Friday, October 29, 2010

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ ‘ နိုင်ငံရေး နှင့် လူယုတ်မာ ‘



၁၉၄၆ ခုနှစ် တခုသောညနေတွင် ရန်ကုန်မြို့၊ အိစ်တင်းကလပ်ခေါ် ဂုဏ်သရေရှိ အနောက်တိုင်းသားတို့၏ အဖွဲ့အစည်းတခုက ရန်ကုန်မြို့ရောက် အိန္ဒိယဘုရင်ခံချုပ် လော့ခ် လူဝီမောင့်ဘက်တန် ( Lord Louis Mountbatten) အား ဂုဏ်ပြုသော ညစာ စားပွဲကြီးတွင်ဖြစ်သည်။ ဘုရင်ခံချုပ် မောင့်ဘတ်တန် ပြောသွားသော မိန့်ခွန်းထဲတွင်

( Politics is the refuge of scoundrels )

" နိုင်ငံရေးလောကဆိုတာ လူယုတ်မာတို့၏ ခိုလှုံရာဒေသ ဖြစ်တယ်" ဟူသော စာကြောင်းပါခဲ့သည်။

ဘုရင်ခံချုပ်က ထိုသို့မိမိဂုဏ်ပုဒ်နှင့် မလိုက်လျော့သည့် စကားတွေပြောပြီး ထိုင်ချလိုက်တော့ နယ်ချဲ့အလိုတော်ရိ မင်းပရိသတ်တို့က လက်ခုပ်သံတွေ တဖြောင်းဖြောင်းနှင့် သြဘာပေးကြလေ၏။ သို့သော်....

လက်ခုပ်သံများ ကြားရ၍ မဆုံးမီမှာပင် ချောင်ကျသောနေရာမှာထိုင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း က ရုတ်တရတ် နေရာမှတရပ် နေရာမှထရပ်လိုက်သည်။ ဗိုလ်ချုပ်သည် စောစောက ဘုရင်ခံချုပ်စကားပြောခဲ့သော နေရာသို့ ခပ်သုတ်သုတ်ကလေး လျှောက်လာသည်။

ပြီးတော့ အောက်ပါ အတိုင်း အစီအစဉ်တွင် မပါဘဲ မိန့်ခွန်းတရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောချလေတော့သည်။


"ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးတို့ခင်ဗျား၊ အစီအစဉ်ထဲမှာ မပါဝင်တဲ့ လူတစ်ယောက်က ယခုလိုထပြီး ပြောလိုက်တော့ ခင်ဗျားတို့ထုံးစံအရ အလွန်ရိုင်းပျတယ်လို့ ထင်ကြမှာဘဲ။ ရိုင်းတယ်လို့ ထင်ရုံမကဘဲ လဲလို့ဘဲသေသေ၊ ကျုပ်ကတော့ဖြင့် ပြောစရာရှိတဲ့ စကားကိုပြောရမှာဘဲ။ ကျုပ်ပြောမှာကလည်း တခြားတော့မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တော်ကြီးရဲ့ သနားစရာကောင်းလှတဲ့ အဘိဓမ္မာကို ဝေဖန်ပြမယ့် အချက်ဖြစ်ပါတယ်။"

" နိုင်ငံရေးလောကဆိုတာ လူယုတ်မာတွေ ခိုကိုးရာဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်က ပြောသွားပါတယ်။ ဒါဟာ ဥရောပနိုင်ငံများမှာတော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ကျုပ်တို့ အရှေ့နိုင်ငံများ အယူအဆကတော့ ဘုရင်ခံချုပ်ကြီးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကျုပ်တို့ဆီမှာ နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊ လောကတ္တစရိယ ကျင့်ကြံ အားထုတ်တဲ့ လုပ်ငန်း၊ ဒါဟာ ဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်တဲ့ တိဟိတ်ပုဂ္ဂိုလ်များ၊ ဘုရားလောင်းများသာ လုပ်နိုင်တဲ့လုပ်ငန်းဖြစ်တယ်။

"အဲဒီလို အလွန်မွန်မြတ်တဲ့အထဲမှာ တခါတရံ လူယုတ်မာတွေ ပါလာကောင်းပါလာပါမယ်။ အဲဒါကြောင့် နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား။ ဥပမာတခု ပြောပါရစေ။ ဒီအဆောက်အဦးကြီးဟာ (အိုရီယင့်ကလပ် ကိုဆိုလိုသည်) လူအများစုဝေးဖို့ ဆောက်လုပ်ထားတယ်၊ အစောင့်အကြပ်ကင်းမဲ့ချိန်မှာ တခါတရံ ခွေးတွေ တက်အိပ်နေကြတယ်ဆိုပါစို့။ အဲဒီလို ခွေးတွေတက်အိပ်နေတာကိုကြည့်ပြီး ဒီအဆောက်အဦးကြီးကို ခွေးတွေအိပ်ဖို့ဆောက်ထားဆိုရင် မှန်ပါ့မလား။ မမှန်ပါဘူး။"

" အဲဒါကြောင့် နိုင်ငံရေးဟာလည်း ဒီလိုပါဘဲ။ အလွန်မြင့်မြတ်ပါတယ်။ ဒီအဆောက်အဦးကြီးပေါ်မှာ ခွေးတွေ တက်အိပ်နေသလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေးလောကထဲ ဝင်လာတတ်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြေမပြတ် ဟန့်တား ဝိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေးလောကြီးဟာ သန့်ရှင်းစင်ကြယ် မွန်ုမြတ်လာပါလိမ့်မယ်။ ဒါဘဲ ကျုပ်ပြောချင်တာ။"

ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ပြောချလိုက်ပြီး သူ့နေရာသူ ခပ်တည်တည်ဖြင့် ပြန်လာကာထိုင်နေလေသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုပြီးသွားသည်နှင့် အိန္ဒိယဘုရင်ခံချုပ် လော့ခ်လူဝီ မောင့်ဘတ်တန်သည် နေရာမှထရပ်ပြီး လက်ခုပ်တီး၊ သြဘာပေးသည်။ ဘုရင်ခံချုပ်က စတင်၍ လက်ခုပ်တီးတော့မှ ကြွရောက်လာသော ပရိသတ်ကြီးလည်း၊ လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် ကောင်းကောင်းကြီး သြဘာပေးကြတော့သည်။ ထို့နောက် ဘုရင်ခံချုပ်က...

" ဒီနေ့ည စကားပြောကြတဲ့အထဲမှာ အစီအစဉ်ထဲမပါဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းဟာ အဖိုးတန်ဆုံးပါဘဲ၊ ကျွန်တော် ပြောချင်တာကတော့ ခပ်ပေါ့ပေါ့နိုင်ငံရေးလောကကို ပြက်ရယ်ပြုတဲ့စကားပြောမိပါတယ်။ အလွန်ဝမ်းနည်းပါတယ်။ ကျွန်တော်ပြောမိတဲ့ အချက်အလက်တွေကို ရုတ်သိမ်းပါတယ်ခင်ဗျာ" ဟု ပြောလေသည်။

ဒီအကြောင်းလေးကို ကျွန်တော် တွေးမိစဉ်းစားမိတာလေးကတော့ လူတွေဟာ နိုင်ငံရေးဆိုတာနဲ့ ယုတ်မာသောအလုပ်၊ မကောင်းသောလုပ်ဟု ထင်မြင်ယူဆ နေကြဖြင်းဖြစ်ပါတယ်။ နိုင်ငံရးနဲ့ ပတ်သတ်ပြီး ကျွန်တော် အမြဲမှတ်မိနေသော စာကိုးလေး နှစ်ခုရှိပါတယ်။ အဲဒါတွေကတော့…

ဂရိပညာရှင်ကြီး ပလေတို (Plato) ပြောဖူးတဲ့

" If good men are not willing to join politics, then they should be willing to be governed by scoundrel."

လူတော်လူကောင်းတွေ နိုင်ငံရေးမှာ မပါချင်ဘူးဆိုရင်၊ သူတို့ဟာ လူပေလူတေတွေရဲ့ အုပ်ချုပ်မှုကို ခံချင်လို့ဘဲဖြစ်ရမယ်။

နှင့်

မာတင်လူသာကင်း (Martin Luther King Jr) ပြောခဲ့ဖူးတဲ့…

“The ultimate tragedy is not the oppression and cruelty by the bad people but the silence over that by the good people.”

ဝမ်းနည်းကြေကွဲစရာအကောင်းဆုံးက လူဆိုးလူသွမ်းတွေရဲ့ ရက်စက်ယုတ်မာမှု မဟုတ်ဘဲ လူကောင်းတွေရဲ့ ငြိမ်ခံနေခြင်းသာ ဖြစ်ပါတယ်။


ဆိုတာဘဲဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့တော့ နိုင်ငံရေး ဆိုတာတွေ၊ နိုင်ငံရေး သဘောတရား သီအိုရီတွေ၊ နိုင်ငံရေး အခင်းအကျင်း ဆိုတာတွေ၊ ဗျုဟာတွေ စတာတွေကို နားလည်လို့ဖြစ်စေ၊ မတရားဖိနှိပ်မှုတွေကို မခံနိုင်လို့ဘဲဖြစ်စေ မြန်မာ့နိုင်ငံရေးကို အသက်၊ သွေး၊ ချွေး၊ စည်းစိမ်၊ ရာထူး စတာတွေကို စတေးပြီး အမှန်တရားအတွက် လုပ်ခဲ့ကြသော၊ လုပ်နေကြသော အာဇာနည် အပေါင်းကိုလေးစားပါတယ်။ အထူးသဖြင့် မှန်ကန် ခိုင်မာသော ယုံကြည်ချက်တွေဖြင့် အကျဉ်းထောင်တွေ၊ တောထဲတောင်ထဲတွင် ဘဝတွေ၊ စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင် ရင်ဆိုင်ရဲသော လူသိနည်းသော သူရဲကောင်းအပေါင်းတို့ကိုလည်း လေးစားဦးညွှတ်လိုက်ရပါတယ်။



သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" ဆောင်းပါးကို ပြန်ဖတ်လိုသော်….

http://alinsek.blogspot.com/2010/09/blog-post_23.html

ဘလော့ခ်ဂါ အလင်းဆက်

၂၅. အောက်တိုဘာလ. ၂၀၁၀

ဆက်လက်ဖက်ရှုရန်...

Wednesday, October 27, 2010

ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး မဟာဗျုဟာများ


ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး မဟာဗျုဟာများ

(တော်လှန်ရေး အောင်မြင်ရေး လမ်းညွန်ချက်များ)

အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တော်လှန်ရေး အောင်မြင်ရေး လမ်းညွန်ချက်များကို ဗိုလ်ချုပ်ရေးသားခဲ့သော “ကမ္ဘာစစ်နှင့် ဗမာ” ဆောင်းပါးတွင်ပါသော ဗမာ့ထွတ်ရပ်ဂိုဏ်း ၏ လုပ်ငန်းစဉ် အပိုင်းမှ ကောက်နုတ်ဖော်ပြပါသည်။ ယနေ့ ဗမာတမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေရသော ဖတ်ဆစ်စနစ် ထက်ဆိုးသော စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ရေးတိုက်ပွဲ အတွက် တဖက်တလမ်းမှ အကျိုးရှိစေခြင်းငှာ ရှာဖွေတင်ပြရခြင်းဖြစ်ပါတယ်။



သဘောထားချင်းတူသော မည်သည့်နိုင်ငံရေးဂိုဏ်း၊ မည်သည့် အခြားအဖွဲ့အသင်း နှင့်မဆို လမ်းအတူတူ၊ အလုပ်အတူတူလုပ်ရန် အသင့်ရှိရမည်။

တိုင်းသူပြည်သားများ၏ ပိုမိုနိုးကြားမှု၊ လွပ်လပ်ရေးစိတ် ထက်သန်မှုတို့အတွက် အပြင်းအထန် အားထုတ်ရန်လိုသည်။

တိုင်းသူပြည်သား အများအား နေ့စဉ် တာဝန်ခံ၊ ညွှန်ကြားဆောင်ရွတ်မည့် ခေါင်းဆောင်များ ပေါ်ပေါက်လာရန် လိုသည်။

တိုင်းပြည်လွတ်လပ်ရေးအတွက် အချိန်အလိုက် ဆောင်ရွတ်နိုင်စေမည့် ငွေကြေး တောင့်တင်းမှုကို ရရှိရန် လိုလေသည်။

အစည်းအရုံးဝင်များ များပြားလာအောင်ဆောင်ရွတ်ခြင်း၊

ဗမာ့လက်ရုံးတပ်များတည်ထောင်၍ လေ့ကျင့်ခြင်း၊

နိုင်ငံရေးပညာသင်တန်းများ ဖွင့်လှစ်ခြင်း၊

ဆွေးနွေးပွဲများ ကျင်းပခြင်း၊

ငွေကြေးစုဆောင်းခြင်း၊

နိုင်ငံခြားတွင် ဝါဒဖြန့်ဖြူးခြင်း။

အပြောစခန်းမှ အလုပ်စခန်းသို့ အရောက်သွားရမည်။

မည်သည့်ကိစ္စကိုမှ ဆောင်ရွတ်သည်ဖြစ်စေ၊ ပယောဂထုတ်ရုံနှင့်မရ၊ ဒေသအားဖြင့်လည်းကောင်း၊ ကာယအားဖြင့်လည်းကောင်း၊ သင့်မြတ်မှလည်း အောင်မြင်နိုင်မည်။

လူ ပယောဂလည်း ပါရမည်။ ဒေသအားဖြင့်လည်း သင့်မြတ်ရမည်။ အချိန်အားဖြင့်လည်း ကောင်းရမည်။

လွတ်လပ်ရေးလိုကြောင်း သို့အတွက် အရေးဆိုပြီဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ဝါဒဖြန့်ရမည်၊ စည်းရုံးရမည်။

ဝါဒဖြန့်စဉ် တိုင်းပြည်လွတ်လပ်ရေးအတွက် လိုအပ်သော နိုင်ငံရေး ညီညွတ်မှုကို ရရှိရန် ကြိုးစားရမည်။

နိုင်ငံရေး ညီညွတ်မှု ဆိုသည်မှာ ခေါင်းဆောင်ဆိုသူများ ညီညွတ်ရေးဟု အတပ်မဆိုသာ။

အရေးတော်ပုံ အတွက် ဓါတ်စာကျသော အလုပ်သမား၊ ကျောင်းသား၊ အမျိုးသမီး၊ ကုန်သည်၊ စာရေးစာချီ။ လယ်လုပ်လယ်သီးစား၊ လယ်ကူလီများ၊ ရှမ်း-ချင်း-ကချင်-ကရင်- ချင်းတောင်များ နယ်များရှိ ဆင်းရဲသားလူထုများ အားလုံး ညီညွတ်မှု၊ သွေးစည်းမှုကို ဆိုလိုသည်။

ဝါဒဖြန့်ရင်း နိုင်ငံရေးညီညွတ်ရေး ရရှိမှု ကြိုးစားရင်း မြို့ရွာဒေသ အလျောက်လည်းကောင်း၊ လယ်သမား ‘ဗမာပြည်တွင် အရေးကြီးဆုံးဖြစ်သည်’ အလုပ်သမားစသည့် အမျိုးအစား အလျောက်လည်းကောင်း၊ ပေါ်ပေါက်နေသော လက်ငင်းကိစ္စကလေးများမှ ဆူပူလှုံ့ဆော်၍ တိုင်းပြည်ရှိ လူထုအင်အားများကို လွတ်လပ်ရေးတိုက်ပွဲအတွက် စစ်အင်ကျင်း၍ အပြင်းစစ်ပြင်ရပေမည်။

ပေါ်ပေါက်နေသော လက်ငင်းကိစ္စကလေးများမှ ဆူပူလှုံ့ဆော်၍ တိုင်းပြည်ရှိ လူထု အင်အားများကို လွတ်လပ်ရေးတိုက်ပွဲအတွက် စစ်အင်ကျင်း၍ အပြင်းစစ်ပြငရပေမည်။

လုံလောက်အပ်သော အင်အားကို ပြင်ဆင်စုဆောင်းပြီနောက်၊ လွတ်လပ်ရေးတိုက်ပွဲကို ကမ္ဘာ့တိုက်ပွဲ တိုက်နည်းအမျိုးမျိုးမှ နမူနာယူ၍ ဗမာပြည်နှင့် အသင့်တော်ဆုံးဟု ထင်သောနည်းအရ အဆင့်ဆင့် ခင်းကျင်းရပေမည်။

အစဉ်တစိုက် သဲသဲမဲမဲ လုပ်ငန်းများချ၍ ဆောင်ရွတ်ပါက ပန်းတိုင်ရောက်မည်။

ပန်းတိုင် မရောက်သည့်တိုင်အောင် ဗမာများ မညံ့လွန်းလှလျှင် အကြီးအကျယ် နိုင်ငံရေးအဆင့်အတန်း တိုးတက်ရန် အကြောင်းရှိသည်။

တိုးခဲ့သောပွဲမှ သင်ခန်းစာ အမျိုးမျိုးရပေမည်။ ထိုအခါ နောက်ထပ် လွတ်လပ်ရေးတိုက်ပွဲအတွက် မခဲယဉ်းတော့ပြီ။

ကျောင်းသားလူငယ်များ အကူအညီဖြင့် တိုင်းပြည်အနှံ့ လွတ်လပ်ရေးတရား၊ လက်နက်ဥပဒေ ပယ်ဖျက်ရေးတရား၊ ကမ္ဘာ့အဖြစ်အပျက်အမှန်များတို့ကို အဓိကထား၍ ဝါဒဖြန့်ခြင်း၊

ဗမာ့လက်ရုံးတပ် စသော အပျော်တမ်းတပ်များ ထောင်ခြင်း၊

တို့ဗမာအစည်းအရုံး အသင်းသားစုဆောင်းခြင်း၊

တရုတ်ပြည် အိန္ဒိယပြည်၊ ဘိလပ် စသော တိုင်းနိုင်ငံများအား လူကိုယ်တိုင်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း ဝါဒဖြန့်ခြင်း၊

ဗမာပြည်အကြောင်း စာအုပ်စာတမ်း ရိုက်ဝေခြင်း၊

တတိုင်းတနိုင်ငံလုံး၏ အင်အားကိုယူသောအားဖြင့် ပြည်လုံးကျွတ်နိုင်ငံရေး အစည်းအဝေးကြီးကျင်းပခြင်း၊

အမျိုးသားသတင်း စသည်များပြုလုပ်ခြင်း၊

ပြည်သူ့ဆန္ဒများ ကောက်ယူခြင်း။

ယခုအခါ နိုင်ငံရေးလုပ်ငန်းမှာ ရှေးကအချိန်မျိုး မဟုတ်သဖြင့် ဗမာမှန်သမျှ ဗမာပြည်သူပြည်သားမှန်သမျှအား နှိုးဆော်တိုက်တွန်းခြင်း၊

တိုင်းစိတ်ပြည်စိတ်ကို မွေးစေခြင်း၊

ဂိုဏ်းစိတ် ဂဏစိတ်များကို မိမိတို့က ခေါင်းဆောင်၍ ဖျောက်ဖျက်ခြင်း၊

အလုပ်သမား၊ လယ်သမား၊ ကျောင်းသား သွေးစည်းမှုများ၊ ရှမ်း-ကရင်-ကချင်-ချင်း အစရှိသည်တို့နှင့် တသွေးတစိတ်တည်း ရှိမှုတို့အတွက် ကြိုးစားခြင်း၊

တိုင်းရင်းသားများ၊ အောက်တန်းစားများ၊ အစိုးရအရာရှိ အမှုထမ်းများ အားလုံးအား လွတ်လပ်ရေးသည် ၎င်းတို့အတွက်ပါ ဖြစ်သည်ဟု သိစေခြင်း။

ပြိုင်တူ ပေါ်ပေါက်လာသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဈေးသူဈေးသား အခွန်ထမ်း အစရှိသော ကိစ္စများနှင့် ပတ်သတ်၍ အရေးတော်ပုံကလေးများကို အမှီပြု၍ လွတ်လပ်ရေးအကြောင်း၊ အုပ်ချုပ်ရေးအကြောင်း၊ စစ်အကြောင်း၊ လက်နက်ဥပဒေ ပယ်ဖျက်ရန်အကြောင်း အမြဲဝါဒဖြန့်ရမည်။

ထိုအရေးတော်ပုံကလေးများသည် လာမည့်အရေးတော်ပုံကြီး၏ ရှေ့ပြေးမျှသာဖြစ်ကြောင်း တိုင်းသူပြည်သားများ၏ဆိုင်ရာ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေးဆောင်းဆိုချက် အရပ်ရပ်မှာ လွန်လပ်ရေးအပေါ်တည်ကြောင်းကို တိုင်းပြည်အား သိစေရမည်။

လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ၊ လွှတ်တော်အဆိုမှာ ဝါဒဖြန့်ရုံလောက်သာ ရှိသည်။

လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ၊ လွှတ်တော်အဆိုမှာ ဝါဒဖြန့်ရုံလောက်သာ ရှိသည်။ အလုပ်လုပ်ရပေမည်။ လုပ်မှရမည်။ အိပ်နေ၍မရ။ တဦးတည်းဗိုလ်၊ တဦးတည်းနောက်လိုက် လုပ်၍မရ။ မဲဝယ်၍မရ။ ရာထူး လိုက်နေ၍မရ။ အော်ရုံဖြင့်မရ။ အနစ်နာခံ၊ အဆင်းရဲခံ။ အပင်ပန်းခံ၊ အစတေးခံကြမှရမည်။ သို့သော် ဆောင်ရွတ်လျှင် ငါတို့သည် အောင်ပန်းကိုမချွတ် လက်လှမ်းနိုင်မည်။

လူတို့၏ဝတ္တရားကား ဤဓနရှင်စနစ်အကြောင်း အကျိုးတရားများကို လေ့လာပြီးလျှင် အချိန်ကျလျှင် အသင့်ဖြစ်စေရန် စီမံထားရန်ပင်ဖြစ်သည်။

လွတ်လပ်ရေး တိုက်ပွဲအတွက် ပြင်ဆင်ရာ၌ လူမျိုးအချင်းချင်း၊ လူတန်းစားအချင်းချင်း၊ မကွဲထိုက်သင့်အချိန်တွင့် မကွဲထိုက်သူများနှင့် မကွဲကွဲအောင် လုပ်တတ်သော နယ်ချဲ့စနစ်၏ ပရိယာယ်ကို သတိပြုရမည်။

ရှေ့လောခြင်း၊ စစ်မရောက်ခင် မြှားကုန်ခြင်း၊ စစ်မဖြစ်ခင်က အရှုံးပေးလိုခြင်း စသော အပြုအမှုများကိုရှောင်ရမည်။

ငါတို့၏ အောင်ပွဲကား အသေအချာပင်ဟု ယုံကြည်စိတ်ထားရမည်။

အချိန်ကောင်း၊ အခြေအနေကောင်းတွင် လွတ်လပ်ရေးအတွက် အပြင်းအထန်

အားထုတ်ကြရမည်။

ကျောင်းသားတစ်ဦး (ဘလော့ခ်ဂါ အလင်းဆက်) မှ တွေးဆ၊ ရှာဖွေ၊ ရေးသား တင်ပြခြင်း ဖြစ်သည်။

အောက်တိုဘာလ၊ ၂၀၁၀

ဆက်လက်ဖက်ရှုရန်...

Tuesday, October 26, 2010

ဗိုလ်ချုပ်အောင်ဆန်း က “လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ” တဲ့

ဗိုလ်ချုပ်အောင်ဆန်း က “လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ”တဲ့

လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ၊ လွှတ်တော်အဆိုမှာ ဝါဒဖြန့်ရုံလောက်သာ ရှိသည်။ အလုပ်လုပ်ရပေမည်။ လုပ်မှရမည်။ အိပ်နေ၍မရ။ တဦးတည်းဗိုလ်၊ တဦးတည်းနောက်လိုက် လုပ်၍မရ။ မဲဝယ်၍မရ။ ရာထူး လိုက်နေ၍မရ။ အော်ရုံဖြင့်မရ။ အနစ်နာခံ၊ အဆင်းရဲခံ။ အပင်ပန်းခံ၊ အစတေးခံကြမှရမည်။ သို့သော် ဆောင်ရွတ်လျှင် ငါတို့သည် အောင်ပန်းကိုမချွတ် လက်လှမ်းနိုင်မည်။

သခင်အောင်ဆန်း ရေးသော “ကမ္ဘာစစ်နှင့်ဗမာ” ဆောင်းပါးမှ

ယင်းဆောင်းပါးကို ဘုံဝါဒနှင့် တို့ဗမာ၊ ရန်ကုန်၊ ပြည်သူ့ပုံနှိပ်တိုက်၊ ၁၉၆၄ ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအကြိမ်တွင် ဖော်ပြခဲ့သည်။



Independence cannot be won by mere passing of resolutions in the Legislative Assembly, which is merely an exercise in publicity. Not by showmanship, vote buying or office seeking but by incessant struggle and sacrifice, can we achieve victory.

From ‘World War and Burma’ by General Aung San

Created by Blogger Demowaiyen၊ Blogger Alinsek၊ Blogger Kamikaze

ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အားလုံးသော ရဟန်းအာဇာနည်၊ ကျောင်းသားအာဇာနည်၊ လူအာဇာနည် အပေါင်းတို့အား လေးစားသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲနှင့် ဒီဖိုင်း ကောင်းကောင်းတို့မှ ရှာဖွေတင်ပြခြင်းဖြစ်သည်။

တင်ပြသူများ……….ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲနှင့် ဒီဖိုင်း ကောင်းကောင်း

၂၇. အောက်တိုဘာလ၊ ၂၀၁၀

ဆက်လက်ဖက်ရှုရန်...

ဗိုလ်ချုပ်အောင်ဆန်း ရေးတဲ့ ကျောင်းသား နှင့် ကျောင်းသားသမဂ္ဂ


ပညာစစ်ကိုရရန် လွတ်လပ်စွာတွေးတော ပြောဆို ဆွေးနွေး လုပ်ကိုင်လိုသောစိတ်ဓါတ်ကို မွေးရန်လို၏။ အချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွပ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇဝင်ကို တမျိုးတမည် ပြောင်းလွဲစေသည့် ရီနေဆွန့်နှင့် ရီဖော်မေရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓါတ်ပညာ ပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။

ထိုလွပ်လပ်စွား တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည် ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်း မဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေးတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ နေ၍မဖြစ်ပေ။ တဦးနှင့်တဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် ကြုံတွေ့နေရသော ရှားပါးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်၊ ကိုယ့်သဘောကိုသာမြင်သော၊ ဝါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံ ဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်း၊ လူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်း သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသား တို့ကို တွေ့မြင်သိရှိရ၍၊ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင်ပြုပြင်လာခြင်း၊ စသဖြင့် လောကလူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။

ထို့ကြောင့် ထိုသို့ ကူးလူးဆက်ဆံ အမြင်သန်အောင်၊ ကျောင်းများ၊ တက္ကလိုလ်များတွင် ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုကြရသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာမပြောရ မဆိုရ မလုပ်ရ မဆွေးနွေးရလျှင်၊ မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ ၂ ဘက်၊ ၂ ချက်စုံမှ ပညာရေးအစစ် မည်လေသည်။

တဖန် ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့် ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေဝပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြ၏။ ထိုမျှမက ယခုအခါ တနိုင်ငံနှင့်တနိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို လည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးမှုကိုလည်းကောင်း၊ လူသတ္တဝါတို့အားလည်းကောင်း မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရသိရန် လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ပြုလုပ်ရမည့် ဝတ္တရားများ ဖြစ်ကြ၏။

ထို့ကြောင့် ကမ္ဘာရှိကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍၊ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ ပပျောက်ရေးအကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါအလျှောက်လည်း၊ ကျောင်းသား၏ ဝတ္တရားလည်း ကွဲလာ၏။ ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ်၊ မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင်၊ ကျွန်ုပ်တို့သည် ယခုအခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်းကြီး ကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ဝင်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်း၏ တာဝန်ပင်တည်း။

ဗမာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂအသင်းဥက္ကဋ္ဌ ကိုအောင်ဆန်း ရေးသော “ကျောင်းသားဝတ္တရား” ဆောင်းပါးမှ ကောက်နုတ်ချက်….

ဤဆောင်းပါးကို မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်)၊ ၁၂၉၉ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ စာ ၁၇-၁၈ တွင်ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အားလုံးသော ရဟန်းအာဇာနည်၊ ကျောင်းသားအာဇာနည်၊ လူအာဇာနည် အပေါင်းတို့အား လေးစားသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲနှင့် ဒီဖိုင်း ကောင်းကောင်းတို့မှ ရှာဖွေတင်ပြခြင်းဖြစ်သည်။

တင်ပြသူများ……….ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲနှင့် ဒီဖိုင်း ကောင်းကောင်း

၂၆. အောက်တိုဘာလ၊ ၂၀၁၀

ဆက်လက်ဖက်ရှုရန်...

