည်။

လက်နက်ကိုင် တော်လှန်ရေးနှင့်ပတ်သက်၍မူ ဆရာက “မှားတယ်မှန်တယ် ဆိုတာ ကျနော်တို့က ပြောဖို့ ခက်တယ်၊ သမိုင်းလမ်းကြောင်းမှာ မှားတယ် မှန်တယ်ဆိုတာကို နောက်လူတွေက ပြောပါလိမ့်မယ်” ဟု သူ့ သဘောထားကို ပြောပြသည်။

ထိုသို့ သူ့သဘောထားအမြင်များ၊ စိုးရိမ်စိတ်များကို မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိသောကြောင့် စစ်အစိုးရ အာဏာပိုင်များက ဆရာကြီးကို စောင့်ကြည့်ခြင်း၊ သူ့ စာပေများကို ပိတ်ပင်ခြင်း၊ စိစစ်ဖြတ်တောက် ခြင်း၊ အထူးသဖြင့် ပြည်ပရောက် မြန်မာမီဒီယာများနှင့် မဆက်သွယ်နိုင်အောင် တင်းကျပ်ပိတ်ပင် ကန့်သတ် ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

၁၉၄၈ ခုနှစ်ဝန်းကျင်က နိုင်ငံရေးလောကတွင် လက်ဝဲညီညွတ်ရေး ပျက်ပြားကာ အချင်းချင်း ကွဲပြဲ နေသည့် ကာလ၌ ဆရာကြီး၏ အရေးအသားကို စိတ်ကူးယဉ်စာပေသစ်၊ သရုပ်ပျက် စာပေသစ်ဟု ရေးကြသည်။

ဆရာကတော့ “စိတ်ကူးယဉ်စာပေဝါဒ (Romanticisms) ဆိုသည်မှာ တကယ့်ကို လူ့သဘာဝကနေ ကင်းကွာခြင်းမျိုး မဟုတ်ဘဲ ဘဝ၏ အလင်းနှင့် အမှောင် နှစ်ဘက်ရှိသည့်အနက် အလင်းဘက်ကို ကြည့်ခြင်း၊ ဘဝ၏ အလှနှင့် အကျည်းတန်နှစ်ဘက် ရှိသည့်အနက် အလှဘက်ကိုကြည့်ခြင်း သဘောသာ ဖြစ်သည်။ ယင်းသို့ ကျနော်နားလည်သည်။ စိတ်ကူးယဉ် အမြင်ဖြစ်သဖြင့် စိတ်ကူးယဉ် စာပေသစ်ဟု ဆိုလိုသည်” ဟု ဖွင့်ဆိုပြ ထားသည်။

သူ့ကို ဝေဖန်လာသည့် စာပေဝေဖန်ရေးသမား အားလုံးကိုလည်း ဒီမိုကရေစီဝါဒကို နှစ်သက်မြတ်နိုးသူပီပီ ပွင့်လင်းစွာ လမ်းဖောက်ပေးထားသည်။

“သမိုင်းဟူသည်မှာ မေ့ချန် ဖျောက်ဖျက်၍ ရသည်မဟုတ်ပေ။ ဝေဖန်ရေးသည် တိုင်းပြည်အတွက် အကျိုးရှိသော လုပ်ငန်းဖြစ်သည်။ ဝေဖန်ရေးရှိမှ တိုးတက်မည်ဟု ယုံကြည်မိသည်။ စာပေဝေဖန်ရေးသည် စာပေလောက အတွက် အကျိုးရှိသည်” ဟူ၍လည်း ဝေဖန်ရေးအလှကို ရှာဖွေပေးခဲ့သူဖြစ်သည်။

ဦးဝင်းတင်ကတော့ သူတို့လူငယ်ဘဝ ကတည်းကစပြီး ဆရာကြီးဒဂုန်တာရာ၏ စာပေနှင့် အတွေးအခေါ်များ သူ့အပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း ဧရာဝတီမဂ္ဂဇင်းကို တယ်လီဖုန်းနှင့် ပြောကြားခဲ့သည်။

