Saturday, March 20, 2010

ကဗျာနေ့ အတွက် မှတ်မှတ်ရရ အတွေးစ စကားလုံးစ တွေကို...


စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသောအရပ်၌
ငါမတ်မတ် တည်ခဲ့ချေပြီ။
အို ... အချင်းဆွေမွန်တို့
သင်တို့က ကြိုမည်ဆိုလျှင်
အမှောင်နံနက်၌ပင်
အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။
ထို့နောက်
လောကလေဆန်မှာ ကိုယ့်ကိုယ်ကို အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။
ဇော်ဇော်အောင်
(လွမ်းလို့ရေးတဲ့ကဗျာ ၃)

ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့
ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ်ဖြစ်တယ်။
စကြ၀ဌာထဲမှာ ( ဒါမှမဟုတ် ) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ
ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့
သဘာဝတရားငယ်တစ်ခုလို့ ...
ကဗျာကို ...
သြော် ...
ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်။
မောင်သိန်းဇော်

အို ... သူရဲကောင်းတို့
ခြေအစုံမှ
မြေတစ်မှုန်ကျန်ရစ်
အောင်ချိမ့် ဖြစ်တယ်။
တစ်လောကလုံး
အကျည်းတန်ဆုံးအရာဟာ
သစ္စာဖောက်မျက်ခွက်ဖြစ်တယ်။
အောင်ချိမ့်
( ပန်းနုရောင်အိပ်မက် ကဗျာစုမှ )

ငိုခြင်းနဲ့ရယ်ခြင်းမှာ
“ အပ်တစ်ဖျားစာပဲ
အပြောင်းအလဲမြန်
နက်ဖြန်ရဲ့အသစ်
ကနေ့အဖြစ်ကို
မြိုဝါးသွားပါလိမ့်မယ်။ ”
ဖော်ဝေး
( ငိုကြွေးနေတဲ့ကဗျာတစ်ပုဒ် )

တစ်ဘ၀လုံးလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့်မိတော့ စကြ၀ဌာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှာ့ခဲ့ပေါ့။
မောင်ချောနွယ်
( ငါး )

ပက်လက်ချောင်းကောလေးပါ
ရေသောက်ငှက်တစ်ကောင်တစ်လေမှ
တယောလာမထိုးလည်း
နေတတ်ပြီ။
မြေလတ်မောင်မြင့်သူ

ကြယ်တွေကိုခူး ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ ...
ဒါပေမယ့် ...
အိပ်မက်တွေက ဖိတ်တစ်ဝက်၊ စင်တစ်ဝက်
နွေဦးရက်တွေရောက်တဲ့အထိတောင်
မက်ခွင့်မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
မင်းခိုက်စိုးစန်

ညီမလေးရေ ...
အခုတော့ ငါဟာ အလှမွေးဖန်လှောင်အိမ်ထဲက
ရွှေငါးတစ်ကောင်လို
ကိုယ်ပိုင်အလှ ကိုယ်တိုင်ခံစားခွင့်မရခဲ့သူပါ
ဒီလိုနဲ့
ငါ့ညနေခင်းတွေ မနက်ဖြန်ပေါင်းများစွာ မော်ဖူးခဲ့ရပေါ့။
လူဇော်သစ်
( ငါ့သင်းကွဲညနေ )

အမေ ...
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
( ဒီတစ်ခါတော့ဖြင့် )
ဝမ်းရေးစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ အမေ
သားတော့ မီးလောင်နေပြီ။
သျှင်မှူးကျော်
( အမေ )

ယုံကြည်မှုတွေမပေါ်သေးမီက
လူတွေနေထိုင်ကြသလို နေထိုင်ကြည့်ချင်တယ်။
အမှားနဲ့အမှန်မပေါ်သေးမီက
လူတွေကျင်လည်ကြသလို ကျင်လည်ကြည့်ချင်တယ်။
မေးခွန်းတွေ မရှိသေးခင်က
လူတွေ စကားပြောကြသလို ပြောကြည့်ချင်တယ်တဲ့။
ကဗျာဆရာတွေ မပေါ်သေးမီက
ကဗျာတစ်ပုဒ်ရှိခဲ့လေရဲ့။
နေမျိုး
( ကဗျာတစ်ပုဒ် )

သက်တံ
ညနေခင်းတစ်ခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ ...
ဟာ .....
လှလိုက်တဲ့ သက်တံကြီးတစ်စင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ ... ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား ...။
ရှိတော့ရှိပါရဲ့
ဒါပေမယ့်
အရှိမဲ့ ...။
ထူးအိမ်သင်