Monday, October 25, 2010

ဗိုလ်ချုပ်အောင်ဆန်း မိန့်မှာခဲ့သော သတ္တိ နဲ့ သစ္စာ


ဗိုလ်ချုပ်အောင်ဆန်း မိန့်မှာခဲ့သော သတ္တိ နဲ့ သစ္စာ

ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားသော လူငယ်တစ်ယောက်ဖြစ်သည့် ကျနော် တော်လှန်ရေးနေ့ အတွက်အမှတ်တရအဖြစ် ရေးရန် တပ်မတော်နှင့်ပတ်သတ်၍ ဗိုလ်ချုပ်မိန့်မှာချက်များကို လက်လှမ်းမီသရွေ့လိုက် ရှာမိသည်။ ဗိုလ်ချုပ်၏ မိန့်ခွန်းများ၊ သူ့စာသား၊ သူ့စကားအရ ဗိုလ်ချုပ်၏ စိတ်ဓါတ်မြင့်မြတ်မှုနှင့် လေးစားအားကျ အတုယူဖွယ် လုပ်ဆောင်ချက်၊ ခံယူချက်များကို တွေ့ရပါသည်။

ဗိုလ်ချုပ်က သူ၏သားသမီးသဖွယ်ဖြစ်သော တပ်မတော်သားများကို မိန့်ခွန်းပေးရာတွင် တကယ့်ခေါင်းဆောင် ကောင်းပီသစွာ လမ်းညွှန်မှု ပေးနိုင်ခဲ့သည်။ ဗိုလ်ချုပ်၏ တပ်မတော်သားများအပေါ်ထားတဲ့ မေတ္တာစိတ်၊ သူ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး သိက္ခာရှိပြီး ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို အမှန်တကယ် စောင့်ရှောက် ကာကွယ်ပေးနိုင်သော တပ်မတော်ကြီးဖြစ်စေလိုသော ဆန္ဒကို သူ၏ မိန့်ခွန်းများတွင် အထင်အရှား တွေ့နိုင်သည်။ သူ၏ မိန့်ခွန်းများ၌ မြန်မာ့တပ်မတော်တွင် အမှုထမ်းနေသော တပ်မတော်သားများသာမက အားလုံးသော ပြည်သူပြည်သားများ အတွက်ပါ အဖိုးတန် အကျိုးရှိလှသည်။

စားရေးဆရာ မှူးသမိန် ရေးထားသော စာအုပ်တစ်အုပ်တွင် သူတို့ ဂျပန်နိုင်ငံတွင် စစ်ပညာသင်နေစဉ်အတွင်း ဗိုလ်ချုပ်က လျှို့ဝှက်စာလှမ်းပို့ပြီး အားပေးစကားပြောရာတွင် “ ငါ့သားကြီးများ ပြန်လာမှ ” စကားလုံး ဟု ပါရှိသည်ကို ကျနော်သတိထားမိလိုက်သည်။ ကာယကံရှင်တပ်မတော်သားကြီးများမှာ အားတတ်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်သေသေ ပေးဆပ်မည်ဟု စိတ်ဓါတ် များ ဖြစ်ပေါ်သွား မည်ဟု ကျနော် တထစ်ကျယုံ ကြည်သည်။

ဗိုလ်ချုပ်၏ စကားလုံးတိုင်းသည် ရိုးသားမှုရှိသည်။ မေတ္တာပါသည်။ အင်အားပါသည်။ ဗိုလ်ချုပ်၏ စကားတိုင်းတွင် ဆန္ဒ အမှန်ပါသည်။ ဗိုလ်ချုပ်၏ စိတ်သည် ပြည်သူအတွက် ဖြစ်သည်။ ဗိုလ်ချုပ်၏အသက်နှင့်သွေးသည် တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်ဖို့အသင့်ရှိ သည်ကို သူ၏စကားနှင့်မိန့်ခွန်းများတွင် အထင်အရှားတွေ့နိုင်သည်။ ဒါကြောင့်သာ ဗိုလ်ချုပ်ကျဆုံးပြီး ဆယ်စုနှစ် ၆ ခုနီးပါးကြာသော်လည်း အမြဲမှန်ကန် ထိရောက် အသုံးဝင်ခဲ့သည်။ အသက်ဝင်ဆဲဖြစ်သည်။ ဗိုလ်ချုပ်၏မိန့်ခွန်းတိုင်းသည် တိုင်းပြည်နှင့်လူမျိုး အတွက် တကယ်ပေးဆပ်နေသော သူများ အဖို့ လိုတရဓါတ်လုံးရသလိုပင်ဖြစ်သည်။ အာဇာနည်များ၏ စိတ်ဓါတ်နှင့်လုပ်ရပ်ကား အံ့သြလေးစား ကြည်ညိုစရာပင်ဖြစ်သည်။

ကျနော့်၏ နှလုံးသားနှင့်အသိတရားကို နှိုးဆွပေးလိုက်သော ဗိုလ်ချုပ်၏ မိန့်ခွန်းတစ်ခွန်းမှာ -

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့်သစ္စာရှိလျှင် မောင်တို့ခြေချရာ အရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။” ဟု ဆိုတာဘဲဖြစ် ပါသည်။

ဒီစကားလုံးကို တွေ့မြင်ရပြီး ကျနော် တော်တော် ခံစားလိုက်ရပါသည်။ ဒါ့အပြင် ကျနော့်အာရုံထဲက မှန်းပြီး အဲ့ဒီအချိန်က လူထုလေး စားချစ်ခင်အားကိုးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းပြည် နှင့်လူမျိုးအတွက် တကယ်ပေးဆပ်ဖို့ တိုက်ပွဲဝင်ရဲသော တပ်မတော်သား ကြီးများကိုပါ မြင်မိပါ တော့ သည်။

သြော် ….. ဒို့နိုင်ငံဟာအရတော်လေစွ၊ ဗိုလ်ချုပ်လိုလူမျိုးကိုမွေးထုတ်နိုင်ခဲ့တာဟာ ဆုလာဘ်ကောင်းကြီးဘဲလို့ လည်း ဂုဏ်ယူမိပါတော့သည်။ ဗိုလ်ချုပ်၏ စကားလုံး တစ်ခုချင်းစီ၏ အဓိပ္ပါယ်ကိုလည်း တစ်ခုချင်းစီဆန့်ထုတ် တွေးတောဆင်ခြင် မိပါတော့သည်။

ဗိုလ်ချုပ်က သတ္တိနှင့်သစ္စာကို အလေးထားးပြောသွားခဲ့ပါသည်။ တိုက်ပွဲဝင်ရန် နီးကပ်နေပြီဖြစ်သော ရဲဘော်များ အတွက် အတိုဆုံးနှင့်အထိ ရောက်ဆုံး စကားလုံးများကို အခြေအနေ၊ အချိန်အခါ နှင့် တစ်ထပ်တည်းကျအောင် သုံးနိုင်သော ဗိုလ်ချုပ်၏ ဥာဏ်ပညာကြီးမားပုံနှင့် အသိပညာကား အတုယူ ဖွယ်၊ အားကျဖွယ်ပင်ဖြစ်သည်။

တချို့ခေါင်းဆောင်တွေဆို အနှစ် ၂၀ ကျော်လောက်အထိ အမြှုပ်တစီစီထွက် အောင် လျှာရိုးမရှိ ဟန်ပြစကား တွေ ပြော၊ မိန့်ခွန်းပြောသော်လည်း ကြားရသူမှာလည်း အချိန်ကုန်လူပင်ပန်း၊ သူ့ခဗျာလည်း စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းရှိကြရသည်ကို တွေ့နေရပါသည်။ လူ့တန်ဖိုး အဆင့်အတန်းကွာခြားမှုပင်ဖြစ်သည်။

ဗိုလ်ချုပ်ဆိုလိုသော “သတ္တိ” မှာ အချိန်မတော် ဘုန်းတော်ကြီးကျောင်းများသို့ အတင်းဝင်ရောက်ပြီး စီးနင်းပြီး ရက်စက်ယုတ်မာစွာ ပစ်ခတ် သတ်ဖြတ်ရဲသော၊ ခြောင်းမြောင်းရိုက်ရဲသော စိတ်ကိုမဆိုလိုပါ။ ဘာလက်နက်မှမရှိဘဲ ငြိမ်းအေးစွာ မေတ္တာပို့ ဆန္ဒပြ နေသော ဘုရားနှင့်တစ်ကိုင်းတည်းရှိသော ရဟန်း သံဃာများ၊ သားသမီးအရွယ် မောင်နှမအရွယ် ကျောင်းသား လူငယ်များကို သေနက်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ် သတ်ဖြတ်ရဲ သော၊ ယုတ်မာရက်စက်သော မိုက်ရူးရဲ သတ္တိကိုမဆိုလိုပါ။

ဗိုလ်ချုပ်သည် ယဉ်ကျေးသူ၊ လူပီသသူဖြစ်သည်။ ထို့ထက်အသိဥာဏ်ရင့်ကျက်သော မျိုးချစ်အာဇာနည်ဖြစ် သည်။ ဗိုလ်ချုပ်ဆိုလိုသော သတ္တိသည် တိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ ဘ၀ကို စတေးနိုင်သော၊ စတေးခဲ့ သော အဓမ္မတရားကို လက်မခံသော၊ ကိုယ်ကျင့် သိက္ခာနှင့်ပြည့်စုံသော “ သတ္တိ ” ကိုဆိုလိုသည်။

ထိုသို့အမှန်တရားအတွက် ပေးဆပ်ရဲသော စိတ်ဓါတ်ရှိသူများသည် မြတ်နိုးစွာရသ ကိုခံစားနိုင်သည့်အပြင် ထိုစိတ်ဓါတ်မျိုးရှိသူ များ နေ ထိုင်ရာအရပ် ( သို့ ) တိုင်းနိုင်ငံသည် လည်း လူမျိုးတင့်၍ နိုင်ငံအေးချမ်းစည်ပင်မည်ဖြစ် သည်။

ဗိုလ်ချုပ်ဆိုလိုသော သတ္တိမှာ အမှားကို အမှား၊ အမှန်ကိုအမှန်ဟု ရဲရဲပြောဆိုရဲသော စိတ်ဓါတ်ဖြစ်သည်။ ထိုသို့ အမှန်တရားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ရဲသော သတ္တိရှိရမည်ဟု ဆိုလိုပါသည်။

စစ်ပွဲဆိုသည်မှာ ပန်းနှင့်ပေါက်သော ပွဲတော်မဟုတ်ပါ။ သူသေကိုယ်သေတိုက်ခိုက်ရသော အသက်ဆုံးပါးနိုင် သည့် နေရာဖြစ်သည်။ အမှန်တရားအတွက် ကောင်းမြတ်သော တရားဥပဒေများအတွက် မိမိတာဝန်ကိုကျေပွန်ပြီး မှန်ကန်သော စိတ်သတ္တိဖြင့် ရင်ဆိုင်မှသာ တရားသောစစ် ဖြစ်မည်ဖြစ်သည်။

ဗုဒ္ဓ၏ဒေသနာတော်အရ လူ့ဘ၀၏ အဓိကတာဝန်မှာ သိက္ခာကိုစောင့်ထိန်းခြင်း ဖြစ်၏။

သိက္ခာကို စောင့်ထိန်း ခြင်းဆိုသည်မှာ လောက၌ “ အဓမ္မ ” အပေါ်မလွှမ်းမိုးနိုင်အောင် အားထုတ်ခြင်းဖစ်၏။ ထိုသို့အားထုတ်ခြင်းဖြင့် မိမိ၏ စည်းစိမ်ဥစ္စာဆုံးရှုံးသွားချင်လည်း ဆုံးရှုံးသွား နိုင်၏။ သို့ရာတွင် မည်သို့ပင် ဆုံးရှုံးသွားစေကာမူ မိမိတာဝန်ကို စွန့်လွှတ်ခြင်း မပြုအပ်။ မိမိ၏ တာဝန်ကို ရှောင်လွှဲခြင်း မပြုအပ်။ ဤသည်ကိုပင် “ သတ္တိရှိခြင်း ” ဟူ၍ ဆိုရ၏။ တာဝန်ကျေခြင်းဟူ၍လည်း ဆိုရ၏။

ထို့ကြောင့်ဗိုလ်ချုပ်ဆိုလိုသော သတ္တိမှာ ပြည်သူ၏ထမင်း၊ ပြည်သူတို့၏အသက်၊ သွေး၊ ချွေးများဖြင့် ရှာဖွေထား သော အစားအ သောက် များကို စား သောက်နေကြသော ပြည်သူ့ဝန်ထမ်းတပ်မတော်သားများကို ပြည်သူကပေး အပ်ထားသော တာဝန်ကျေကြရန် သတိပေး လိုက်ခြင်းလည်းဖြစ်သည်။ ပြည်သူကမွေးလိုက်သော ပြည်သူ့အတွက် ပြည်သူ့တပ်မတော်သာဖြစ်စေလိုသော ဗိုလ်ချုပ်၏ မေတ္တာနှင့် ကျေးဇူးသိတတ်မှုပင် ဖြစ်သည်။

နောက်ဗိုလ်ချုပ်အလေးထားပြောသော စကားလုံးမှာ “ သစ္စာ ” ပင်ဖြစ်သည်။ “သစ္စာ” ကို မြန်မာလို ဖြောင့်မှန်ခြင်း” (သို့) “မှန်ကန်ခြင်း” ဟု ဆိုနိုင်သည်။

အပြောနှင့် အလုပ်ရှေ့နောက်ညီညွတ်ခြင်းသည် ဖြောင့်မှန်ခြင်း တစ်မျိုးဖြစ်၏။ ဆရာတော်အရှင်ဇနကာဘိဝံသ က သူ၏ ဗုဒ္ဓ၀င်အမေး အဖြေ၌ “လိမ်၍ပြောခြင်း၊ ပြောသည့် အတိုင်း မလုပ်ခြင်းကား လူအများကို အထင်မှားအောင် လှည့်စားခြင်းမည်၏ ” ဟု ဖော်ပြထားပါသည်။

