Thursday, April 29, 2010

အာဏာရှင်တို့ရဲ့ မြေဇာပင်ကလေးများ


မနေ့က Blog များကိုလိုက်ဖတ်ရင်း “ မျိုးသာကီအတွက်ရဲဝံ့ ဒို့အာဇာနည်, Arzarni Blog ” မှ “ ကယ်တော်မူကြ ပါဗျို့…..ဖုန်းတောင်းစားတော့မဖြစ်လို ” သတင်းခေါင်းစဉ်လေးကို စိတ်ဝင်စားလို့ဖတ်မိပါတယ်။ သတင်းမှာ လွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ တော်တော်လေးလည်း ၀မ်းနည်းမိပါတယ်။

မြန်မာနိုင်ငံသားကလေးငယ် (၆) ဦး မလေးရှားနိုင်ငံမှာ သူတောင်းစားလုပ်လို့ ရဲအဖမ်းခံရတာဖြစ်ပါတယ်။ ကောင် ကလေး (၅) ယောက်ရဲ့ နာမည်တွေကိုလည်းဖော်ပြထားပါတယ်။ ဒီလိုသတင်းမျိုးကိုတင်ပြပေးတဲ့ ဘလော့ခ်ဂါ များကိုလည်း လေးစားမိပါတယ်။

သတင်းအရ မလေးရှားနိုင်ငံ Kelantan ပြည်နယ် Tanah Merah Camp မှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူ မြန်မာ ကလေးငယ် (၆) ဦးရှိကြောင်းသိရပါတယ်။ အားလုံးဟာ ၁၄ နှစ်အောက်တွေဖြစ်ကြပါတယ်။ ယောက်ျားက လေး (၅) ဦး နဲ့ အသက် (၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပါတယ်။

သူတို့ထဲက အသက် (၁၂) နှစ်အရွယ် မောင်ကျော်သူလင်းပြောပြချက်အရ သူ့ကို မန္တလေးက ဦးမဲလုံးဆိုသူက လက်ဖက်ရည်ဆိုင်မှာအလုပ်ရမယ်ဆြို

ပီးခေါ်လာခဲ့ကြောင်း၊ ဒါပေမယ့် မလေးရောက်တော့ ကားမှတ်တိုင်တွေ၊ မီးပွိုင့်တွေမှာ ပိုက်ဆံတောင်းရကြောင်းပြောပါတယ်။ တစ်နေ့ကို မလေးငွေရင်းဂစ် ၁၀၀ ရအောင် တောင်းပေးရ တယ်။ တစ်နေ့အနည်းဆုံး ၇၀၊ ၈၀ လောက်ရတယ်လို့ပြောပါတယ်။ မရတဲ့နေ့တွေဟာဆိုရင် သူ့ကိုရိုက်တယ်၊ ထုတယ်၊ ထမင်းလည်း၀၀လင်လင်မကျွေးဘူးလို့ပြောပါတယ်။ သူအနေနဲ့ (၃) လလောက်ပိုက်ဆံတောင်းတဲ့အ လုပ်ကိုလုပ်ခဲ့ရပါတယ်။ နောက် ပုလိပ်ကဖမ်းလို့ ခု စခန်း(Camp) ထဲရောက်နေတာ (၉) လလောက်ရှိပြီလို့ ပြောပါတယ်။ ကမ့်ထဲမှာလည်း ထမင်းဝအောင်မကျွေးဘူး။ ငါးခြောက်ရေပြုတ်တာနဲ့ပဲကျွေးပါတယ်။ သားတို့ကို မြန်မြန်လာကယ်ကြပါ။ အမေ့ကိုလည်း ပြောပေးပါခင်ဗျာ လို့ တောင်းပန်အကူအညီတောင်းနေကြောင်း ဖော်ပြ ထားပါတယ်။

“ လူ့ငရဲ ” လို့ ဘဘဦးဝင်းတင်သတ်မှတ်တဲ့နေရာလေးဆီကို သူတို့လေးတွေ ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ ရောက်ကြရတယ်။ ဘာအပြစ်မှမကျူးလွန်မိပါဘဲနဲ့ ဘ၀ဆိုးတွေနဲ့ကြုံတွေ့နေရပါတယ်။ ဖတ်ပြီးကျွန်တော်တော် တော်ခံစားရပါတယ်။ ကမ္ဘာမြေကြီးပေါ်မှာ ဒီလိုမျိုး လူမသိ၊ သူမသိ ဘ၀ဆိုးတွေကိုကြုံတွေ့ခံစားနေရသူတွေ၊ ဘ၀ပျက်ခဲ့ရသူတွေ၊ အသက်ဆုံးရှုံးခံရသူတွေ ဘယ်လောက်များရှိနေပြီသလဲဆိုတာကို တွေးမိပါတယ်။

ငယ်ငယ်တုန်းက ဖတ်မိခဲ့တဲ့ ကဗျာဆရာကြီး James Stephens ရဲ့ “ ထောင်ချောက် ”(The Snare) ဆိုတဲ့ ကဗျာလေးကို သွားမြင်မိပါတယ်။ ရေရွက်မိပါတယ်။ ဒီကဗျာလေးထဲမှာ ယုန်ကလေးတစ်ကောင် ထောင် ချောက်ထဲမှာထိပြီးနာကျင်လို့အော်ဟစ်အကူအညီတောင်းတဲ့အကြောင်း ရေးဖွဲ့ထားပါတယ်။ ဒါပေမယ့် ကဗျာ ဆရာကြီးအနေနဲ့ ဒီယုန်ကလေးနာကျင်ပြီး ခံစားနေရတာကို စာနာသနားပြီး ကူညီဖို့ကြိုးစားရှာဖွေပေမယ့် ဒုက္ခ ရောက်နေတဲ့ ယုန်ကလေးကိုမတွေ့ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ဆက်လက်ရှာဖွေနေသေးကြောင်း ရေးဖွဲ့ ထားတာပါ။

ယခုကျွန်တော်တို့တွေ့နေတာက ယုန်ကလေးမဟုတ်ပါဘူး။ တိရစ္ဆာန်တစ်ကောင်မဟုတ်ပါဘူး။ လူသားစင်စစ် တွေပါ။ သူတို့ကလေးတွေခင်ဗျာ သူတို့ဘယ်လောက်နာကျင်လို့၊ ဘယ်လောက်ပူဆွေးသောကရောက်နေတယ် ဆိုတာတောင် ထုတ်ဖော်မပြနိုင်တဲ့ အခြေအနေပါ။ ထုတ်ဖော်မပြတတ်တဲ့အခြေအနေပါ။ ထုတ်ဖော်ခွင့်မရကြ တဲ့အခြေအနေပါ။ ယခုလိုအဖြစ်ဆိုး၊ ဘ၀ဆိုးကို ကိုယ်ချင်းမစာနာတတ်တဲ့သူများဟာ ရက်စက်ယုတ်မာမှုမှာ သရဖူဆောင်းတဲ့ နအဖစစ်အာဏာရှင်တွေနဲ့ အတူတူဘဲဖြစ်ပါလိမ့်မယ်။

ဒီလိုရေခြားမြေခြားကိုနည်းအမျိုးမျိုး၊ လမ်းခရီးအမျိုးမျိုးကိုကျော်ဖြတ်ပြီး သူတစ်ပါးတိုင်းပြည်မှာ တောင်းရမ်းစား သောက်ရတဲ့ဘ၀၊ စာသင်ရမယ့်အရွယ် စာမသင်ရ၊ ကလောင်ကိုင်ရမယ့်လက်တွေက တောင်းရမ်းစားဖို့ ခွက် ကိုင်ရမယ့်ဘ၀၊ ရှေ့အနာဂါတ်အတွက် တဖျက်ဖျက်တောက်ပနေရမယ့်သူတို့လေးတွေရဲ့မျက်လုံးလေးတွေနေ ရာမှာ အခုတော့ ပေးကမ်းစွန့်ကြဲကြပါ၊ သနားကြပါ၊ အကူအညီတောင်းခံနေရရှာတဲ့ မျက်ရည်အပြည့်နဲ့ မျက် လုံးလေးတွေဖြစ်နေရပြီ။

ဒီလိုမြန်မာနိုင်ငံသားကလေးငယ်တွေ အပါအ၀င် မြန်မာဒုက္ခသည်တွေဘာကြောင့် ဒီလိုဘ၀ဆိုး၊ အခြေအနေ ဆိုးဖြစ်ရတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဘယ်သူတွေမှာတာဝန်အရှိဆုံးလဲဆိုတာလည်း ဆင်ခြင်သိ နိုင်ပါတယ်။

အခုအပြစ်မရှိတဲ့ကလေးငယ်တွေရဲ့အော်သံကိုလည်းကြားနေရပြီ၊ ငိုသံကိုလဲကြားနေရပြီ၊ ဘယ်ကနေအကူအ ညီတောင်းခံနေသလဲဆိုတာကိုသိနေကြပါပြီ။ အားလုံးတက်နိုင်သမျှ ၀ိုင်းဝန်းကူညီပေးကြပါ။ လူသားဆန်မှုကို ပြကြပါ။ သင်တို့မှာရှိတဲ့ ကြင်နာမှုနှင့်မေတ္တာတရားကို လက်တွေ့အကောင်အထည်ဖော်ကြပါ။

ကျွန်တော်လေ့လာမိသလောက်တင်ပြရလျှင် UNHCR ၏ ၂၀၀၈ စာရင်းအရ မလေးရှားအကျဉ်းစခန်းများတွင် လစဉ်ဒုက္ခသည်များနှင့်ခိုလှုံခွင့်လျှောက်ထားသူပျမ်းမျှ ၇၀၀ မှ ၈၀၀ အထိရောက်ရှိနေကြပြီ ၁၀၀ လောက်မှာ ကလေးသူငယ်များဖြစ်သည်။ မလေးရှားနိုင်ငံသည် ကလေးအခွင့်အရေးစာချုပ် (Convention on the Rights of the Child (CRC)) ကို လက်မှတ်ရေးထိုးထားသောနိုင်ငံဖြစ်သည်။ ထို့ကြောင့် ကလေးအခွင့်အရေးစာချုပ် ပါ အချက်များအတိုင်းကျင့်သုံးသင့်သည်။ ထိုစာချုပ်ကို ၁၉၈၉ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂအတည်ပြု ပြီး ၁၉၉၀ တွင် အသက်ဝင်ခဲ့သည်။

မောင်မြန်မာ(BRO)
၂၀.ဧပြီလ.၂၀၁၀

No comments:

Post a Comment