“ကျနော်သည် ဝတ္ထု၊ ကဗျာ စသော ရသစာပေတို့ကို ရေးရာတွင် မိမိ ခံစားမှုကို အသေးစိတ် ရေးခြယ်ချင်သည်။ ကျနော်သည် အရောင်၊ ရနံ့၊ အသံ၊ အထိအတွေ့ စသည်တို့ကို အသေးစိတ်ဖွဲ့နွဲ့တတ်သည်။ မျက်မြင် အာရုံ ရုပ်များကို ဖော်ပြရာတွင် အသေးစိတ်ပေါ်လွင်အောင် ဖွဲ့နွဲ့တတ်သည်။ ယင်းကိုရည်ရွယ်၍ ကျနော့်အဖွဲ့အနွဲ့ လွန်ကဲသည်ဟု မိတ်ဆွေတို့က ဝေဖန်ခဲ့ကြသည်။ ယင်းသို့ဝေဖန်သည်မှာ လွန်ခဲ့သော အနှစ် ၃၀ ကျော် ကတည်းက ဖြစ်သည်” ဟု ဆရာကြီးက သူ့အနုပညာသဘောထားကို ဖော်ပြရင်း ဝေဖန်ရေးကို ကြိုဆိုခဲ့၏။

အသက် ၈၄ နှစ်ရှိပြီဖြစ်သော သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းကလည်း ဆရာကြီး ဒဂုန်တာရာ၏ “မေ” ဝတ္ထုကို တက္ကသိုလ် ကျောင်းသားဘဝကတည်းက စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်ခဲ့ကြောင်း အမှတ်တရ ပြောပြသည်။

“အဲဒီကတည်းက ဆရာကြီးက သိပ်အောင်မြင်ကျော်ကြားခဲ့တာ။ ကျနော်ဆို အဲဒီဝတ္ထုကို ၃၊ ၄ ခါ လောက် ဖတ်ခဲ့တာ” ဟု သခင်ချန်ထွန်းက ဆိုသည်။

ဆရာဦးဝင်းတင်က ဆရာကြီး ဒဂုန်တာရာကိုပေးခဲ့ဖူးသည့် Philosophy of revolution စာအုပ်ကို ဆရာကြီးက “နာဆာရဲ့ အိပ်မပျော်သော ညများ” အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ “အဲဒီစာအုပ်ဟာ မတရား အာဏာသိမ်းတဲ့ အာဏာရှင်တယောက် ခံစားရတဲ့ စိတ်ဝေဒနာကို ပြချင်တာပဲ” ဟု ဦးဝင်းတင်က သူပေးခဲ့သည့် စာအုပ်နှင့် ပတ်သက်၍ အမှတ်တရ ပြောပြသည်။

ဆရာကြီးကတော့ ယခုထိတိုင် ဂုဏ်ပကာသနများကို မမက်မောဘဲ စာပေချစ်မြတ်နိုးသူ၊ ငြိမ်းချမ်းရေး၏ ပြယုဂ် အဖြစ် အေးငြိမ်းစွာ နေထိုင်ဆဲဖြစ်သည်။ ဆရာကြီး၏ အထူးခြားဆုံး ဂုဏ်ပုဒ်မှာ ရာထူး၊ ဂုဏ် ဆုတံဆိပ်များကို မမက်မောသူ၊ အခွင့်အရေးမယူသူအဖြစ် နှစ်ပေါင်းကြာရှည် ရပ်တည်ခဲ့သောကြောင့် ဖြစ်သည်ဟု ဆရာ မောင် သာမညက သုံးသပ်သည်။ ဆရာကြီးသည် နိုင်ငံတော်ကပေးအပ်သည့် ဆုတံဆိပ်ပေါင်းများစွာကို ငြင်းပယ် ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်းက ငြိမ်းချမ်းရေးဆိုသော ဆောင်ပုဒ်ကိုသာ လက်ကိုင်ထားသော ဆရာကြီး ဒဂုန်တာရာက သူ၏ အသက် ၉၀ ပြည့် မွေးနေ့အထိမ်းအမှတ်စကားအဖြစ်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍သာ ပြောကြားခဲ့သည်။

“အခုထိကော ရှေးတုန်းကကော ယုံကြည်တာ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်ရေးရှိမှ ဖြစ်မယ်။ ညီညွတ်ရေးရမှ ငြိမ်းချမ်းရေးရမယ်” ဟူ၏။

ဆရာကြီးပြောသော “ရန်သူမရှိ၊ မိတ်ဆွေသာရှိ … ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဆိုသော စကားလုံး များကတော့ ယနေ့ စစ်မက်ထူပြောကာ ရန်လိုမုန်းထားမှုများနှင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတွင် ပဲ့တင်ထပ် မြည်ဟီးလျှက် ရှိနေပါသည်။

No comments:

Post a Comment