ထို့ပြင် “ဘုရားအလောင်းတော်သည် ပါရမီမရင့်သေးမီက ပါဏာတိပါတ –စသော ပြစ်မှုမျိုးကို ပြုတန်သလောက်ပြုမည် ဖြစ်သော်လည်း မုသားကိုကား သူတပါးအကျိုးပျက်အောင် သစ္စာဖျက်၍ မည်သည့်အခါမျှ မဆိုခဲ့ပေ ” ဟူ၍ လည်း ဗုဒ္ဓ၀င်အမေးအဖြေ၌ပင် ဖော်ပြထား၏။

တစ်ချို့နိုင်ငံအကြီးအကဲဟုဆိုသူများသည်ပင် သူတို့ကိုယ်တိုင်ပြုလုပ်ကျင်းပပြီး သူတို့ ကိုယ်တိုင်အာမခံကာ ပြု လုပ်ပေးခဲ့သော လူထု သဘော ထားခံယူပွဲ၊ ရွေးကောက်ပွဲများ ရလဒ်ကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ကာ လူအများကို လိမ်လည်ကြသည်များရှိသည်။ သစ္စာဖောက်ခြင်းဖြစ်သည်။ လှည့်ဖြားခြင်းဖြစ်သည်။

မင်းကောင်းမင်းမြတ်တို့ကျင့်သုံးအပ်သော ၊ လိုက်နာသင့်သော အချက်များကိုညွှန်ပြသည့် ရာဇဓမ္မသင်္ဂဟကျမ်း ၈၂ ၌လည်း “လောက၌ ကံအရာကို ချန်ထား၍ သစ္စာနှင့်မပြီးနိုင်သော အမှုမည်သည်မရှိ ” ဟူ၍ ဆိုထားသည်။ အလေးထားဖွယ်၊ ဆင်ခြင်ဖွယ်ပင်ဖြစ်သည်။

ဗိုလ်ချုပ်သည် ငယ်စဉ်ကတည်းကပင် ဘုန်းတော်ကြီးကျောင်းများ၌ ပညာသင်ကြားခဲ့သည့်အပြင် အတန်းကျောင်းများ၌လည်း အဆက်မပြတ်ပညာ ရှာမှီးခဲ့သူဖြစ်သည် နှင့်အညီ စိတ်၏သဘောကို ဓမ္မနည်းဖြင့်လည်း ကောင်းကောင်း နားလည်သဘောပေါက်သူဖြစ်ကြောင်း သံသယရှိရန်မလိုပေ။

“ သစ္စာ” ကို အပြောနှင့်အလုပ်ရှေ့နောက်ညီခြင်း ( သို့ ) တစ်ဖြောင့်တည်းကျခြင်းဟု ယူဆနိုင်သည်။ အမှန်မှာ စိတ်မှစ၍ ဖြစ်ပြီး နောက် မှသာလျှင် ဆိုင်ရာဆိုင်ရာ ကာယကံမှု၊ ၀စီကံမှု တို့သည် သင့်လျှော်သလိုဖြစ်ကြ၏။ ထို့ကြောင့် စိတ်မှာဖြစ်ခြင်း၊ နှုတ်မှာဖြစ်ခြင်းနှင့် ကိုယ် မှာဖြစ်ခြင်းတို့သည် ရှေ့နောက်ညီညွတ်ဖို့လို၏။ တစ်ဖြောင့် တည်းကျဖို့လို၏။

ထိုကဲ့သို့ ရှေ့နောက်ညီညွတ်ခြင်းကိုပင် ဖြောင့်မှန်ခြင်းဟူ၍လည်းကောင်း၊ သစ္စာရှိခြင်း ဟူ၍လည်းကောင်း၊ ရိုးသားခြင်းဟူ၍လည်း ကောင်းဆိုရမည်။ သို့မဟုတ်ပါက သစ္စာမဲ့ခြင်း

(သို့ ) မရိုးသားခြင်းပင်ဖြစ်သည်။

စိတ်ထားမြင့်မြတ်သူ၊ သိက္ခာရှိသူ၊ ကိုယ့်ကိုကိုယ်တန်ဖိုးထားသူများဟာ သစ္စာရှိကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရား ကို အပြောနှင့် အလုပ်ညီသူ “ ယထာဝါဒီ တထာကာရီ ” ဟူ၍ ဖွဲ့ချီးတော်မူကြသည်။ လောကတွင် စကားသည် တကယ်တမ်းသာ သစ္စာနှင့်ယှဉ်ပါက တကယ်တမ်းပင်စွမ်းအား ရှိသည်။ သို့ရာတွင် လူအများမှာ ရာထူး၊ စည်းစိမ်နှင့် အခြား ကြောက်ရွံ့များကြောင့် လိမ်လည်နေကြသည်။

သစ္စာပါရမီ ဟူသည်ကား “ ပုဂ္ဂိုလ်ကိုငဲ့၍ ဆိုရသောစကားမဟုတ်၊ ဓမ္မကိုငဲ့၍ဆိုရသောစကား သာ ဖြစ်၏ဟု ဆရာကြီးဦးရွှေအောင် က သူ၏ “ ဗုဒ္ဓ(သို့) လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူး ရှင် ” စာအုပ်တွင် ဖော်ပြထားသည်။

တကယ်တွေးကြည့်လျှင် ဗမာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းလိုခေါင်းဆောင်ကောင်း၊ ခေါင်းဆောင် မြတ်ရထားသည်မှာ အလွန်ဂုဏ်ယူထိုက် သည်။ စစ်ပွဲတွင် တစ်ဦးနှင့် တစ်ဦး သစ္စာရှိဖို့အရေးသည် အလွန်အရေး ကြီးရုံသာမက အခြားလူမှုဆက်ဆံရေးအတွက်လည်း အလွန်အရေးပါသည်။ ကတိသစ္စာများမြဲသောအခါ နွယ်မြတ်သစ်ပင်ဆေးဖတ်ဝင်၏ အဆိုလည်း ရှိသည်မဟုတ်လား။

လူအများစုသည် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလုပ်နေကြသည်။ သူတို့၏ အသွင်သဏ္ဍာန်နှင့်အနှစ်သာရတို့ သည် အချင်းချင်း ဆန့်ကျင်နေကြ၏။ ထိုသူများကို

“သစ္စာဖောက် ” များဟု သတ်မှတ်နိုင်သည်။

သစ္စာဖောက်ရာတွင် လောကသစ္စာဖောက်သူများ ရှိသလို ဓမ္မအပေါ်သစ္စာဖောက်သူများ လည်းရှိသည်။ နှစ်ခုစလုံးကို သစ္စာဖောက်သူများလည်းရှိသည်။ သစ္စာဖောက်လျှင် သစ္စာဖောက်တို့သွား ရာလမ်းအတိုင်း တစ်ခုသောနေ့တွင် ထိုသူတို့ နှင့် ထိုသူတို့၏ အပေါင်းအပါများသည် သွားကြရမည်ဖြစ်သည်။ သစ္စာသည် ရှင်း၏။ ပြတ်သား၏။ သစ္စာကို လေးစားလျှင် သစ္စာကပြန်ချီးမြှောက်၏။ သစ္စာကိုလှည့်ပတ်လျှင် သစ္စာက ပြန်၍ဒဏ်ခတ်၏။ ဤကား ဓမ္မတာ တည်း။

ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးအရွယ်ဖြစ်သော အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကြီး သည်လည်း သူ၏ဘ၀ တစ်လျှောက်လုံးလုပ်ငန်း များကို ဆောင်ရွက်ရာ၌ သစ္စာ၏ စွမ်းအားကို အသုံးပြု၍ ဆောင်ရွက်သည်ချည်းဖြစ်၏။ ထို့ကြောင့်လည်း သူ၏ ဆောင်ရွက်နည်းကို

“ သစ္စဂ္ဂါဟံ ” ဟူ၍ ခေါ်သည်။ အသက် ၂၀ ကျော်သာရှိသေး သော ဗိုလ်ချုပ်အောင်ဆန်း၏ ရင့်ကျက်မှုနှင့် အမြော်အမြင်ကြီးမားမှုမှာ အံ့သြလေးစားဖွယ်ပင်ဖြစ်သည်။

ဗိုလ်ချုပ်က “သတ္တိနှင့်သစ္စာရှိလျှင် မောင်တို့ခြေချရာအရပ်များသည် အောင်မြေချည်းဖြစ်သည်” ဟု ဆိုထား သည်မှာ အလွန်မှန် ကန် သည်။

ဗိုလ်ချုပ်ဖောက်ပေးသော အောင်မြေသည် ယခုဘ၀အတွက်သာမဟုတ် နောင် တမလွန်ဘ၀အတွက်လည်း အသုံးဝင်သည်။ ဗိုလ်ချုပ် သည် ပြောသလိုလုပ်ပြီး၊ သတ္တိ ဗျတ္တိနှင့်လည်း ပြည့်စုံသူ ဖြစ်သည်။ သူသည်သူ့လိုပင် ရင့်ကျက်သော၊ တိုင်းပြည်အတွက်၊ အမှန်တရားအတွက်၊ တရားသော စစ်ပွဲများအ တွက် အဓမ္မကိုပယ်ပြီး ဓမ္မကို လေးစား မြတ်နိုးသော၊ တိုင်းပြည်နှင့်လူမျိုးကို တန်ဖိုးထားတတ်သော၊ စိတ်ထားမှန်ကန်၊ ဖြောင့်မတ်ရိုးသားသော တပ်မတော်သားများဖြစ်စေလိုသည်မှာ အထင်အရှား ဖြစ်ပါတော့သည်။

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလိုလားသော သတ္တိ နှင့် သစ္စာရှိသော တပ်မတော်ကြီး မြန်မာ့မြေပေါ်တွင် အမြန်ဆုံးဖြစ် ပေါ်ပါစေလို့ ရင်ထဲမှ နှစ်နှစ်ကာကာ ဆန္ဒပြုလိုက်ရပါသည်။





ကျောင်းသားတစ်ဦး (ဘလော့ခ်ဂါ အလင်းဆက်)

၁၅ ဧပြီ ၂၀၁၀


ဘလော့ခ်ဂါ အလင်းဆက် မှ ကျောင်းသားတစ်ဦး နာမည်ဖြင့်ရေးသားခဲ့သော အဖိုးထိုက်တန်သော မှတ်သားစရာ စကားတစ်ခွန်း ဆောင်းပါးကို ခေါင်းစဉ်ပြောင်းပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။



ဆက်လက်ဖက်ရှုရန်...

Friday, October 22, 2010

စစ်ခွေးတို့၏ အလံသစ် နှင့် အောက်လမ်း အစီအမံ

စစ်ခွေးတွေက နိုင်ငံတော် အလံသစ်လွှင့် တင်တဲ့နေရာမှာ ပါဝင်တဲ့သူတွေဟာ အထက်အာဏာပိုင်တွေက ဗေဒင်ကိန်ခန်းအတိုင်း အချိန်နာရီ၊ နေ့သင့်နံသင့် မွေးနေရှင်တွေကအစ အတိအကျ လုပ်ရမယ်ဆိုတဲ့ အမိန့်စာကို ကြံ့ဖွံ့တွေ အကြားမှ ယခင်ကတည်းက လျှို့ဝှက်ဖြန့်ချိထားတယ်လို့ သိရပါတယ်။

“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေပုဒ်မ ၄၃၇၊ ပုဒ်မခွဲ (က) ပါ နိုင်ငံတော်အလံ စတင်လွှင့်ထူ ခြင်း”

ဖြစ်ပေါ်လာသည့် ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ဥပဒေကို ပြဋ္ဌာန်းပြီးနောက် အလံဟောင်းနှင့် အလံသစ်ကို လဲလှယ်လွှင့်ထူရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်

၁။ အလံနှစ်ခု လဲလှယ်သည့် အချိန်တွင် အလံတိုင်၌ နိုင်ငံတော်အလံ လစ်ဟာသွားခြင်း မရှိစေရေး ဆောင်ရွက်ရမည်။

၂။ အလံလဲလှယ် လွှင့်ထူမည့်သူများအဖြစ် နေ့သင့်နံသင့် အလိုအရ အင်္ဂါနေ့ မွေးဖွားသူတဦးနှင့် ဗုဒ္ဓဟူးနေ့ မွေးဖွားသူတဦးတို့ ဆောင်ရွက်စေရမည်။

၃။ အလံလဲလှယ် ဆောင်ရွက်မည့် အချိန်တွင် ၀န်ကြီးဋ္ဌာန၊ ဦးစီးဋ္ဌာန နှင့် အခြားဌာနများအလိုက် တက်ရောက်နိုင်သော အကြီးအကဲများနှင့် ၀န်ထမ်းများ အလံတိုင်ရှေ့တွင် စုရုံးရမည်။

၎။ အလံတော်အသစ်ကို အင်္ဂါသား၏ ပုခုံးပေါ်တွင် အသင့်တင်ထားပြီးနောက် အလံဟောင်းကို တိုင်ထိပ်မှ ဖြေးညင်းစွာ လျှောချရမည်။ ထိုသို့လျှောချစဉ် ကြိုးများကိုဆွဲရာ၌ အင်္ဂါသား၏ လက်များသည် ဗုဒ္ဓဟူးသား၏ လက်များ အထက်တွင်ရှိရမည်။

၅။ အလံဟောင်းသည် အလံလဲလှယ်သူများ၏ ခါးလည်ခန့် ရောက်လာသည့် အခါတွင် အလံဟောင်းကို မဖြုတ်သေးပဲ ဗုဒ္ဓဟူးသား၏ ပုခုံးပေါ်တွင် တင်ထားဆဲတွင် အလံဟောင်း၏ အထက်နေရာ၌ အလံသစ်ကို တပ်ဆင်ရမည်။

၆။ အလံသစ်ကို ချည်နှောင်တတ်ဆင်ပြီးသောအခါတွင်မှ အလံဟောင်းကို ဖြုတ်ရမည်။

၇။ ထို့နောက် အလံသစ်ကို တိုင်ထိပ်သို့လွှင့်တင်ရမည်။ လွှင့်တင်သည့် အချိန်တွင်လည်း ကြိုးများကိုဆွဲရာတွင် အင်္ဂါသား၏ လက်များသည် ဗုဒ္ဓဟူးသား၏ လက်များ အထက်မှ ဆောင်ရွက်ရမည်။

၈။ အလံလွှင့်တင်ချိန်တွင် နိုင်ငံတော် သီချင်းကိုဖွင့်ရမည်။

၉။ အလံသစ်ကို တင်ပြီးလျှင် တက်ရောက်လာသူ အားလုံးနိုင်ငံတော် အလံအား အလေးပြုရမည်။

၁၀။ နိုင်ငံတော်အလံသစ် လွှင့်တင်သည့် အခမ်းအနားသည် လွတ်လပ်ပွင့်လင်းသည့် ဟင်းလင်းပြင်တွင် ပြုလုပ်ရမည် အမိုးအကာအောက်တွင် မပြုလုပ်ရ။

