Tuesday, May 18, 2010

ဆရာဇော် (သို့မဟုတ်) ဓါးသံလျှက်နဲ့ပန်း


အမှာစာမဟုတ်သော အမှာစာ

ဒီနေ့ မေလ ၁၈ ရက်နေ့(၂၀၁၀)ဟာ ကျနော်သိပ်တန်ဖိုးထားလေးစားရတဲ့ ဆရာဇော်ဇော်အောင်ရဲ့ ၇၃ နှစ်မြောက် မွေး နေ့ပါ။ ကျနော် ဆရာဇော်ဇော်အောင်နဲ့ပတ်သတ်ပြီး ရေးချင်နေတာ နှစ်အတော်ကြာပါပြီ။ အခု ဆရာဇော်ဇော် အောင်ရဲ့စာပေအမြင်တစေ့တစောင်း ဆောင်းပါးကိုလည်း မနှစ် ဧပြီလကတည်းက ရေးထားတာပါ။ ဆရာကြီး ဆီကိုလည်း အကြာကြီးဖုန်းဆက်စကားပြောပြီး ဆရာကြီးရဲ့ စာပေအမြင်တွေကို ကြားသိခွင့်ရခဲ့ပါတယ်။ နှစ် တွေ ဘယ်လိုပြောင်းပေမယ့် ကျနော်တို့ရဲ့ နိုင်ငံကြီးကတော့ မပြောင်းသေးပါ။ ရှင်းနေပါတယ်။ အတိတ်ကော၊ ပစ္စုပ္ပာန်ကော၊ အနာဂါတ်ကော။


ကျနော်ဟာ စာပေပညာရှင်၊ စာပေဝေဖန်ရေးသမားမဟုတ်တာကိုတော့ ထပ်တလဲလဲဝန်ခံပါရစေ။ ဒါပေမယ့် စာပေကိုမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ စာပေဖန်တီးသူတွေကိုလေးစားတယ်။ ဒါကြောင့်လည်း စာပေဖန် တီးသူတွေများများပေါ်ထွက်လာစေချင်ပါတယ်။ ကျနော်ကျောင်းသားဘ၀က မော်ဒန်၊ ပို့စ်မော်ဒန် ဆိုတဲ့စ ကားကို တက္ကသိုလ်ရဲ့မြေသင်းသင်းမှာလည်းကြားရတယ်။ မလေးရှားပိတောက်ရနံ့စူးစူးကြားမှာလည်း ကြားရ တယ်။ စိန်ပန်း ရဲရဲနီတွေဝေနေ ကြွေနေတဲ့ အဓိပတိမြေမှာလည်း ကြားရတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အခုထိကောင်းကောင်း နားလည်သဘောမပေါက်နိုင်သေးပါဘူး။ မော်ဒန်၊ ပို့စ် မော်ဒန်စကားလုံးတွေနဲ့အတူ တွဲပါလာတဲ့ စကားလုံးများ ……… Decentered, Hermaneutics, Uncertainty, Deconstruction စတာတွေနဲ့အတူ ဆရာဇော်ဇော်အောင်၊ ဆရာသစ္စာနီ၊ ဆရာမြတ်သစ်၊ ဆရာဇေယျာလင်း၊ ဆရာနေမျိုး စတဲ့ ကျနော်တို့နိုင်ငံရှိ ဆရာကြီးများနာမည်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ထို့ပြင် နိုင်ငံရပ် ခြားရှိ သီအိုရီပညာရှင်ကြီးများ၏ နာမည်များနှင့်အတူ သူတို့ရဲ့ အတွေးအခေါ်၊ သီအိုရီအပိုင်းအစများလည်း ကျနော်တို့ရဲ့ ရေနွေးကြမ်းဝိုင်းထဲသို့ နည်းအမျိုးမျိုး၊ အသွင်အဖုံဖုံနဲ့ ပဲ့ကျလာကြသည်။ လွင့်ပါးလာကြသည်။

ကျနော် ဆရာဇော်ဇော်အောင်ရဲ့စာနဲ့ စတင်ရင်းနှီးခွင့်ရတာကတော့ ၂၀၀၆ ခုနှစ်တုန်းကပါ။ သူငယ်ချင်းတစ် ယောက်အိမ်မှာ ဆရာ့ရဲ့ခြောက်ဒဿမသုညတစ်ဆိုတဲ့ပို့စ်မော်ဒန်မှတ်ချက်တစ်ချို့ပါတဲ့ စာအုပ်လေးပါ။စာအုပ်က အတော်အတန်ပါးပါတယ်။ ဒါပေမယ့် ကျနော့်အတွက် တော်တော်နားလည်ရခက်စေပါတယ်။ ဆရာရဲ့ အစ စကားလုံးကိုက ကျနော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ “ ကျနော်ပြောချင်တာကိုပြောပါမည် ” တဲ့။

သူငယ်ချင်းအိမ်မှာ ကမန်းကတန်းဖတ်လိုက်ရလို့ အားမရတာနဲ့ ငါ့ကိုပေးကွာဆိုပြီး ယူလာခဲ့ပါတယ်။ ပို့စ်မော် ဒန်သမားဆိုသူတွေကို ကျနော်သဘောကျတာက သူတို့ရဲ့အတွေးရဲ၊ အရေးရဲ၊ တင်ပြရဲ၊ ဖန်တီးရဲ တာပါဘဲ။ ဆ ရာဇော်ဇော်အောင် စာအုပ်တွေကိုဖတ်တဲ့အခါတိုင်း ဆရာရဲ့ သဘောတရား၊ အရေးအသားတွေမှာ အင်အား ပါတာကိုတွေ့ရပါတယ်။ အထူုးသဖြင့် ဆရာရဲ့ ရဲရဲမြင်၊ ရဲရဲပြော၊ ရဲရဲရေး ထားတဲ့ အမှာစာတွေပါဘဲ။ “ နားမ လည်ရင်မဖတ်နဲ့။ ”