ရင်ဘတ်ကိုဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှူသံတွေနဲ့
ရေလှိုင်းတွေကို ဖန်းဆင်းလိုက်တဲ့အခါ
ပျော်ရွင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင်ကို ရရှိမှာ

မင်းရဲ့လက်ချောင်းတွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။
မြင့်မိုးအောင်
( ငါး )

ဘ၀ဆိုတာကတော့
အမေရိကားကနေ
သခင်ကိုယ်တော်မှိုင်းဖြစ်ချင်လို့မရသလို
ပရိုပိုဆယ်တောအုပ်ထဲမှာလည်း
ချေဂွေဗားရားလုပ်လို့တော့ မရဘူးပေါ့ကွာ
သစ်ကောင်းအိမ်

“ အမှန်တရားနဲ့တစ်ထေရာတည်းတူဖို့
အိပ်ရေး၀၀အိပ်ပါရစေ ”
ဝင်းမောင်
( တစ်ယောက်တည်းတည့်အောင်နေခြင်းအစီအစဉ် )

သောက်ကမြင်းမ ...
နင့်ကြောင့်ငါ သုံးထပ်တိုက်ပေါ်က
ခုန်ချခဲ့တာမဟုတ်ဘူး။
ငါ့ရဲ့ စိတ် နဲ့ ကိုယ်ခန္ဓာ ကို
ထပ်တူပြုခဲ့တာပဲ။
ဏီအဲY
( ၁၉ လမ်း ဘီယာတန်းမှ တမ်းချင်း )

သားကဗျာကို ချစ်လျက်ပါ အမေ
သားထွက်သွားတုန်းကလဲ
ဒီအတိုင်း ...
သားပြန်လာတော့လည်း
ဒီအတိုင်း ...
(ကမ္ဘာကြီးလှနေနိုင်သေးတာ
ကဗျာကြောင့်လို့ ယုံကြည်နေလို့ပါ အမေ)
ဒါကိုတော့
သားကိုယ်တိုင် ဂုဏ်ယူနေပါတယ် အမေ။
သုခမိန်လှိုင်
(သားပြန်လာပြီ အမေ ကဗျာမှ)

ဒီနေ့မင်းလုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ္တိ
ဒီနေ့မင်းလုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂါတ်။
တင်မိုး
(သမိုင်းမှာ မင်းတရာခံဖြစ်မယ် ကဗျာမှ)

ဦးနှောက်မှာ အတွေးရှင်းပေမယ့်
(သူ့ဘ၀မှာတော့ .....)
အကြွေးမကင်းသေးဘူး ရှင်မရယ်။
မောင်ခိုင်မာ
(ရွှေဘုံသာနိဒါန်း)

ကောင်းကင်ကြီးတစ်ခုအောက်မှာ
ဘာမှ အဆင်မပြေသူတစ်ယောက်ကိုမှ
ကြောက်စရာကောင်းတယ်ဆိုတာ
တရားမဲ့လွန်းပါတယ်။
အောင်ချိန့်
(ဂန္တ၀င်မမ)

ညအလောင်း
ဘ၀တပါးပြောင်း
တောင်စောင်းကကျောင်းအို
ခေါင်းလောင်းသံချိုပြီ။
ကြည်အောင်
(အရုဏ်)

စိမ်းလန်းတဲ့ အတိတ်တွေထဲ
ပြည်တော်ဝန်ခန်း အိပ်မက်ဟာ
အသက်ရှင်နေတဲ့ အဓိပ္ပါယ်ပေါ့။

ဒီအိပ်မက်နဲ့ပဲ
သူများမြေပေါ်မှာ
ကျနော် မကျဆုံးအောင် နေပါတယ်။
အောင်ဝေး
(မမခင်ဦးစံပယ်သို့တမ်းချင်း)

ငါးကျပ်တန်တစ်ရွက်
တယ်လီဖုန်းဆက်ခပေးလိုက်တော့
WTC ၀မ်းနည်းမှုတွေ
တ၀ုန်းဝုန်းပြိုကျလာ
အဲဒီအပြိုပုံကြီးထဲက ဆဲလ်ဖုန်း
ကူပါ၊ ကယ်ပါ၊ ဘုရားတသံ၊ နှုတ်ဆက်သံ
ငါ နားကန်းပါရစေ။
စောဝေ
(ရေဒီယိုလေးထဲ ကျွံကျနေတဲ့ ကဗျာဆရာရဲ့ကြေကွဲမှု ကဗျာမှ)