၁၁။ အခမ်းအနားဆောင်ရွက်နေစဉ် မိုးရွာလျှင်လည်း အစိုခံ၍ ပြီးမြောက်အောင် ဆောင်ရွက်ရမည်။

(မှတ်ချက်- ထီးမဆောင်းရ ၊ ဦးထုပ်မဆောင်းရ ၊ မိုးခိုလှုံမှု မပြုလုပ်ရ)

အလံသစ်လွှင့်ထူမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အကြောင်းကြားမည် ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် ဖြစ်သည်။

၁၂။ အလံဟောင်းကို နိုင်ငံတော်အလံ ဥပဒေနှင့်အညီ တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးရမည်။ ( အဘညွှန်ကြားချက် – မီးရှို့လျှင် အိုးအလွတ်၊ ပုံးအလွတ်ထဲတွင်ထည့်၍ ပြာကျအောင် မီးရှို့ပါ၊ ပြီးလျှင် ပြာကိုမြစ်ထဲ မျှောပါ။)

***မှတ်ချတ်…အဘညွန်ကြားချက် နေရာတွင် စစ်ခွေးညွန်ကြားချက် ဟုခေါ်ပါရန်။

နိုင်ငံတော်အလံသစ်ကို နိုင်ငံတော်အလံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာလိုက်နာရမည်။

ဆိုပြီးတော့ ညွှန်ကြားချက်တွေ ပေးထားတယ်လို့ သိရပါတယ်။

စစ်ခွေးတွေ ဘယ်လောက် အယူသည်းတယ်ဆိုတာ သူတို့လုပ်ခဲ့တဲ့ အောက်လမ်းနည်း လုပ်ရပ်၊ အစီအမံများ၊ သူတပါးကို နာမ်နှိမ်လိုသော အပြုအမှုများတွင် တွေးကြည့်နားလည် နိုင်သည်။

ပညာရပ်ပိုင်းအရ ဗုဒ္ဓနဲ့ ဓမ္မယတြာ၊ အထက်လမ်း ဆိုင်ရာ ယတြာနဲ့ အောက်လမ်း ဆိုင်ရာ ယတြာရယ်လို့ ယတြာ ချေနည်း အုပ်စု ၃စု ရှိပါတယ်။ ဗုဒ္ဓနဲ့ ဓမ္မ ယတြာကတော့ အစွမ်းဆုံးနဲ့ ဘယ်သူမှ အန္တရာယ် ပေးလို့ မရတဲ့၊ မနိုင်နိုင်တဲ့ အထွဋ် အမြတ်ဆုံး ယတြာပါပဲ။ ဗုဒ္ဓနဲ့ ဓမ္မကို ရင်ထဲမှာ ကိန်းထားရင် အထက်လမ်း၊ အောက်လမ်း အစီအရင်များ မည်မျှပင် ထက်မြက် နေပါစေ မြတ်စွာဘုရားရဲ့ တန်ခိုးတော် အနန္တ အောက်မှာ ပြားပြားဝပ်သွားတာပါ။ ဗြဟ္မာမင်း တချို့ကိုတောင် ပူးဝင် နှိပ်စက် နိုင်တဲ့ မာရ်နတ်မင်းနဲ့ သူ့စစ်သည် တို့ကိုတောင် အောင်နိုင်ထားတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်နဲ့ အဆုံးအမတို့ကို နှလုံးသား ထဲ ကိန်းဝပ်ထားတဲ့ လူတိုင်းဟာ ၀ဋ်နာကံနာ ကြောင့်က လွဲလို့ မည်သူ့ရဲ့ နှိပ်စက်မှု ကိုမှ မခံရနိုင်ပါဘူး။ မည်သူကမှ စိတ်ညှို့လို့ မရသလို ဘယ်နတ် ကမှလည်း ပူးဝင်လို့ မရနိုင်ပါဘူး။ ဘယ်အစီအရင် ကမှလဲ ဒုက္ခ မပေးနိုင်ပါဘူး။ တခြား ဘာနည်းကမှ သည် ဗုဒ္ဓနဲ့ ဓမ္မယတြာကို ကျော်အောင် မစွမ်းဆောင်နိုင်ပါဘူး။

ဗုဒ္ဓနဲ့ ဓမ္မယတြာ ဆိုတာ မိမိရဲ့စိတ်အတွင်းမှာ ဓမ္မ စေတီ တည်ခြင်း ၊ ဘုရား ဂုဏ်တော်ကို ပွားများ နေခြင်း၊ ဘုရား၏ အဆုံးအမ သြ၀ါဒကို လိုက်နာခြင်း (ပြုလုပ်သူ မိမိကိုယ်တိုင် အတွက်ပဲ လုံခြုံပါတယ်)၊ ဘုရား စေတီ ပုထိုးများတွင် ကုသိုလ်ဖြစ် လုပ်အားပေး ခြင်း၊ တရားတော် အစစ်များ ပြန့်ပွားအောင် ဖြန့်ဖြူးခြင်း (မိမိနဲ့တကွ ပါဝင် ပတ်သက် သူများ အားလုံး အတွက်ပါ လုံခြုံ ကုသိုလ်ရ စေပါတယ်) ၊ သာသနာ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သင်္ဂါယနာ တင်ခြင်း (စိတ် စေတနာ သန့်သန့်နှင့် လုပ်နည်း လုပ်ဟန် မှန်ကန်စွာ လုပ်တတ်ရန် အရေးကြီးပြီး စေတနာ မသန့်ပါက၊ လုပ်နည်း မှားပါက ကိုယ်တိုင် မကယ်နိုင် ကယ်မရ လောက်အောင် ဒုက္ခရောက် တတ်ပါသည်) ၊ တရားတော် များကို အနက် အဓိပ္ပာယ် သိသိ စိတ်တွင် အနှစ်ပါပါ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း တို့ပါဝင် ပါတယ်။ သည် ယတြာ တွင် စိတ်စေတနာ မသန့်မှု ကြောင့် တန်ပြန် ဒဏ် သက်ရောက် ခဲ့ပါလျှင် စိတ် ဒုံးဒုံးချကာ စိတ်ထား အမှန်ဖြင့် ပြန်လည် ၀န်ချ တောင်းပန် ခြင်းဖြင့် အပြစ် လျော့ပေါ့ ပပျောက် တတ်ပါသည်။ သည် ယတြာမှာ သူတပါးကို မကောင်း ကြံစည်လို့ လုံးဝ အသုံးချလို့ မရနိုင်ဘဲ မိမိကိုယ်ကို ကာကွယ်ဖို့သာ သုံးလို့ရတာ ဖြစ်ပါတယ်။ သည်ယတြာ များကို ပြုလုပ်ခြင်းဖြင့် လောကီတွင် အဆင်ပြေ ခြင်းရော လောကုတ္တရာတွင် အထုံဝါသနာ ပါခြင်းပါ ပြီးပြည့်စုံပြီး ကောင်းကျိုး ပေးကာ ယတြာ အတွက် သက်သက် ပြုခြင်း မဟုတ်ဘဲ ဘာသာတရားကို သက်ဝင် ယုံကြည် ကိုင်းရှိုင်းမှုဖြင့် သူတော်ကောင်း တရားများ ပြည့်စုံလာပြီး ပါရမီ ရင့်သန်လာပါက သံသရာ ပြတ်ပြီး နိဗ္ဗာန် သို့ပါ ဆိုက်ရောက် စေနိုင်ပါသည်။ ဥပမာအနေဖြင့် အနာထပိဏ် သူဌေးကြီးရဲ့ သား မောင်ကာဠ လို ပိုက်ဆံ လိုချင်လို့ တရားနာရင်း သောတာပန် တည်ခွင့် ရသလိုပင် ဖြစ်ပါသည်။

အထက်လမ်းဆိုင်ရာ ယတြာကတော့ အဆောင်နဲ့ အကျင့် ၂မျိုးရှိကာ အဆောင်တွင် အင်း၊ ဓာတ်လုံး၊ ဓာတ်ဆင်၊ ဓာတ်ရိုက်၊ ဇော်ဂနီ ဇော်ဂနက် စမရုပ် များ အသက်သွင်း မန်းမှုတ် ခိုင်းစေခြင်း၊ သျှိုရုပ်များ ထုလုပ် စီရင် ထားခြင်း၊ အကျင့်တွင် အဓိဌာန် ၀င်ခြင်း၊ ဂါထာ မန္တာန်များ ရွတ်ဖတ် ခြင်း ( ဓမ္မယတြာမှ ဂါထာများနှင့် မတူသော သက်ဆိုင်ရာ ပညာပိုင်း ဂါထာများဖြစ်ပြီး ကျင့်စဉ်ပါသော ဂါထာများ နှင့် ကျင့်စဉ်မပါသော ဂါထာများ ၂မျိုး ရှိပါသည်) အစရှိ သည်တို့ ဖြစ်ပါသည်။

အောက်လမ်းနှင့် အထက် လမ်း ပညာခန်း ၂ရပ်မှာ ရန်ဖက်များ ဖြစ်ကြပြီး ယင်းတို့ နှစ်ဖက်တွင် မည်သူ သာသည်ဟု တထစ်ချ လှေနံ ဓားထစ် ပြောလို့ မရနိုင်ဘဲ အစီအရင်များ စီရင်နေဆဲတွင် အနှောင့်အယှက်များ အပြိုင်ဝင် လေ့ရှိရာ ပိုအား ကြီးသူ နိုင်လေ့ရှိပြီး အစီအရင်တချို့ ပျက်စီးသည် များလည်း ရှိတတ်ပြီး ပျက်မှန်း မသိ ပျက်သော အစီ အရင် များကို (အင်း၊ ဓာတ်လုံး စသည်) အကောင်း ထင်မှတ် သုံးဆောင် မိပါက ဒုက္ခရောက် တတ်ကာ ပြန် ဖြေရ ခက်တတ် ပါသည်။ ထို့ပြင် ထိုအင်းများ ဓာတ်လုံးများကို စီရင်ချင်တိုင်း စီရင်လို့ မရနိုင်ဘဲ အဆင့် တစ်ဆင့်တိုင်းကို နက္ခတ် အချိန်စောင့်ရင်း လိုအပ်သော သမထနှင့် ကျင့်စဉ်များ အဓိဌာန်များ ၀င်ရင်း စီရင် ရသည် ဖြစ်ရာ ပလူပျံအောင် ထုတ်လုပ်ပြီး မိတ္တူကူး ထားသော အင်းချပ်များ၊ ပေါပေါ လောလော ရနေ သော ဓာတ်လုံးများ မည်သို့မှ အစစ်အမှန် မဖြစ်နိုင်ပါပေ။ တိုက်ရင်ပြောင် ဆောင်ရင်လေး ရေစိမ်သောက် ရင် သေးပေါက် သလောက်သာ စွမ်းသော ဓာတ်လုံးသာ ဖြစ်ချေမည်။ အထက်လမ်း ယတြာ များသည် အစစ်အမှန် အစင်အကြယ် ရနိုင်လျှင် သူတပါးရဲ့ ရန်စွယ် ရန်ပြုခြင်းကို တားမြစ်ခြင်းနဲ့ မိမိ ကိုယ်ကို ကာကွယ်ခြင်း များအတွက် လည်းကောင်း၊ မျက်နှာပွင့်ခြင်း၊ စီးပွားကောင်း၊ ဈေးခေါ် ကောင်းခြင်း စသည်တို့ အတွက် အသုံးကျ လေသည်။

အောက်လမ်းဆိုင်ရာ ယတြာခေါ် အစီအရင်များကတော့ သူတပါးကို ဒုက္ခ ပေးဖို့ လုပ်တာ များလေသည်။ အောက်တန်းကျသော အကြံအစည် တို့နဲ့ စီရင် ပြုလုပ် လေ့ရှိသော အစီအရင် ဖြစ်သောကြောင့် အောက် လမ်း ဟုခေါ်ခြင်း ဖြစ်လေသည်။

ထို အစီအရင် များတွင် စုန်းတိုက်၊ သရဲတစ္ဆေ မွေးထားပြီး မကောင်း ရာတွင် ခိုင်းစေခြင်း၊ အပင်းလုံး သွင်းခြင်း၊ စိတ်ညှို့ပြီး လိုရာခိုင်းခြင်း၊ ယုတ်ညံ့ သည်ဟု သတ်မှတ်ခံ ရလေ့ ရှိသော မီးနေသည် ရဲ့ လုံချည်ကို အသုံးချခြင်း (တလွဲ အသုံးချမည် စိုးသောကြောင့် မဖော်ပြပါ) စသည် တို့သည် အောက်လမ်း ဆိုင်ရာ ဓာတ်ဆင် ဓာတ်ရိုက် ခြင်း များ ဖြစ်ကြပြီး အများဆုံး လုပ်လေ့ရှိသည်မှာ အစားအစာ ထဲသို့ အဆိပ် မဟုတ်သော အောက်လမ်း ဆေးခတ်ခြင်း၊ ခန္ဓာကိုယ် ထဲသို့ ခုံဖိနပ်၊ ဆံပင် ချည်ထွေး၊ တိရစ္ဆာန် များ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ထည့်သွင်း ထား ခြင်း နှင့် ချစ်သူ၊ မုန်းသူအတွက် အရုပ် စီရင်ပြီး ထိုအရုပ်ကို ထိုသူရဲ့ ဓာတ်သွင်းပြီး ရောဂါဖြစ်စေခြင်း၊ ထိုအရုပ်ကို စိတ် ညှို့ပြီး လိုရာခိုင်း ခြင်း၊ ဒုက္ခရောက်စေခြင်းနှင့် အရုပ်ကို ခေါင်းတပိုင်း ကိုယ်တပိုင်း ဖြစ်အောင် လုပ်ခြင်း စသည်ဖြင့် များစွာ သော မကြံစည် တတ်နိုင် လောက်သော ရှာရှာဖွေဖွေ နည်းလမ်းများ ရှိလေသည်။

