Saturday, March 27, 2010

အောင်ဆန်းစုကြည်၏ တပ်မတော်သားများသို့ ပန်ကြားချက်


"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်.."

"ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုက နေပြီးတော့ တင်မြှောက်တဲ့ အစိုးရကနေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလဲ ပြည်သူလူထု ကြားထဲ ကနေ ပေါက်ဖွားလာတဲ့သူများ မို့လို့ ပြည်သူလူထု ရွေးကောက်ပွဲတင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားများကို ထိုက်ထိုက်တန်တန် ဂုဏ်ရှိရှိ သိက္ခာရှိရှိ ထားမယ်ဆိုတာ ယုံမှားသံသယရှိစရာ လုံးဝမလိုပါဘူး။"

"ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်တယ် ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။"

အောင်ဆန်းစုကြည်၏ တပ်မတော်သားများသို့ ပန်ကြားချက်

မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးများဟာ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ်နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့အတွက်လည်း ပြည်သူလူထုနဲ့ တပ်မတော်သား များ အားလုံးလက်တွဲပြီးတော့ ကြိုးပမ်းခဲ့လို့ ရခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော်လက်တွဲပြီး လုပ်ဖို့သာလိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကြီးထွားပုံကို ကမ္ဘာက သိကြပါတယ်။
ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုက နေပြီးတော့ တင်မြှောက်တဲ့ အစိုးရကနေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလဲ ပြည်သူလူထု ကြားထဲ ကနေ ပေါက်ဖွားလာတဲ့သူများ မို့လို့ ပြည်သူလူထု ရွေးကောက်ပွဲတင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားများကို ထိုက်ထိုက်တန်တန် ဂုဏ်ရှိရှိ သိက္ခာရှိရှိ ထားမယ်ဆိုတာ ယုံမှားသံသယရှိစရာ လုံးဝမလိုပါဘူး။ အခုအချိန်မှာ ဆိုလို့ရှိရင် တချို့လူတွေဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားထဲမှာ စိတ်ဝမ်းကွဲအောင်လို့ အမျိုးမျိုး ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မလိုလားသယောင်ယောင်၊ တပ်မတော်ရဲ့ အကျိုးစီးပွားကိုပဲ မလိုလား သယောင်ယောင် ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အစဉ်တစိုက် မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်စေချင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
ကျွန်မတို့တပ်မတော်ဟာ စကတည်းက ပြည်သူလူထုရဲ့ နွေးထွေးမှုကို ခံယူနိုင်မှသာလျှင်၊ ဒီတပ်မတော် ထူထောင်ခဲ့ရတာဟာ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူလူထုရဲ့ အကျိုးကို မျှော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်းမှာ ပြည်သူလူထုနဲ့ တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တသားတည်းရှိမှသာလျှင် ငြိမ်းချမ်းမှုလည်း ရှိနိုင်မယ်။ တိုးတက်မှုလည်းရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့လည်း တပ်မတော်ဆိုတာ တခြားနိုင်ငံက အဖွဲ့အစည်းမဟုတ်ဘဲ ဒီနိုင်ငံထဲက အဖွဲ့အစည်း၊ တခါတလေ တပ်မတော်နဲ့ ပြည်သူကို ခွဲခြားပြီး ပြောတာကို ကျွန်မတို့ နားမလည်ပါဘူး။ တပ်မတော်သားများဆိုတာဟာ ပြည်သူလူထုက ပေါက်ဖွား လာတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်တယ် ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးသမားများ ရှိမှသာလျှင် နိုင်ငံရေးဘက်ကနေပြီး ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့် မို့လို့ နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်မယ်၊ နိုင်ငံရေးသမားများရဲ့  လုံခြုံရေးကို
တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာဆိုရင် နားလည်မှု အများကြီးရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဆိုလို့ရှိရင် မြန်မာ့တပ်မတော်ထဲမှာ အဆင့်မြင့် အမှုထမ်းခဲ့တဲ့ အရာရှိများ များစွာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တပ်မတော်ရဲ့ လိုအပ်ချက်များကို ကောင်းမွန်စွာ နားလည်ပါတယ်။

၁၉၉၉ခုနှစ် သြဂုတ်လ (၇)ရက်

"ပြည်သူမေတ္တာကလွဲလို့ အရာခပ်သိမ်းကိုဝယ်ယူလို့ရတယ်။"
အလင်းဆက်...၇.မတ်လ.၂၀၁၀

No comments:

Post a Comment