Tuesday, August 3, 2010

လေးစားထိုက်သော ရှမ်း နှင့် ကရင် ပညာရှိစာဆိုကြီးများ

လေးစားထိုက်သော ရှမ်း နှင့် ကရင် ပညာရှိစာဆိုကြီးများ



စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့တဲ့ ဆောင်းပါးများကို စုစည်းထားသော “ပုဂ္ဂလအဘိဓာန်” ဆိုသော စာအုပ်ကို ဖတ်ရင်း လေးစားထိုက်သော ရှမ်းစာဆိုနှင့် ကရင် ပညာရှိစာဆိုကြီးများ အကြောင်း တစေ့တစောင်း ကို ဗဟုသုတတိုး စေရန် နှင့် လေးစားအားကျစေရန် တင်ပြလိုက်ပါသည်။

ရှမ်းစာရေးဆရာကြီး ဦးခွန်မဟာက ရှမ်းစာဆိုတော်ကြီးများ အတ္ထုပတ္တိစာအုပ်ကို ရှမ်းဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ ကမ္ဘောဇယမင်း (ကျောက်မဲ) က ၁၉၇၅ ခုနှစ် ဒီဇင်ဘာလထုတ် သံလွင်ဦး မဂ္ဂဇင်းတွင် ယင်းအတ္ထုပ္ပတ္တိစာအုပ် မှ ရှမ်းစာဆိုတော်ကြီးသုံးဦး အကြောင်းကို ကောက်နှုတ်ပြီး မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။




စောဝ်ဓမ္မတိဏ္ဍာ

ရှမ်းစာဆိုတို့တွင် အစအဦးဟုခေါ်ထိုက်သော ပုဂ္ဂိုလ်ကြီးမှာ စောဝ်ဓမ္မတိဏ္ဍာ ဖြစ်ပါသည်။ သူ့ကို ကောဇာသက္ကရာဇ် ၉၀၃ တွင် မွေးဖွားခဲ့ပြီး ၁၀၀၂ တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။ စာဆိုတော်ကြီး၏ ငယ်နာမည်မှာ ခမ်းတိန်း ဖြစ် သည်။

စာဆိုတော်ကြီးသည် ပရမသုတ္တန်၊ အနိစ္စမူလသက်သေ၊ မင်္ဂလာတရားတော်ကြီး စသော “ဘုရားစာ၊ တရားစာ” ဟုခေါ် သော ကျမ်းပေါင်းများစွာကို ရေးသားခဲ့သည်။

ယင်း ကျမ်းစာများအပြင် စာဆိုတော်ကြီးသည် အမေးအမြန်းထူသော “ စောဝ်ဆံထံစား ” အကြောင်း၊ ရှမ်းတ္ထုပတ္တိ “စောဝ်ဆံမာလဲ” ကိုရင် အကြောင်းဟူသော စာပေတို့ကိုလည်း ပြုစုရေးသားခဲ့သည်။

စာဆိုတော်ကြီး စောဝ်ဓမ္မတိဏ္ဍာသည် သက္ကရာဇ် ၉၅၁ ခုနှစ်တွင် အင်းဝဘုရင် နှင့် စော်ဘွားကြီးတို့ကို ဘောကြို ဘု ရား ပွဲတော်၊ ရှမ်း ဗမာ ချစ်ကြည်ရေးကို တည်ဆောက်နိုင်အောင် ဆောင်ကြဉ်းပေးခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ နောင် အခါတွင် လူထွက်၍ စာပေ၏ အကျိုးကို ဆောင်ခဲ့သည်။

စောဝ်ကန်းဆေး

စာဆိုတော်ကြီး စောဝ်ကန်းဆေး (ကောဇာသက္ကရာဇ် ၁၁၄၉-၁၂၄၃) သည် ရှမ်းစာပေလောကတွင် အထင်ရှားဆုံးနှင့် အကျော်ကြားဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။ ရှမ်းစာ၊ ဗမာစာ၊ မွန်စာတို့ကို တတ်ကျွမ်းရုံမျှမက ထိုင်းနိုင်ငံတော်သို့ သွား ရောက်ပြီး ပုံဝတ္ထု၊ ဒဏ္ဍာရီ၊ သျှတ္တရကျမ်း၊ ဗိန္နောကျမ်း စသည်တို့ကို လေ့လာ၍ ကျမ်းပြုခဲ့သော စွယ်စုံရ ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

