Sunday, April 18, 2010

မြင့်မြတ်သူတို့၏ စိတ်ဓါတ်


"ပြုလုပ်ပြီးနောက် မိုက်နောင်တနှင့် ပူပန်ရသောအလုပ်မျိုးသည် မကောင်းပေ။

ယင်းမကောင်းသော အလုပ်၏ အကျိုးကို မျက်ရည်ကြီးငယ် ငိုယိုကာဖြင့် ဘဝသံသရာ တလျှောက်လုံး ခံစားရတတ်သည်။ "

ဓမ္မပဒ (၆၇) ကဿက ဝတ္ထု

ရဟတ်ယဉ်ဖြင့် နေပြည်တော်ဝန်းကျင် လှည့်လှည်၍ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ပွားသရဇ္ဈယ်ပရိတ်ရေများဖြင့် ဖျန်းပက်မေတ္တာပို့သ

၂၀၁၀ ဧပြီလ ၁၈ ရက်နေ့ ကြေးမုံသတင်းစာပါ သတင်းခေါင်းစဉ်လေးပါ။ ဖြစ်မှဖြစ်ရလေ။

ရဟတ်ယဉ်+++နေပြည်တော်ဝန်းကျင်+++အန္တရာယ်ကင်းပရိတ်တော်+++ပရိတ်ေ+++မေတ္တာပို့သ

ဖျက်ခနဲဆိုသလိုဆရာကြီးဦးရွှေအောင်ရေးသားပြုစုခဲ့သော ဓမ္မပ္ပဒစာအုပ်ပါ ယမကဝဂ်မှ စက္ခုပါလမထေရ် အကြောင်းမှ စာပိုဒ်တစ်ပိုဒ်ကို သွားသတိရမိသည်။ မြတ်ဗုဒ္ဓ၏အလိုတော်အတိုင်း အကျင့်သီလဘာဝနာကို ထက်သန်ခိုင်မာသော အဓိဌာန်ဖြင့် ကျင့်ကြံနေထိုင်သွားသော ရဟန်းမြတ်စက္ခုပါလမထေရ်မြတ်ကြီး၏ မြင့် မြတ်သူတို့၏ကျင့်စဉ်ကား လေးစားကြည်ညိုဖွယ်ပင်ဖြစ်သည်။

အဓိဌာန်နှင့်ကျင့်စဉ်ကိုခိုင်ခိုင်မာမာယုံကြည်စွာသီလမပျက်ကျင့်ကြံခဲ့သောစက္ခုပါလမထေရ်မြတ်ကြီးလမ်းခရီး ၌ဘေးကင်းရန်ကင်းစိမ့်သောဌာညီတော်စူဌပါလသူကြွယ်ကတူတော်ပါလိတကိုသာမဏေပြုစေပြီး ထည့်ပေး လိုက်သည်။

ယူဇနာတစ်ရာ့နှစ်ဆယ်ဝေးရာသာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်သို တူဝရီးနှစ်ယောက်လာကြရာလမ်းတွင် ထင်းခွေနေသောအမျိုးသမီးငယ်နှင့်သာမဏေတို့ မှောက်မှားကြ၏။

ယခုပင်သီချင်းသံကြား၏။ ယခုပင်သီချင်းသဲပျောက်၏။ သာမဏေသည်လည်း ကြာမြင့်၏။ သာမဏေနှင့်အမျိုး သမီးငယ်တို့သည် မှောက်မှားခြင်းဖြစ်တန်ရာ၏။ သာမဏေသည်လည်း သီလပျက်စီးခြင်းဖြစ်တန်ရာ၏ဟူ၍ စက္ခုပါလမထေရ် ဆင်ခြင်မိ၏။

သာမဏေသည် မိမိကိစ္စပြီး၍ ဦးရီးတော်ထံပြန်လာကာ ရှေ့ခရီးဆက်ရန်လျှောက်ထားသည်။ စက္ခုပါလမထေရ် သည် တူ သာမဏေအား မိမိ၏တောင်ဝှေးကို မကိုင်မခံနှင်ထုတ်၏။ သာမဏေကမူ မျက်စိနှစ်ဖက်ကွယ်နေ သော ဦးရီးတော်မထေရ်သည် တောအုပ်အလယ်၌ ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး အမျိုးမျိုးတောင်းပန်လျှောက် ထား၏။ စက္ခုပါလမထေရ်က လုံးဝခွင့်မပြုသောကြောင့် သာမဏေသည် ကြီးစွာ သော နောင်တဖြင့် ငိုကြွေး မြည်တမ်းလျှက် ခွဲခွာကြရလေ၏။

ကိုယ်ကျိုးကိုယ့်စီးပွားကိုငဲ့၍ကိုယ်ကျင့်သိက္ခာမကောင်းသူများအား လျစ်လျှူရှုထားခြင်းနှင့်မိမိတို့ယုံကြည်လိုက်နာနေသောလမ်းစဉ်များမှ သွေဖယ်ခြင်းသည် မြင့်မြတ်သူတို့၏ ကျင့်စဉ်မဟုတ်၍ စက္ခုပါလမထေရ်က နမူနာပြ ၏။

စက္ခုပါလမထေရ်မြတ်သည် အသက်ကိုတန်ဖိုးမထား၊ လောက၌ဓမ္မထွန်းကားရေးကိုသာ တန်ဖိုးထား၏။ နတ်သုဓာတစ်တင်းခွဲ၌ မစင်တစ်ပဲ အရောမခံနိုင်သူဖြစ်၏။ ရှေးသူတော်ကောင်းတို့၏ ကျင့်စဉ်ကား ကြည်ညိုလေး စားဖွယ်အလွန်ကောင်းလှပေသည်။

အမှန်အားဖြင့် လူ့သမိုင်းဟူသည် ကျွန်တော်တို့၏ အတွေးနှင့်အမြင်တို့က ခင်းပေးသော လမ်းအတိုင်းလျှောက် နေကြရသော

“ ဘ၀ခရီးသည်တို့၏ ခရီးသွားမှတ်တမ်း ” သာ ဖြစ်ပါ၏။

ထို့ကြောင့် အစုန်လမ်းနှင့်အဆန်လမ်း(သို့)လမ်းမှားနှင့်လမ်းမှန်ကိုရွေးရာတွင် လောက၌ “ ဓမ္မ ” ထွန်းကားရေး အတွက် ကျရောက်သမျှသော လောကဓံတရားများကို ကြံ့ကြံ့ခံကာ ပြတ်ပြတ်ထင်သောရည်မှန်းချက်၊ မဆုတ်မ နစ်သော ကြိုးပမ်းမှု၊ ခိုင်မာသောစိတ်ဓါတ်၊ လုံလောက်သောဥာဏ်ပညာတို့ဖြင့် အသက်ကိုပင်မငဲ့ကွက်ဘဲ လမ်း မှန်ကိုရွေး၍ ဘ၀ခရီးလျှောက်ခဲ့သော စက္ခုပါလမထေရ်၏ အတွေးမှန် ( သမ္မာသကပ္ပ ) နှင့် အမြင်မှန် ( သမ္မာဒိဌိ ) ကို အစဉ်တစိုက်လေးစားကြည်ညိုနှလုံးသွင်းထိုက်ပေသည်။

"ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊
ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊
ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား
ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။
ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။
ထို့အပြင်
မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”

မိလိန္ဒပဥှာ

ကျောင်းသားတစ်ဦး

၁၉.ဧပြီလ.၂၀၁၀

1 comment: