Monday, May 10, 2010

ပါရမီမြောက်သော ပေးဆပ်အနစ်နာခံမှု








ဂရိဒဏာရီ အရ ပရိုမီးသီးရပ် (Prometheus) ဆိုသူဟာ ကမ္ဘာလောက အမှောင်ကြီးနေတာ မကြည့်ရက်လို့ သူ့အသဲနှလုံး ကိုစတေးကာ မီး(ဥာဏ်အလင်း) ကိုပေးဆပ်ခဲ့တယ်။

ဘလော့ဂါ လူငယ်


ပါရမီမြောက်သော ပေးဆပ်အနစ်နာခံမှု



မြတ်ဗုဒ္ဓ၏ဒေသနာတော်အရ ဘ၀ပေးတာဝန်အနေဖြင့် လူတိုင်းတွင် တာဝန်နှစ်ခုရှိ၏။ တစ်ခုမှာ အနစ်နာခံခြင်း ဖြစ်၍ အခြားတစ်ခုသောတာဝန်မှာ သူတပါးအကျိုးကိုဆောင်ရွက်ခြင်း
ဖြစ်၏။ ထိုထက်ပို၍ ပါရမီရှင်များ ဟုခေါ်ထိုက်သော မြင့်မြတ်သူများ၏ စိတ်ဓါတ်၊ အကျင့်နှင့်ပေးဆပ်အနစ်နာခံမှုများသည် အလွန်လေးစား အား ကျဖွယ်ပင်ဖြစ်သည်။

မြင့်မြတ်သူတို့၏ လုပ်ရပ်ဟူသည်မှာလည်း မိမိအတွက် ထိုလုပ်ရပ်မှထွက်ပေါ်လာမည့် တစ်စုံတစ်ရာ သော အကျိုးကို မျှော်ကိုးခြင်းမရှိဘဲ မိမိ၏ လူ့တာဝန်အရ ထိုတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ရေး အ တွက်သာ အားပြု၍ စိတ်ရင်းစေတနာရင်းသန့်သန့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်၏။

မည်သည့်လုပ်ငန်းကိုလုပ်လုပ် ထွက်ပေါ်လာမည့်အကျိုးကိုမျှော်ကိုးခြင်းမရှိပါမှ “ နေက္ခမ္မ ” သဘော ရောက်၏။ နေက္ခမ္မသဘောပါမှလည်း ပါရမီထိုက်၏။ နေက္ခမ္မ ၏ အနက်မှာလွတ်မြောက်ခြင်းဖြစ်၏။ တပ်မက် ဖွယ်ဟူသမျှအားလုံးမှ လွတ်မြောက်ခြင်းဟူ၍ဆိုလို၏။ နေက္ခမ္မ သဘောပါဝင်လာလျှင် အရာရာတိုင်းကို သည်း ခံနိုင်၏။ အဆိုးကိုလည်း သည်းခံနိုင်၏။ အကောင်းကိုလည်း သည်းခံနိုင်၏။ သည်းခံခြင်းသည် “ ခန္တီပါရမီ ” ဖြစ် ၏။ အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ၊ အရာရာတိုင်းကို ခွင့်လွှတ်နိုင်၏။ ခွင့်လွှတ်ခြင်းသည် “ ဥပေက္ခာပါရမီ ” ဖြစ်၏။ ထို့ကြောင့် လုပ်ငန်းများကိုလုပ်ရာ၌ မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ မျှော်ကိုးခြင်း မပြုဘဲ စွန့် လွှတ်ခြင်း နေက္ခမ္မ၌ အခက်အခဲဟူသမျှကြောင့် စိတ်ဓါတ်မကျဘဲခံနိုင်ရည်ရှိခြစ် ခန္တီ နှင့် အကြောက် နှင့် အ မြှောက်အပေါ် လျစ်လျူရှုနိုင်ခြင်း၊ ဥပေက္ခာတို့ပါဝင်လျှင် ထိုလုပ်ငန်းသည် မြင့်မြတ်သူတို့၏ ဆောင်ရွက်ခြင်း ဖြင့် ဆောက်ရွက်သည်ဖြစ်၏။

မြင့်မြတ်သူတို့သည် လောကကို ကတညုတမျက်စိဖြင့် ကြည့်သူဖြစ်၏။ မကောင်းသော ပဉ္စမျက်စိဖြင့်ကြည့်သူမဟုတ်၊ ကတညုတမျက်စိဖြင့်ကြည့်သောအခါ လောကသည်တကယ်ပင်ချစ်ဖွယ်၊ ကြင်နာဖွယ် ကောင်းလှသော ကျေး ဇူးရှင်စစ်စစ်ဖြစ်၏။ တပါးသူ အပေါ်၊ မိမိပြည်သူ့အပေါ်၌ မေတ္တာဝင်ပြီးသားဖြစ်၏။