ကိုယ်ပြုသည့်ကံ ကိုယ့် ထံပြန် ဆိုသလို သည်လမ်းကို လုပ်သူရော၊ အသုံးချသူပါ မကြာခင် ပြန်ဝဋ်ခံရ လေ့ရှိပါသည်။ ထို့ပြင် အသုံးချခံ ရသူက သီလ၊ သမာဓိ ရှိသူ ဖြစ်နေပါလျှင် ထိုသူကို သက်ရောက်မှု မရှိဘဲ တန်ပြန်ကာ စီရင်သူ နှင့် စီရင် ခိုင်းသူ တို့သာ ပိုမို ဒုက္ခရောက်ကာ တန်ပြန် ဒဏ်ခတ်မှုကို ဆိုးဆိုးရွားရွား ပြန်ခံရလေ့ ရှိပါသည်။

ကျင့်စဉ် ကျင့်ခြင်း၊ ဂါထာ မန္တန် ရွတ်ခြင်း၊ အရုပ် စီရင်ခြင်း၊ အကြားအမြင် နဲ့ဟောခြင်း နှင့် အင်းဆွဲခြင်း တို့ သည် အထက်လမ်း တွင်ရော အောက်လမ်း တွင်ပါ ရှိပြီး မိမိကိစ္စ အောင်မြင်လျှင် ပြီးရော ဘာလမ်းမှန်းမသိ လျှောက်လုပ် တတ်သူများ မခွဲခြား နိုင်ဘဲ ၀ါရင့် ကျွမ်းကျင် ပညာသည် များသာ ခွဲခြားနိုင် ကြပါသည်။ ထို့ကြောင့် ယခုခေတ် မြန်မာနိုင်ငံ အတွင်း သိုက်ဆရာ၊ ဓာတ်စီး၊ နတ်စီး၊ ဗေဒင်၊ ဘိုးတော် အစရှိသည်တို့ ပေးလေ့ရှိသော ယတြာ၊ အဆောင်နှင့် အစီအရင်များသည် ကောင်းဖို့ထက် ဆိုးဖို့ များနေသည်ကို ရာခိုင်နှုံး ဖြစ်နိုင်စွမ်း ကို မှန်းကြည့် နိုင်ပါသည်။

ထို့ကြောင့် အကောင်းဆုံးမှာ ဗုဒ္ဓနှင့် ဓမ္မ ယတြာ စစ်စစ်များကိုသာ စိတ်ဖြောင့်ဖြောင့် ကြည်လင် အေးချမ်း သော စိတ်ဖြင့် ကျင့်သုံး လိုက်နာ ကြရင်း လောကီရော လောကုတ္တရာပါ နှစ်ဖြာသော အကျိုး စီးပွားများကို ရယူ ပိုင်ဆိုင် နိုင်ကြပါစေ။

မောင်ဒေါင်းဝေ

၂၃. အောက်တိုဘာလ. ၂၀၁၀

အင်တာနက်ရှိ အချက်အလက်များကို စုဆောင်းရေးသားခြင်းဖြစ်ပါတယ်။

ဆက်လက်ဖက်ရှုရန်...



ဆက်လက်ဖက်ရှုရန်...

Thursday, October 21, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်








အမေစု အား ဦးညွတ်ဂုဏ်ပြုသော အားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ထက်အောင်ရှိုင်း၊ အလင်းဆက်၊ ခမိခဆဲ ၊ ကောင်းကောင်း တို့မှ ဖန်တီးးသည်။

ဆက်လက်ဖက်ရှုရန်...

Monday, October 18, 2010

မုန်တိုင်းကြားက ယုံကြည်ချက်ခိုင် ကလောင်ကိုင် အကိုတော် မင်းကိုနိုင်




အကိုတော် မင်းကိုနိုင် ၏ ၄၈ နှစ်မြောက် မွေးနေ့မင်္ဂလာ အတွက်
ညီများဖြစ်ကြသော ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ထက်အောင်ရှိုင်း၊ အလင်းဆက်၊ ခမိခဆဲ ၊ ကောင်းကောင်း တို့မှ ဖန်တီးးသည်။

၁၈. အောက်တိုဘာလ၊ ၂၀၁၀

ဆက်လက်ဖက်ရှုရန်...

Sunday, October 17, 2010

အမေစုပြောတဲ့ "ဒီမိုကရေစီ"


လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဆိုင်ရာတိုးတက်မှု (Economic Growth) ဖြစ်ရုံနဲ့တင် မပြည့်စုံနိုင်ပါ။ ၎င်း၏ ဗဟိုချက်မှာ အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ အလိုပြည့်ဝမှု (Inner Fulfillment) တို့ဖြစ်သည်။ အမြင်ကျဉ်းမြောင်းသော အီလစ်များ၊ တရားလက် လွတ်ဆန်ဆန်ပြုမှု ကျင့်ကြံနေကြသော နိုင်ငံရေးဦဆောင်မှုတွေရှိတဲ့ ကမ္ဘာ့တစ်ခု ရှိနေသည်။ ယင်းကမ္ဘာတစ်ခုတွင် လူသားနှင့် ယဉ်ကျေးမှုတန်ဖိုးများ အလွန်အရေးပါစေရန် အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်း ဆိုင်ရာ အလိုပြည့်ဝမှု အချက်များကိုသာလျှင် ဖော်ဆောင် ပေးသည်။ နိုင်ငံရေး နှင့် လူမှုရေး အသွင်ကူးပြောင်းရေးတွင် ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ခေတ်ကာလ၏ အဓိကကျ သော ကိစ္စတစ်ရပ်ဖြစ်သည်။ ထိုမှသာ လွတ်မြောက်ခြင်း (Liberation) သည် ထိန်းချုပ်ခြင်းအထက်ကရှိသော၊ လူသားတန်ဖိုး (Human Worth) သည် အာဏာပါဝါအထက်ကရှိနေသော လူ့အဖွဲ့အစည်းများတည်ဆောင်နိုင် မည်ဖြစ်သည်။ ဒီပုံစံအရဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှု (Development) သည် စစ်မှန်သော လူ့အခွင့်အရေးများရှိသော ဒီမိုကရေစီ ကိုသာ လိုအပ်နေသည်။

ဒီမိုကရေစီရလျှင် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် သူ့အလိုလို တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး လိုက်သည်။ ယင်းပတ်ဝန်းကျင်တွင် လူသားအားလုံးသည် တန်ဖိုးရှိကြပြီး လူတစ်ဦး တစ်ယောက်ချင်းစီ၏ တန်ဖိုးကိုလည်း နားလည်သွားစေသည်။ ဆင်းရဲမှုတိုက်ဖျက်ခြင်းသည်လည်း ဖြစ်စဉ်တစ်ခုအဖြစ်ပါဝင်လာသည်။ ယင်းဖြစ်စဉ်သည် ဆင်းရဲသူများနှင့် သူတို့ကမ္ဘာ၏လမ်းစဉ်ကို ပြောင်းလဲ စေသည်။ သူတို့ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရုံနဲ့ မလုံလောက်ပါ။ သူတို့၏ အနာဂါတ်ကို သူတို့ဘာသာ ပုံဖော်နိုင်တဲ့ အသိစိတ်ဓါတ် ရှိသွားစေရမည်။

တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးနေတဲ့အစိုးရများ (Totalitarian) အများစုကတော့ ပြောင်းလဲမှုကို ကြောက်ရွံ့နေမှာဘဲဖြစ်သည်။ တစ်ပါတီ အာဏာရှင်များအနေနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးကို တုန့်ဆိုင်းနေသည်နှင့်အမျှ သူတို့၏ အပြုသဘော ဆောင်ရွက်ချက်များ သည်ပင်လျှင် အလာဟသ ပျက်ယွင်းသွားနိုင်သည်။ နိုင်ငံ့ပေါ်လစီအောင်မြင်ခြင်းသည် ပြည်သူတို့၏ ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒ အပေါ်တွင်သာ မူတည်သည်။

ဒီမိုကရေစီတန်ဖိုးနှင့် လူ့အခွင့်အရေးများသည် အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်နေသည်ဟု ပြောဆို နေသည်များ လည်းရှိသည်။ လူများကလည်း အစိုးရအတွက် “ မသင့်တော်ပေဘူး ” ဟု ထင်မြင် လာအောင်လုပ်နေသည်များလည်းရှိသည်။ အမှန်တရားနှင့်အလွန်ဝေးကွာနေသော အရာမရှိပါ။

ယခု ကျမတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်ရှိ မတူကွဲပြားနေကြတဲ့ နိုင်ငံများ၊ ပြည်သူများက လူ့တန်ဖိုး၏ အခြေခံကျသော အချက်တစ်ခုအပေါ် သဘောတူညီရေးဘဲဖြစ်ပါတယ်။ ယင်းအချက်သည်သာ ကမ္ဘာလုံး ဆိုင်ရာလူ့အသိုင်းအ၀ိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတစ်ရပ် (A Force) အဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

စစ်မှန်သော စီးပွားရေး အသွင်ကူးပြောင်းရေးဆိုသည်မှာလည်း နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုဖြစ်စဉ်များ မှသာဖြစ်လာနိုင်သည်။ လျှင်မြန်သော ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူမှုအဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်းသည်သာ ဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ်အရာ (sine qua non) ဖြစ်သည်။ သို့မှသာလျှင် လူသားတွေကို တန်ဖိုးထားသော အနာဂါတ်တစ်ခုကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) နှင့် ၎င်း၏အဖွဲ့အစည်းများသည် ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးဖို့ဆန္ဒရှိတယ်ဆိုရင် ပြည်သူကို အခွင့်အာဏာ အပ်နှင်းနိုင်သော လှုပ်ရှားမှုများကို အားပေးထောက်ပံ့သွားရမည်ဖြစ်သည်။ ယင်းလှုပ်ရှားမှု များသာလျှင် ဒီမိုကရေစီကို တည်ထောင်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ယဉ်ကျေးမှုတစ်ခုကို တနေ့သောအခါတွင် မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်သည်။

အမေစု၏ "လွတ်လပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် လူသားတန်ဖိုး" (Freedom, Development, and Human Worth) စာတမ်းမှ ကောက်နုတ်ချက်….

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၉၁ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်း ဆောင်တစ်ဦးလည်းဖြစ်သည်။ ၁၉၈၉ ဇူလိုင်လ မှစ၍ မြန်မာစစ်အာဏာရှင်များ၏ နေအိမ်အကျယ်ချုပ်ချထား ခြင်းကို ခံနေရပြီး ဒီဟောပြောချက်မိန့်ခွန်းကို ၁၉၉၄ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သော ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ကော်မတီရှင် (The World Commission on Culture and Development) အစည်းအဝေးအတွက် “ Empowerment for a Culture of Peace and Democracy ” ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ စာရေးသူ၏ မေတ္တာရပ်ခံချက်အရ သူမကိုယ်စား ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ

Toward a Global Community

Let me in conclusion summarize my argument. The true development of human beings involves much more than mere economic growth. At its heart there must be a sense of empowerment and inner fulfillment. This alone will ensure that human and cultural values remain paramount in a world where political leadership is often synonymous with tyranny and the rule of a narrow elite. People's participation in social and political transformation is the central issue of our time. This can only be achieved through the establishment of societies which place human worth above power, and liberation above control. In this paradigm, development requires democracy, the genuine empowerment of the people. When this is achieved, culture and development will naturally coalesce to create an environment in which all are valued, and every kind of human potential can be realized. The alleviation of poverty involves processes which change the way in which the poor perceive themselves and their world. Mere material assistance is not enough; the poor must have the sense that they themselves can shape their own future. Most totalitarian regimes fear change, but the longer they put off genuine democratic reform, the more likely it is that even their positive contributions will be vitiated: the success of national policies depends on the willing participation of the people. Democratic values and human rights, it is sometimes claimed, run counter to "national" culture, and all too often the people at large are seen as "unfit" for government. Nothing can be further from the truth. The challenge we now face is for the different nations and peoples of the world to agree on a basic set of human values, which will serve as a force in the development of a genuine global community. True economic transformation can then take place in the context of international peace and internal political stability. A rapid democratic transition and strengthening of the institutions of civil society are the sine qua non for this development. Only then will we be able to look to a future where human beings are valued for what they are rather than for what they produce. If the UN and its agencies wish to assist this development, they must support those movements which seek to empower the people, movements which are founded on democracy, and which will one day ensure a culture of peace and of development.

Aung San Suu Kyi is the recipient of the 1991 Nobel Prize for Peace and the leader of Burma's National League for Democracy. Held under house arrest by the Burmese dictatorship since July 1989, she wrote this address, originally entitled "Empowerment for a Culture of Peace and Democracy," for a meeting of the World Commission on Culture and Development held in Manila on 21 November 1994. At the author's request, it was presented on her behalf by former president Corazon Aquino of the Philippines. Copyright ©Aung San Suu Kyi, 1994.



Shared by ..Blogger Demowaiyen, Blogger Alinsek & Blogger Kamikaze
18. October. 2010

ဆက်လက်ဖက်ရှုရန်...

Thursday, October 14, 2010

လူ့ဘဝ ဆိုတာ.......