သြော်
လပေါ်လူတက်ရာက
မေတ္တာတော်နဲ့ဝေးခဲ့ကြ
ကမ္ဘာကြီးက ရွာကြီးဖြစ်ခဲ့ပြီ။
သစ်ကောင်းအိမ်
(ကြောင်စုန်း ကဗျာမှ)

အဆုံးမရှိအောင်ကျယ်ဝန်းတဲ့
အမှားထဲ
တိမ်တွေက လှလိုက်တာ
ကိုယ့်မှာ တရားနဲ့ဖြေရတယ်။
မောင်သိန်းဇော်
(ရှုမျှော်ခင်း)

နိုင်ငံတကာမှ အနုပညာ၊ စာပေ၊ ဒဿနများ

ဟောဒီမှာ … စကားလုံး

ဟောဟိုမှာ … စကားလုံးကမြားတွေ

လှမ်းပစ်တဲ့နေရာ၊ အချစ်မြားတွေ။

Lynn Hejinian


စာရေးခြင်းဟာ အပိုင်းအစလေးတစ်ခုကို

တွန်းထိုးလိုက်လို့ရတဲ့ ဘယ်အရပ်ကိုမဆို

တွန်းထိုးလိုက်လို့ရတဲ့ ဖြစ်စဉ်

ဒါမှမဟုတ် တတ်နိုင်သလောက်

အဆက်အစပ်ရှိအောင် ပြုလုပ်ခြင်းဖြစ်တယ်။

Charles Bernstein


“ ကဗျာဆိုတာ ခေတ်ကိုထင်ဟပ်ဖို့၊

ဝေဖန်သုံးသပ်ဖို့ပါ ”

အမေရိကန် L=A=N=G=U=A=G=E

ကဗျာဆရာများ၏အယူအဆ


ရသဗေဒ၀န်းကျင်သစ်နဲ့

ရင်ပေါင်တန်းနေနိုင်ဖို့ဆိုတာ

ဘယ်တော့မှမပြီးဆုံးနိုင်တဲ့

ဖြစ်စဉ်ပါပဲ။

တစ်နေရာရာမှာ ငြိမ်ငြိမ်လေး ရပ်နေလို့မရဘူး။

(အိုင်းစတိုင်းရဲ့ Dark City ကဗျာစာအုပ်မှ)


“ ကိုယ်ဟာ ကိုယ့်ခန္ဓာဖြစ်တယ်။

တိရစ္ဆာန်လဲဖြစ်တယ်။

ကဗျာဟာ ကိုယ့်ရဲ့ ဟန်အမူအရာတစ်ခုပေါ့။ ”

မိုက်ကယ်မက္ကလေရော

(Do You Believe Me Now ကဗျာမှ)


ငါတို့၏သစ်ပင်တွေနဲ့ ပင်ပန်းလှပြီ (စိတ်ကုန်လှပြီ)

သစ်ပင်တွေ၊ အမြစ်တွေ၊ မြစ်မွှာတွေကို

ယုံကြည်နေကြတာ တော်လောက်ပြီ (တော်ဖို့ကောင်းပြီ)

သူတို့ကြောင့် တို့တစ်တွေ အတော်ခံခဲ့ရပြီ။

ပြင်သစ်ဒဿနပညာရှင် Deleuze


လူတော်တော်များများရဲ့ခေါင်းထဲမှာ

သစ်ပင်တွေပေါက်နေတယ်။

ဒါပေမယ့် ဦးနှောက်ကတော့

သစ်ပင်ထက် မြက်ပင်နဲ့ပိုတူတယ်လို့ ပြောသင့်တယ်။

ပြင်သစ်ဒဿနပညာရှင် Deleuze


စာပေအနုပညာစာသားများသည်

အကြောင်းခြင်းရာ အချက်အလက်များကို

ဖော်ပြရုံသာမက

အရာဝတ္ထုများ၊ လောကများကိုပါ

ဖြစ်ပေါ်တည်ရှိစေသည်။

ပိုလန်ဒဿနပညာရှင် Roman Ingarden


အနုပညာဆိုတာ စိတ်ကူးပဲ

ဘာပစ္စည်းနဲ့လုပ်လုပ်ရတယ်၊

ဘယ်သူလုပ်လုပ်ရတယ်၊

ကိုယ်တိုင်မလုပ်လည်းရတယ်။

ပြင်သစ်လူမျိုး ပန်းချီဆရာကြီး Mercel Du Champ


လူတွေရဲ့အသိက သူတို့ဘ၀ကို

ဆုံးဖြတ်ပြဌာန်းခြင်းမဟုတ်။

ဆန့်ကျင်ဘက်အားဖြင့် သူတို့ရဲ့လူမှုဘ၀တွေက

သူတို့အသိကို ဆုံးဖြတ်ပြဌာန်းတာဖြစ်တယ်။

ဒဿနပညာရှင်ကြီး Kal Marx (1818-83)