ဆရာရေးဖူးတယ် ပို့စ်မော်ဒန်သမားတွေအဖို့ “ အရှိလောက၏ရှိမှုသည်လည်း မသေချာ၊ မရှိလောက၏ ရှိမှု သည်လည်း မသေချာ ” ဆိုတဲ့ အမြင်ဟာ ကျနော်တို့လို ချွတ်ခြုံကျနေသူတွေအတွက် ဖြေသိမ့်စရာလိုလို ခံစားမိခဲ့တယ်။

မည်သည့်အကြောင်းခြင်းရာ အရေးကိစ္စမဆို တစ်နေရာမှ စုစည်းချုပ်ကိုင်ထားသော အရာဟူ၍မရှိ၊ အားလုံးအ ထိန်းအကွပ်မရှိဘဲ မျောချင်ရာမျောပါနေကြသည်ဟု ပို့စ်မော်ဒန်သမားများအချို့၏ ခံယူချက်ကိုလည်း ကျနော် သဘောကျ၏။

မကျေနပ်ချက်တွေ၊ ဝေဒနာတွေအပြည့်နဲ့ ခံစားနေရသော ယနေ့ခေတ် ကျနော်တို့လို လူငယ်လူရွယ်တွေအ တွက် ဆရာဇော် စာများက ဖော်ထုတ်တင်ပြလိုစိတ်ဖြစ်လာစေသည်။ ကျနော့်လို စာပေသီအိုရီဘာမျှမသိနားမ လည်သူတောင်မှ အခုလို မိမိပြောချင်တာ၊ ရေးချင်တာကို ဖော်ထုတ်ရဲလာအောင် ဆရာ့စာများက လှုံ့ဆော်နိုင် တယ်။ ကျနော်လည်း ခံယူထားတယ်။ “ မကြိုက်ရင် မဖတ်နဲ့ ” လို့။

ကျနော်တို့ရဲ့ ခံစားချက်၊ ဖန်တီးချက်၊ အတွေးတွေကို ဘယ်သူကမှ လာရောက်ထိန်းချုပ်ခွင့်မပြုသင့်ပါဘူး။ တစ် ခုဘဲ လိုမည်… ကောက်ကျစ်တဲ့စိတ်တော့ မမွေးသင့်ဘူး။

ဆရာအတွက် အမှတ်တရရေးမယ်၊ တင်ပြမယ်၊ ဒါဘဲ ကျနော်စိတ်ရှိတယ်။ ကျနော့်အရေးအသားမှားရင်မှားနေ မယ်။ ၀ါကျအထားအသိုတွေ လွဲရင်လွဲနေမယ်။ ကျနော့်အတွေးတွေ သင်တို့နဲ့ တူချင်မှလဲတူမယ်။ မတူဖို့ ပိုများ တယ်။ ဒါပေမယ့် ကိစ္စမရှိပါ။ အားလုံး လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ အဲ့ဒါကိုက အနုပညာရဲ့ ရသ၊ အလှတစ်ခုလို့မြင်တယ်။ သင်တို့ရဲ့ အမြင်တွေကိုလည်း ရဲရဲဖော်ထုတ်ကြပါ။ ရဲရဲရေးသားကြပါ။ ရဲရဲဖန်တီးကြပါ။

အခု ကျနော် ဆရာဇော်ဇော်အောင်ဆောင်းပါးနဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ်၊ ဆရာ့စာပေသဘောထားအမြင်တွေ နဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ် ဝေဖန်ကြပါ။ ရေးသားကြပါ။ ငြင်းခုံကြပါ။ ဓါးတွေ၊ တုတ်တွေ၊ လက်တွေတော့မပါနဲ့ ပေါ့။ အခုခေတ် ပါလီမန်တွေမှာ ငြင်းခုံနေတာ၊ ထိုးကြိတ်ရန်ဖြစ်နေတာထက်တော့ ပိုပြီးသိမ်မွေ့ညင်သာ မယ် လို့တော့ ယုံကြည်ပါတယ်။ စာပေအနုပညာသမားတွေ၊ ဝေဖန်ရေးသမားတွေ၊ စာပေအပေါ်အမြင်မတော်သူ တွေအားလုံး ဆွေးနွေးကြပါ၊ ဝေဖန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆရာဇော် ဆောင်းပါးနဲ့ပတ်သတ်ပြီး ဆရာဇော်ပုံတွေကို တလေးတစားပို့ ပေးသော ပြည်တွင်းကဗျာဆရာသူ ငယ်ချင်းတစ်ဦး ကိုလည်း ကျေးဇူးတင်တယ်။ အထူးသဖြင့် ဒီ “ အမှာစာမဟုတ်သောအမှာစာ ” ကို ရေးချင်လာ အောင်၊ ရေးဖြစ်အောင်တိုက်တွန်းသော “ ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့် ” လို့ ခေါင်းစဉ်အတွက် အကြံ ပေးခဲ့သူ ကျနော်လေးစားချစ်ခင်ရတဲ့ အကိုကြီး ကဗျာဆရာသစ်ကောင်းအိမ်အား ရင်ထဲက မှတ်တမ်းတင် အပ်ပါသည်။

ဏီဆက်

၁၈ မေလ ၂၀၁၀

No comments:

Post a Comment