မိုးမျှော် ၃၁-ထပ်တိုက် ဥပမာ

ပါမောက္ခ ဦးဖေမောင်တင် (ညိုမြ ဘာသာပြန်)

The Simile of Skyscraper
by Professor U Pe Maung Tin

ကျွန်ုပ်သည် အမေရိကန်ပြည် ချီကာဂိုတက္ကသိုလ်တွင် ပါဠိနှင့် ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်း သင်ကြားပို့ချရန် ဧည့်ပါမောက္ခအဖြစ် ၁၉၅၇-၅၉ ပညာသင်နှစ် ၂-နှစ်တာမျှ ဆောင်ရွက်ခဲ့ရသည်။


ချီကာဂိုတက္ကသိုလ်သို့ အောက်တိုဘာလ ၁ ရက်နေ့ ရောက်ရှိသွားရာ ကျွန်ုပ်ပို့ချရမည့် ဗုဒ္ဓဘာသာအတန်းတွင် ရန်ကုန်တက္ကသိုလ်မှာကဲ့သို့ ကျောင်းသားသစ်များကို မတွေ့ရဘဲ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသနသမားများသာ ပါဝင်ကြောင်း တွေ့ရှိရသည်။ ထို့ထက် ကျွန်ုပ်အဖို့ အံ့အားသင့်ရသည်မှာ ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသော တက္ကသိုလ်ဆရာ နှစ်ယောက် သုံးယောက် ကျွန်ုပ်၏ အတန်းတွင် ပါဝင်နေခြင်း ဖြစ်၏။


ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်၍ ကျွန်ုပ်၏ အတန်းတွင်လည်း ဓမ္မစကြာကပင် စတင်ရပေမည်။ ဓမ္မစကြာကို ပို့ချမည်ဆိုသော် ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြရန် လိုပေမည်။


ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလမ္ဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။


ဤပါဠိတော်ကို ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ပို့ချခဲ့ပေါင်း များလှလေပြီ။ အခက်အခဲ မရှိခဲ့။
ထိုစဉ်က ကျွန်ုပ်အတန်းများရှိ ကျောင်းသားအားလုံးလိုလိုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတိုင်း ဗုဒ္ဓတရားကို နားမဝေးကြပေ။
ယခု ချီကာဂိုတက္ကသိုလ်တွင်မူ ဆင်းရဲခြင်း၏ အကြောင်းခံ အမှန်တရားများကို တပင်တပန်း အားထုတ် ရှင်းလင်းပြသည့်တိုင်အောင် ဘဝင်မကျနိုင်ဟန် ရှိနေပုံကို တွေ့ရသည်။
သင်ခန်းစာ နှစ်ချိန် သုံးချိန်မျှ ပို့ချပြီးသည်အထိ ဤအတိုင်းပင် ရှိနေကြသေးကြောင်း သူတို့၏ မျက်နှာများက အထင်းသား ဖော်ပြနေသည်။
ဤအတွက် ကျွန်ုပ်မှာ စိတ်ပျက်ရ၏။
မိရိုးဖလာ အခြေခံချင်း၊ ယဉ်ကျေးမှု အခြေခံချင်း၊ လူမှုပတ်ဝန်းကျင် အခြေခံချင်း မတူညီကြသည့် အချက်ကို ထည့်သွင်းစဉ်းစားလျက် ရန်ကုန်တက္ကသိုလ်တွင် သင်သလို ချီကာဂိုတက္ကသိုလ်တွင် သင်ကြားရန် မသင့်ဟု ကျွန်ုပ် ကြို၍ မြင်ထားပြီး ဖြစ်သဖြင့်လည်း စိတ်ပျက်မိရပြန်၏။
သို့ဖြစ်ရာ ဆင်းရဲခြင်း၏ သဘောတရားများကို အဘယ့်ကြောင့် ကျွန်ုပ်၏ အတန်းသားများ ဘဝင်မကျ ဖြစ်နေကြသည်ကို ကျွန်ုပ် အကြောင်းရှာရတော့မည်။


ကျွန်ုပ် တွေ့ရှိမိသည့် အကြောင်းမှာ ဤသို့ ဖြစ်၏။
သူတို့အဖို့ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း တစုံတရာ ကြုံလာရလျှင် ထိုဆင်းရဲခြင်းတို့ကို ဖယ်ရှားပစ်ခြင်းဖြင့်သာ ချမ်းသာပျော်ရွှင်မှုကို ရနိုင်သည်ဟု စွဲမြဲ ယုံကြည်နေကြသည်။
ပမာအားဖြင့် သံကို စင်အောင် ချွတ်နိုင်က သံမဏိဖြစ်သကဲ့သို့တည်း။


ဤနည်းမှာ သူတို့၏ နိုင်ငံ (အမေရိကန်)ကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများအနက် ရှေ့တန်းသို့ ရောက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေသည့်နည်းပင် ဖြစ်သည်။


ယနေ့ ကမ္ဘာတွင် အရာရာကို ‘သိပ္ပံပညာ’နည်းအမျိုးမျိုးဖြင့် တိုးတက်အောင် ပြုလုပ်ဖန်တီးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်။
ဤသို့ စွဲမြဲ ယုံကြည်နေခြင်းကြောင့် ဗုဒ္ဓဟောကြားသည့် ဒုက္ခသစ္စာကို တကယ်တမ်း နားမလည်နိုင်အောင် ရှိနေကြခြင်းပင် ဖြစ်သည်။
ဗုဒ္ဓ၏ ဒုက္ခသစ္စာကို သူတို့အနေဖြင့် မည်သို့ အဓိပ္ပာယ်ကောက်ယူနိုင်သည်ကို အောက်တွင် နှိုင်းယှဉ်၍ ပြပါမည်။


(၁)
ဇာတိပိဒုက္ခာ


အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)


အမေရိကန်နိုင်ငံတွင် ဆေးဘက်ဆိုင်ရာ သိပ္ပံပညာသည် ပဋိသန္ဓေနေခြင်း၊ မွေးဖွားခြင်းတို့ကို လွယ်ကူစေလျက် ရှိ၏။
သဘာဝအတိုင်း မွေးဖွားရန် ခဲယဉ်းနေလျှင် မနာမကျင် ခွဲစိတ်၍ မွေးနိုင်ကြပြီ။
ဤနည်းဖြင့် အခက်အခဲကို ‘ဖယ်ရှား’ပစ်နိုင်ရာ အဘယ်မှာလျှင် ဆင်းရဲခြင်းဟု ဆိုသင့်ပါသနည်း။
ဤသို့ သူတို့ မြင်နေကြဟန် တူသည်။


(၂)
ဇရာပိဒုက္ခာ


အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)


သူတို့နိုင်ငံတွင် ‘လူ့ဘဝအစ အသက်ခုနစ်ဆယ်က’ဟု ဆိုရိုး ပြုကြ၏။
မြန်မာနိုင်ငံမှာကဲ့သို့ ‘မြန်မာအို ကျောင်းကြို ကျောင်းကြား’ဟု မယုံကြည်ကြပေ။
သူတို့ဆီက အသက်ခုနစ်ဆယ် လူကြီးများသည် လူငယ်နှင့်မခြား သွားလာလှုပ်ရှားကြ၊ စားကြသောက်ကြ၊ လုပ်ကြကိုင်ကြလျက်ပင် ရှိသည်။
လူငယ်များတွင် အသင်းအဖွဲ့များရှိသလို လူကြီးကလပ်များ ဖွဲ့၍ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသည်။
ထို့ကြောင့် အိုမင်းရင့်ရော်ခြင်းကို ဆင်းရဲသည်ဟု မမှတ်ယူကြပေ။


(၃)
ဗျာဒိပိဒုက္ခာ


နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)


အထက်တွင် ဆိုခဲ့သည့်အတိုင်း နာခြင်း၊ ဖျားခြင်းတို့ကို ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးပညာသည် သူတို့နိုင်ငံတွင် အထူးတိုးတက်နေသည် မဟုတ်လော။
ကုသ၍ မရနိုင်သော ရောဂါအချို့ ယနေ့ ရှိနေသေးသော်လည်း တနေ့တွင် ဤရောဂါမျိုးကို ပျောက်အောင် ကုနိုင်သည့် သိပ္ပံနည်းများ တွေ့ရှိလာရမည်ဟု စိတ်ချစွာ မျှော်လင့်ထားကြ၏။
သို့ဖြစ်ရာ နာခြင်းကိုလည်း ဒုက္ခဟု မမြင်ကြတော့ချေ။


(၄)
မရဏမ္ပိဒုက္ခံ


သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)


သူတို့အဖို့ ယခုဘဝသည် နောက်ဆုံးဘဝပင် ဖြစ်သည်။
သေခြင်းအခြားမဲ့၌ ကောင်းကင်ဘုံသို့ သွားရဖို့သာ ရှိသည်။
ထိုကဲ့သို့ သေခြင်းကို ကောင်းကင်ဘုံ တံခါးဖွင့်ခြင်း ဖြစ်သည်ဟု ယုံကြည်နေသူများအား သေခြင်းသည် ဆင်းရဲ၏ဟု ရှင်းပြရန် မလွယ်ကူပေ။


(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော


မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)


သူတို့အဖို့ မချစ်မနှစ်သက်သောသူ တစ်ဦးနှင့် ဆက်လက် နေထိုင်ရန် မလိုပေ။
အမြန်ဆုံး ခွဲခွာကြဖို့သာ ရှိသည်။ မချစ်သူကို အမြန်ဆုံး ကွာ၍ ချစ်သူ တစ်ယောက် အစား အမြန်ဆုံး ရှာ၍သာ ပြဿနာကို ဖြေရှင်းလျက် ရှိကြသည်။
‘သင်္ဘောဆိပ် တစ်ခုရောက်၊ ချစ်သူ တစ်ယောက်ထား’ဆိုသော သင်္ဘောသားကဲ့သို့ သူတို့သည် အချစ်ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားကြသည်။
ဟောလိဝုဒ်မှာဆိုလျှင် လင်မယား ကွာရှင်းပြတ်စဲခြင်းသည် ရိုးလျက် နေချေပြီ။
မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းရခြင်းကို စိတ်ညစ်နေရန် မလိုဟု သူတို့အနေဖြင့် မှတ်ယူကြ၏။


(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော


ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)


(၇)
ယမ္ပိစ္ဆံ နလမ္ဘတိ ဒုက္ခံ


လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)


သူတို့နိုင်ငံတွင် လူနေမှု အဆင့်အတန်း အလွန်မြင့်၏။ လူ ၃-ယောက်လျှင် ကားတစ်စီး ရှိနေကြသည်။ အကြံကောင်းလျှင် ကြိုးစားလျှင် သန်းကြွယ်သူဌေး နေ့ချင်းညချင်း ဖြစ်လာနိုင်သည်။
လိုချင်စရာဟူသမျှကို တစ်နေ့မရ တစ်နေ့ရ,ရမည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် လိုချင် တောင့်တသည်ကို မရသော ဆင်းရဲခြင်းကို ဘဝင်မကျနိုင်ခြင်း ဖြစ်မည်။


အထက်ပါ အကြောင်းများသည် ကျွန်ုပ်၏ ဗုဒ္ဓဘာသာအတန်းမှ အတန်းသားများ အဘယ်ကြောင့် ဆင်းရဲခြင်း၏ သဘောတရားကို လက်ခံနားလည်နိုင်ခြင်း မရှိသည့် အခြေခံ အကြောင်းများပင် ဖြစ်သည်။
သူတို့ နားလည်အောင် ရှင်းပြရန် ကျွန်ုပ် ထင်သလောက် မလွယ်ကူချေ။
အကယ်၍သာ လူ့ဘဝကို သူတို့နိုင်ငံတွင် မြင်တွေ့နေကျ မိုးမျှော်တိုက်ကြီးမျိုးနှင့် ထင်ဟပ်၍ ရှင်းပြနိုင်ပါက ယခု သင်ပြနည်းထက် ပို၍ အောင်မြင်မည်ဟု ကျွန်ုပ် စဉ်းစားမိ၏။
ဤနည်းကို ပထမဆုံး အသုံးပြုရန် မကြာမီ အခွင့်အလမ်းတစ်ခု ပေါ်လာပါသည်။


၁၉၅၈-ခု၊ မတ်လတွင် ဘတ်(က)နဲလ် တက္ကသိုလ်မှ ကျွန်ုပ်အား ဗုဒ္ဓဘာသာအကြောင်း ဟောပြောရန် ဖိတ်ကြားလာသဖြင့် နှစ်ကြိမ် သွားရောက် ဟောပြောရသည်တွင် အဆိုပါ မိုးမျှော်တိုက်ကြီး ဥပမာကို အသုံးပြုခဲ့သည်။ အတ်(က်)နဲလ်တက္ကသိုလ်တွင် ဟောကြားချက် အကျဉ်းချုပ်မှာ ဤသို့ ဖြစ်၏။


‘မိတ်ဆွေတို့ ...
ဒီကနေ့ ကျွန်တော် မိတ်ဆွေတို့ကို ဥပမာတစ်ခုနဲ့ ထင်ဟပ်ပြီးတော့ ဗုဒ္ဓ ဟောကြားတဲ့ ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန်အကြောင်းတရား)ကို ပေါ်လွင်အောင် ရှင်းပြသွားပါမယ်။
ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူများအနေနဲ့ ဒီစကြဝဠာကြီးမှာ ဘုံပေါင်း ၃၁-ဘုံ ရှိပါတယ်။
ကျွန်တော်တို့ လူသားများရှိနေတဲ့ လူ့ဘုံဟာ ၃၁ ဘုံရဲ့ ပဉ္စမဘုံ ဖြစ်တယ်။
လူ့ဘုံရဲ့အောက်မှာ ငရဲသားတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသူရကယ်တွေ ရှိနေတဲ့ အပါယ်လေးဘုံ ရှိတယ်။
လူ့ဘုံရဲ့အထက်မှာတော့ နတ်ပြည် ၆ ဘုံနဲ့ သူ့အထက်မှာ အမြင့်ဆုံး ဗြဟ္မာဘုံ ၂၀ ရှိတယ်။
စုစုပေါင်း ၃၁ ဘုံ။


ဒီ ၃၁ ဘုံသားတွေဟာ ကျရောက်ရာ ဘုံအသီးသီးမှာ သူ့ကာလ အပိုင်းအခြားနဲ့ စံစရာရှိရင် စံ၊ ခံစရာရှိရင် ခံပြီး အဖန်တလဲလဲ ဘဝအမျိုးမျိုးနဲ့ ဘုံအမျိုးမျိုးမှာ အသစ် အသစ် ဖြစ်နေရတဲ့ အစဉ်ကြီးကို သံသရာ လို့ ခေါ်တယ်။


ဒီသံသရာကြီးဟာ ဘယ်လောက် ရှည်လျားသလဲဆိုတော့ ရေးရေး ထင်မြင်လာအောင် သင်တို့ရဲ့ လက်ရှိ ဘဝက နေပြီး ရှေ့ဘဝ ဘဝတွေကို မျှော်ကြည့်စမ်းပါ။
ဘဝ အသစ် အသစ်တွေ ဖြစ်ပြီးရင်း ဖြစ်ရင်းနဲ့ ဆင်းရဲမှု တာရှည်သလောက် သံသရာကြီးဟာလည်း ရှည်လျားနေတာကို မှန်းဆနိုင်ကြလိမ့်မယ်။


မိတ်ဆွေတို့ ထင်လွယ် မြင်လွယ်အောင် ဒီမှာရှိတဲ့ မိုးမျှော်တိုက်ကြီးတစ်ခုနဲ့ ထင်ဟပ်ပြီး ပြပါမယ်။


စောစောက ပြောခဲ့တဲ့ ၃၁ ဘုံကြီးဟာ ၃၁-ထပ် တိုက်ကြီးတစ်တိုက် ဆိုပါတော့။
သည် ၃၁ ထပ်တိုက်ကြီးထဲ ရောက်နေတဲ့သူတွေအတွက် ထွက်စရာ တံခါးပေါက် မရှိပါဘူး။
ဒီတိုက်ကြီးအတွင်းမှာပဲ အထပ်တစ်ခုခုကို သွားလို့ ရပါတယ်။
ဘယ်လိုသွားမလဲ?
ရိုးရိုး မိုးမျှော်တိုက်ကြီးထဲမှာတော့ သက်ဆိုင်ရာ ခလုတ်ကို နှိပ်ပြီး သွားရတယ်။
အောက်ထပ် ဆင်းချင်ရင် အောက်ထပ်ခလုတ်ကို နှိပ်လိုက်။
အထက်ထပ် တက်ချင်ရင် အထက်ထပ်ခလုတ်ကို နှိပ်ရတယ် မဟုတ်လား။