မော်ဒန်စာသားတွင် အညွှန်းပြု/Signifier များသည်

နဂါးငွေ့တန်းကြယ်စုတမျှရှိ၏။

အညွှန်းခံ/Signified များကို ပေါင်းစုဖွဲ့စည်းထားသော

အရာမဟုတ်။ ထိုအရာတွင် ဘ၀ဟူ၍မရှိ။

မြောက်မြားလှစွာသော ၀င်ပေါက်များမှ ၀င်နိုင်၏ (၀ါ)

ရောက်ရှိနိုင်၏။ မည်သည့်ဝင်ပေါက်ကိုမှ

အဓိက၀င်ပေါက်အဖြစ် ပိုင်ပိုင်နိုင်နိုင်

မည်သူမျှ သတ်မှတ်၍ မရ။

Roland Barthes (1915-80)


“ လူကပြုလုပ်ဖန်တီးယူခြင်းမျိုးမဟုတ်ဘဲ

ရှိနှင့်ပြီးသား အရာဝတ္ထုတစ်ခုသည်လည်း

အနုပညာဖြစ်နိုင်သည်။ ”

Mercel Du Champ (1887-1968)


အကြောင်းအရာရယ်လို့ မယ်မယ်ရရပြောစရာမရှိတဲ့

စာအုပ်တစ်အုပ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဓိပ္ပါယ်ကောက်ယူ

ရာမပါဘဲ စာအုပ်တစ်အုပ် ဖြစ်နိုင်ရင် ရေးချင်တယ်။

Gustav Flaubert


“ ကဗျာဆိုတာ စိတ်ကူးနဲ့စပ်ရတာမဟုတ်ဘူး။

စကားလုံးတွေနဲ့ စပ်ရတာ။ ”

Mallarme


ငါဘယ်လိုတွန်းပို့နေသလဲဆိုတာ စာဖတ်သူ သိပါလိမ့်မယ်။

အဲ့ဒီအချက်ကတော့ သူဖတ်နေတဲ့ ဒီစကားလုံးတွေဟာ

စကားလုံးတွေ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

Gilbelt Sorrentino


အချို့သော ၀ါကျများတွင် အကြောင်းအရာဟူသော

ပြဿနာ မေးခွန်းမရှိပါ။

ဝါကျများသည်ပင်လျှင်

ကိုယ်ပိုင်အကြောင်းအရာများဖြစ်သည်။

Brian Mc-Hale


“ အကယ်၍ တစ်ယောက်ယောက်က

ဒါအနုပညာပဲဟု ပြောလျှင်

ထိုအရာသည်

အနုပညာဖြစ်သည်။ ”

ပန်းချီ၊ ပန်းပုဆရာကြီး Don Judd


အနုပညာမှာ စိတ်ကူးသာအရေးကြီးသည်။

နောက်ဆုံးထွက်ပေါ်လာသော လက်ရာပစ္စည်းသည်

အရေးမကြီး။

Mercel Du Champ


“ အနုပညာသမားတိုင်းဟာ ကိုယ်လုပ်သင့်တဲ့

အလုပ်ကို လုပ်ကိုင်ခွင့်ရှိသည်။ ”

Willem De Kooning


“ စာပေသည် သန့်စင်သောအနုပညာ (၀ါ)

စာပေသည် မည်သည့်အခါမှ သန့်စင်သော

အနုပညာ မဖြစ်နိုင်ပါ။ ”

Clive Bell


စာသားသည် အရာဝတ္ထုများနှင့် လောကများကို

ဖြစ်ပေါ်တည်ရှိစေသည်။

Ingarden


ပို့စ်မော်ဒန်သမားများသည်

သုညနယ်ပယ်၏ အရင်းအမြစ်များကို

ခင်းကျင်းပြသနေကြသည်။

ဝေဖန်ရေးဆရာ Ihab Hassan

အလင်းဆက်
၂၁.၃.၂၀၁၀

No comments:

Post a Comment