ပဌာန်း “ ဥပနိဿယပစ္စည်း ” အရလည်း မြန်မာနိုင်ငံသည် နိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသူအား လုံးတို့အား ဥပနိဿယပစ္စည်း ဖြင့် ကျေးဇူးပြုလျှက်ရှိ၏။ ဥပနိဿယပစ္စည်းဟူသည်မှာ အားကြီးသောကျေးဇူး ပြုခြင်းဖြင့် ကျေးဇူးပြုသောသဘောဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဤနိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြ သူအားလုံးတို့၏ ကျေးဇူးရှင်ဖြစ်၏။ ကျေးဇူးရှင်ကို ဤလောကမှ မပျောက်ကွယ်ရလေအောင် ကျေးဇူးဆပ်ရန် လူတိုင်း၌ တာဝန်ရှိ၏။ လူတိုင်းတွင် တိုင်းရင်းသား အားလုံးပါဝင်၏။ ကျေးဇူးရှင်အား ကျေးဇူးဆပ်ရခြင်းသည် လူသားတို့၏ ဘ၀ပေးတာဝန်လည်းဖြစ်၏။ မြင့်မြတ်သောဆောင်ရွက်မှုလည်းဖြစ်၏။

ထို့ကြောင့်သာ မြင့်မြတ်သော ပါရမီရှင်များအနေနှင့် လောကလူသားအကျိုး၊ ကျေးဇူးရှင်ကိုကျေးဇူးသိ တတ်၊ ကျေးဇူးဆပ်တတ်သောအလုပ်ကို ပေးဆပ်မှုသက်သက်၊ အနစ်နာခံမှုကြီးကြီးနဲ့ ဖြည့်ဆည်းနေသည်ဟု ယုံကြည်မိသည်။ အသာစံခြင်းသည် လူတိုင်းလုပ်နိုင်သော အလုပ်ဖြစ်သည်။ အနာခံခြင်းကား မြင့်မြတ်သူများ သာ လုပ်နိုင်သောလုပ်ငန်းဖြစ်သည်။

ပါရမီရှင်များ၏ပေးဆပ်မှုတွင် ပညာပါရမီလည်းပါသည်။ ပညာကိုပါရမီတစ်ရပ်အနေဖြင့်ဆိုရလျှင် ကရု ဏာနှင့်တွဲဖို့လို၏။ ပညာဖြစ်ရိုးမှန်ပါက ယင်း၏အောက်၌ သမာဓိရှိရ၏။ တဖန်ယင်း၏အောက်၌ သီလရှိရ၏။ သီလရှိလျှင်ဆိုကတည်းက ကရုဏာသည် အလိုလိုပါဝင်ပြီးသားဖြစ်၏။ ကရုဏာပါလျှင် မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာ တို့သည်ပါဝင်ဖို့ မခက်ခဲတော့ပေ။ ထို့ကြောင့် ပါရမီမြောက်သောပညာဖြစ်လာနိုင်ရန် အင်းအားပြည့်သော သီလနှင့်သမာဓိလို၏။ သီလနှင့်သမာဓိအားကြီးပါက လောကအပေါ် ချစ်ဖို့၊ ကြင်နာဖို့၊ ၀မ်းသာဖို့၊ ခွင့်လွှတ်ဖို့ ဘာမှခက်သည်မဟုတ်ဟု ဗုဒ္ဓဒေသနာတော်၌ ဆိုထားသည်ကို တွေ့ရပါသည်။

ပညာပါရမီမြောက်သော ပညာဖြစ်ဖို့ “ ပန်းတိုင် ” နှင့် “ လမ်းစဉ် ” ဟူသော အဆင့်နှစ်ဆင့်ရှိသည်။ ပထမအဆင့်ပန်းတိုင်ကို မဟာဗျူဟာဟုသတ်မှတ်နိုင်သည်။ ဒုတိယအဆင့်လမ်းစဉ်ကို နည်းဗျူဟာဟု သတ်မှတ် နိုင်သည်။ “ ပန်းတိုင် ” ပျောက်၍မဖြစ်ပါ။ ပြောင်း၍မဖြစ်ပါ။ သို့သော် နည်းဗျူဟာနှင့်တူသော “ လမ်းစဉ် ” ကို မူ အချိန်အခါနှင့်အခြေအနေကိုလိုက်၍ သင့်လျော်သလိုပြောင်းနိုင်၏။

ပန်းတိုင်အဖြစ် အမြဲတမ်း လောကတ္တစရိယဖြစ်နေရမည်ဖြစ်၏။ မိမိ၏အကျိုးထက် လောကအကျိုးကို ပို၍ ဦးတည်နေမည်ဖြစ်၏။ ထိုသို့အများအကျိုးအတွက် မိမိတို့ဘ၀ကို ပေးဆပ်အနစ်နာခံသူများကို မြင့်မြတ်သူ များ၊ စစ်မှန်သောပါရမီရှင်များဟုလည်းခေါ်သည်။

ထိုကဲ့သို့သော ပါရမီအောင် ပေးဆပ်သူများကြောင့်သာ လူ့လောကသည် နေထိုင်အပ်သောအရပ်၊ ကျက်သရေရှိသော အရပ် ဖြစ်နေရသည်။ ထိုသို့ အမှန်တကယ် ပေးဆပ်နေသူများ ၏ စိတ်ဓါတ် နှင့် လုပ်ရပ်ကား လေးစားအားကျ အတုယူဖွယ်ဖြစ်၏။ မြန်မာ နိုင်ငံကြီး ကမ္ဘာအလယ် တင့်တယ်စွာ ရပ်တည်နိုင်ဖို့ ပါရမီမြောက်အောင် ပေးဆပ်အနစ်နာ ခံရဲသူတွေ များများပေါ်ပါစေ..........


ဘလော့ကာ လူငယ်
(၉.မေလ.၂၀၁၀)

No comments:

Post a Comment