၃၁-ထပ် တိုက်ကြီးနဲ့ တူတဲ့ ၃၁ ဘုံထဲမှာတော့ -
ရိုးရိုးတိုက်ကြီးထဲမှာ ခလုတ်နှိပ်ရတာလို မလွယ်ဘူး။
ကာယကံရှင်ရဲ့ ကောင်းမှုကံ၊ မကောင်းမှုကံဆိုတဲ့ အကျိုးဆက်အတိုင်းသာ ကောင်းတဲ့အထပ်၊ ဆိုးတဲ့အထပ်တွေကို ရောက်ရတယ်။
ကိုယ်ရောက်ချင်တိုင်း ရောက်လို့ မရဘူး။


ကျွန်တော်တို့ အခု ရောက်နေတဲ့ အထပ်ဟာ ဒီ ၃၁ ဘုံဆိုတဲ့ တိုက်ကြီးရဲ့ ပဉ္စမထပ် ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။
သည်အထပ်ကနေပြီး ကျွန်တော်တို့ သေသွားပြီးနောက် အထက်ကိုဖြစ်စေ၊ အောက်ကိုဖြစ်စေ၊ လက်ရှိအထပ်မှာပဲ အသွင်တစ်မျိုးနဲ့ဖြစ်စေ ကူးပြောင်းရဦးမှာပါ။
သည်တခါမှာ ကောင်းတာလုပ်ခဲ့သူအဖို့ ကောင်းတဲ့နေရာကို ရောက်ပြီး၊
ဆိုးတာ လုပ်ခဲ့သူအဖို့ ဆိုးတဲ့နေရာကို ရောက်မှာ ဖြစ်ပါတယ်။
အသွင်တမျိုးနဲ့ သို့မဟုတ် ပို၍ ကောင်းတဲ့အသွင်၊ ယုတ်ညံ့သွားသော အသွင်တခုခုနဲ့ နတ်ဆိုရင်လည်း နတ်ဘုံမှာပဲ ပြန်ရောက်၊ လူဆိုရင်လည်း လူ့ဘုံမှာပဲ ပြန်ရောက်၊ တိရစ္ဆာန်ဆိုရင်လည်း တိရစ္ဆာန် တမျိုးမျိုးပဲ ပြန်ဖြစ် ဆိုတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် သည် ၃၁ ထပ် တိုက်ကြီးထဲကတော့ ထွက်လို့ မရပါဘူး။
သည်အတွင်းမှာပဲ ဟိုနေရာရောက် သည်နေရာရောက် အဖန်တလဲလဲ ရောက်နေရတာပါ။


ကဲ .. သည်လိုဆိုရင် မိတ်ဆွေတို့အနေနဲ့ သည်လို အကျဉ်းထောင်နဲ့ တူတဲ့ ၃၁ ထပ် တိုက်ကြီးထဲက မထွက်ဘဲ ဘယ်လောက်ကြာကြာ နေနိုင်ကြမလဲ?
သည်တိုက်ကြီးထဲမှာ ဘယ်လောက် ပျော်ပျော်ရွှင်ရွှင် နေရ နေရ၊ စားချင်တာ စားရ၊ လုပ်ချင်တာ လုပ်ရဦးတော့
(ငါဟာ သည်တိုက်ကြီးထဲမှာ အကျဉ်းခံနေရပါကလား)လို့ သိလာတာနဲ့တပြိုင်နက် သည်သာယာမှုတွေကို နှစ်သက်နိုင်ပါတော့မလား?
သည်လိုပဲ နေသွားချင်မလား?
နေသွားလို့ ရမလား?
စဉ်းစားကြည့်ကြစမ်းပါ။


သတ္တဝါတိုင်းဟာ ကိုယ်သွားချင်တဲ့နေရာကို သွားနိုင်တဲ့ လွတ်လပ်ခွင့်ကိုသာ ရရှိလိုတယ် မဟုတ်လား။
ဒါကြောင့် မလွတ်လပ်တဲ့ ဘဝမှာ နေရတဲ့ သာယာမှုတွေဟာ တကယ်ဆိုတော့ ဆင်းရဲမှုတွေပါပဲ။
သည်လို သဘောပေါက်ထားရင် သံသရာကြီးမှာ ဘဝအသစ် အသစ်တွေ အဖန်တလဲလဲ ဖြစ်ပေါ်နေသမျှ ကောင်းတဲ့ ဘဝရောက်ရောက်၊ ဆိုးတဲ့ ဘဝ ရောက်ရောက် ဆင်းရဲခြင်းပဲလို့ မြင်လာနိုင်ပါတယ်။


သည်အကြောင်းကို ထွက်ပေါက်မရှိတဲ့ ၃၁ ထပ်တိုက်ကြီး ဥပမာနဲ့ ထင်ဟပ်ကြည့်ကြဖို့ပါပဲ။
ဒါဟာ ဗုဒ္ဓဆိုလိုတဲ့ ဆင်းရဲခြင်း အမှန်တရားပါပဲ။
ဇာတိ၊ ဇရာ၊ ဗျာဒိ၊ မရဏ ဆိုတဲ့ မှတ်သားလို့ရအောင် အမည်တပ်ထားတဲ့ ဝေါဟာရတွေအရ မွေးဖွားရခြင်း၊ ဆင်းရဲ အိုရ နာရ သေရခြင်း ဆင်းရဲဆိုတာတွေကို သာမန်အားဖြင့် နားလည်ထားတာထက် အခု ကျွန်တော် ရှင်းပြခဲ့တဲ့ တရားကိုယ်သဘောကို ရှာကြည့်မှသာ ဆင်းရဲမှု အမှန်တရားကို ရိပ်စားမိကြမှာ ဖြစ်ပါတယ်။
အခု ပြောခဲ့တာတွေဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။


အားလုံး သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။


ဒီသစ္စာလေးပါးကို ကျွန်တော် ရှင်းပြပါမယ်။


(၁) ဒုက္ခသစ္စာ


မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။


(၂) သမုဒယသစ္စာ


ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။


(၃) နိရောဓသစ္စာ


ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။


(၄) မဂ္ဂသစ္စာ


သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -
ကောင်းစွာ သိမြင်ခြင်း၊
ကောင်းစွာ ကြံစည်ခြင်း၊
ကောင်းစွာ ပြောဆိုခြင်း၊
ကောင်းစွာ ပြုခြင်း၊
ကောင်းစွာ အသက်မွေးခြင်း၊
ကောင်းစွာ အားထုတ်ခြင်း၊
ကောင်းစွာ အောက်မေ့ခြင်း နှင့်
ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။


နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။


ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။


သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။


ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်တယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင် အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကုရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။


ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ မိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’


ကျွန်န်ုပ် ပို့ချခဲ့သည့် ဗုဒ္ဓဘာသာအကြောင်း ဟောပြောချက်မှာ အထက်ပါအတိုင်းပင် ဖြစ်သည်။
နောက် ခြောက်လခန့်ရှိသောအခါ ဘဲလွိုက်ကောလိပ်မှ တဖန် ဖိတ်ကြားပြန်ရာ ဤအတိုင်းပင် မိုးမျှော် ၃၁ ထပ်တိုက် ဥပမာကို ဆောင်၍ ဟောပြောခဲ့ပြန်သည်။
ဤအကြိမ်တွင် ဘတ်(က)နဲလ်တက္ကသိုလ်မှာ ဟောစဉ်ကထက် ပို၍ အောင်မြင်၍ ကျွန်ုပ် ဟောပြော အပြီးတွင် ပရိသတ်ထဲမှ ကိုယ်တိုင် ထွက်၍ ချီးကျူးသူများပင် တွေ့ရသည်။
သူတို့ သဘောပေါက်အောင် ဟောပြောနိုင်ခြင်းမှာ ၃၁ ဘုံကို ၃၁ ထပ် မိုးမျှော်တိုက်ကြီး ဥပမာနှင့် ထင်ဟပ်ပြောခြင်းကြောင့် ဖြစ်သည်။


သို့ဖြစ်ရာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာအကြောင်း ဟောပြောသင်ကြား ပို့ချ ဆွေးနွေးရန် အကြောင်းပေါ်တိုင်း ဤဥပမာကိုပင် လက်သုံးပြုပါတော့သည်။
ဟောပြောပွဲတစ်ခု၌မူ ပရိတ်သတ်ထဲမှ ‘ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ် ဆရာကြီး’ ဟုပင် ထပြောသူများ ပေါ်ပေါက်လာသဖြင့် ကျွန်ုပ်အဖို့ ကြည်နူးမိခဲ့ရပါကြောင်း။


စာရေးသူ


[ဤဆောင်းပါး ရေးသားသူ ပါမောက္ခ ဦးဖေမောင်တင်သည် နှစ်ပေါင်း များစွာ စာပေပညာရှင်ကြီးအဖြစ် အစဉ်တစိုက် ကြိုးပမ်း အားထုတ်ခဲ့ပြီး ၁၉၇၃-ခု မတ်လ ၂၂ ရက်နေ့ အသက် ၈၅ နှစ်တွင် ကွယ်လွန်ခဲ့ပေသည်။
ဆရာကြီးသည် အသက် ၂၄ နှစ် အရွယ်က စ၍ ရန်ကုန်ကောလိပ် (နောင်တွင် ရန်ကုန်တက္ကသိုလ်) ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သော ထက်မြက်ခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်ပါသည်။


၁၉၂၀ ခုနှစ်တွင် အောက်(စ်)ဖို့ဒ် တက္ကသိုလ်သို့ တက်ရောက်ခဲ့စဉ် အဋ္ဌသာလိနီ ပါဠိတော် နှစ်တွဲကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားခဲ့သည်။ (The Expositor) ဟု စာအုပ်အမည် ပေးခဲ့သည်။
ဝိသုဒ္ဓိမဂ် ပထမတွဲကို အင်္ဂလိပ်ဘာသာဖြင့် (The Path of Purity)ဟု အမည်ပေးလျက် ထိုအချိန်တွင်ပင် ပြန်ဆို ပြီးစီးခဲ့သည်။
ဝိသုဒ္ဓိမဂ် နှစ်တွဲ ကျန်ရှိနေသည်ကို ၁၉၂၈ ခုနှစ်နှင့် ၁၉၃၁ ခုနှစ်တွင် အသီးသီး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်။ ယင်းစာအုပ်များကို လန်ဒန် ပါဠိအသင်းကြီးမှ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။


ဆရာကြီးသည် မြန်မာစာပေနှင့် မွန်စာပေကို မိမိရရ နှံ့စပ် သိမြင်သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ပါမောက္ခ မစ္စတာလုစ်နှင့် တွဲဖက်၍ သုတေသနစာပေ အများအပြား ပြုစုခဲ့ရာ ၁၉၂၃ ခုနှစ်တွင် ‘မှန်နန်းရာဇဝင်တော်ကြီး’ကိုလည်းကောင်း၊ ၁၉၃၅-၃၆ တွင် ‘မြန်မာနိုင်ငံ ရှေးဟောင်း ကျောက်စာများ’ကိုလည်းကောင်း အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆို ထုတ်ဝေခဲ့သည်။
၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်း ကောင်မရှင် ဗိုလ်မှူးဘရှင်တို့နှင့် စာစောင် အသီးသီးတွင် ဆရာကြီး၏ စာတမ်း အများအပြားကို ဖတ်ရှုခဲ့ကြရပေသည်။
နိုင်ငံတာဝန်မှ အငြိမ်းစားယူပြီးနောက်ပိုင်း ဆရာကြီး ရေးသားခဲ့သည်များအနက် (Buddhist Devotion and Meditation) အမည်ရှိ ကျမ်းတစ်ကျမ်းလည်း ပါဝင်သည်။


ဆရာကြီးသည် ဇရာဒုဗ္ဗလ အရွယ်ပိုင်း၌ ကာလရှည်ကြာစွာ သူ အမှုထမ်းခဲ့သည့် တက္ကသိုလ်အနီးရှိ အိမ်ကလေး တစ်လုံးတွင် ဆရာကြီးကတော်နှင့်အတူ ရောင့်ရဲစွာပင် အေးအေးချမ်းချမ်း နေထိုင်သွားရှာသည်။
ဆရာကြီး ကွယ်လွန်ခြင်းမှာ ဗုဒ္ဓဘာသာ လေ့လာလိုက်စားသည့် ပုဂ္ဂိုလ်ထူးတစ်ဦး ဆုံးရှုံးရခြင်းပင် ဖြစ်သည်။
စိတ်အားတက်ကြွဖွယ်ရာ၊ ကြည်လင်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည့် ဆရာကြီးအား တပည့်အများ၊ မိတ်ဆွေအများကလည်း နှမြောတသကြပေသည်။


အထက်ပါ ဆောင်းပါးမှာ ဆရာကြီး မကွယ်လွန်မီကလေးတွင် ရေးသားသွားသည့် ဆောင်းပါးဖြစ်ရာ သူ၏ ဆောင်းပါးကို သူကိုယ်တိုင် ဖတ်ရှုသွားခွင့် မရရှာတော့ပေ။]


( ရွှေလမ်းငွေလမ်း၊ အမေရိကန်-မြန်မာ ဆက်ဆံမှုမှတ်တမ်း၊ ရန်ကုန်၊ အမေရိကန်ပြန်ကြားရေးဌာန၊ ၁၉၈၀)




စိတ်ကူးချိုချိုအနုပညာမှ ၂၀၀၈-ခုနှစ် မေလတွင် ပထမအကြိမ်ထုတ်ဝေသော မောင်သွေးသစ်နှင့် မောင်ဇေယျာတို့ ပြုစုသည့် ‘ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)’ စာအုပ်၌ ပါဝင်သော ဆရာကြီး၏ ‘The Simile of Skyscraper’ ကို ညိုမြ ဘာသာပြန်သည့် ဆောင်းပါး။

ပါမောက္ခ ဦးဖေမောင်တင် (ညိုမြ ဘာသာပြန်) )
http://lokachantha.blogspot.com မှတဆင့်ကူးယူဖေါ်ပြပါသည်။

ဆက်လက်ဖက်ရှုရန်...