စောဝ်ကောလီ

စာဆိုတော်ကြီး စောဝ်ကောလီ (ကောဇာသက္ကရာဇ် ၁၂၀၉-၁၂၇၂) သည် မင်းတုန်းမင်းတရားကြီး လှုဒါန်းသော တိပိ ဋက ပဏ္ဍိတဂုရုဘွဲ့ကို ရရှိသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ဝါတော် ၁၉ ဝါအထိ ရဟန်းပြုခဲ့ပြီးနောက် လူထွက်၍ ရှမ်းစာပေ နှင့် ဗုဒ္ဓဘာသာသနာ ပြန့်ပွားရေး ကိစ္စတို့ကို ဆောင်ရွက်ခဲ့သည်။

၁၉၇၀ ခုနှစ်လောက်က ရှမ်းစာရေးဆရာကြီး စောခွန်မဟာ ဦးဆောင်သော အဖွဲ့သည် စာဆိုတော် စောဝ်ကောလီ၏ သင်္ချိုင်းဂူကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိခဲ့ရသည်။





ကရင်စာဆို ပညာရှင်များ

ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ “ဖလုံလိုက်ထူလီ” ပေ ရေး ကရင်စာပေသည် မည်သည့်ပုဂ္ဂိုလ်က မည်သည့်နှစ်တွင် စတင် တည်ထွင်ရေးသားခဲ့သည်ကို တိတိကျကျ မပြောဆိုနိုင်သော်ငြားလည်း ဗုဒ္ဓဘာသာ အယူဝါဒများကို ပြန့်ပွားစေရန် ရည်ရွယ်တည်ထွင်ပြီး ပေ ပေါ်တွင် စတင်ရေးသား အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ယနေ့ဗုဒ္ဓဘာသာ ပိုးကရင်တို့ ၏ သြပွဲများတွင် သီဆိုသော “ထာခူးဖါဒူး” ခေါ် သီချင်းကြီး၊ ဇာတ်နိပါတ် သမိုင်းအကြောင်း၊ တေး၊ လင်္ကာ၊ ကဗျာများ တွင် ဗုဒ္ဓဘာသာအယူဝါဒများနှင့် မွန်ပေါရာဏစကားများ ထည့်သွင်း သီကုံးထားသည်ကို ထောက်ချင့်လျှင် အရှေ့ဘက် ဒေသနေ ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စာပေအရေးအသားများကို ၁၉ ရာစု မတိုင်မီ စောစောပိုင်းက ပင် ရရှိနေပြီဟု ယူဆနိုင်ပေသေည်။

ဖူးနဲစဖို

၁၉၆၉ မန္တလေး စာဆိုတော်နေ့ ဟောပြောပွဲတွင် “ဖူးနဲစဖို” စာတမ်းတစ်စောင်ကို ရှေးဟောင်း ကရင်စာပေကော်မတီ က ဖတ်ကြားတင်သွင်းခဲ့သည်ဟု ဆိုပါသည်။ ထိုစာတမ်းအရ “ဖူးနဲစဖို” ဆိုသည်မှာ ကရင်စာဆိုပညာရှိကြီး ဦးလာဘကဝိ ၏ ငယ်နာမည် ဖြစ်သည်။ ကရင်စာဆိုပညာရှိကြီး ဦးလာဘကဝိ သည် ကောဇာသက္ကရာဇ် ၁၁၆၀ မှစ၍ ပေထက် အက္ခရာ တင်ခဲ့သော ကရင်စာပေကျမ်းပေါင်း ၁၀၂ စောင်ကို ရေးသားစီရင်ခဲ့သည်ဟုဆိုသည်။

ထိုပြင် စတိုင်မွှတ် ဦးကူး“ခန္ဓာပူရ” ကျမ်းကိုလည်း ကရင်ဘာသာသို့ ၁၇၉၈ ခုနှစ်လောက်က ပြန်ဆိုခဲ့သည်ဟု သိရသည်။

ကရင်စာပေသမိုင်းတွင် အခြားစိတ်ဝင်စားဖွယ်များစွာရှိသည်။ ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်ဘာသာရေး စာပေများ ကို ဦးဆာင် ပြုစူသူများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ ဒေါက်တာ အယ်လ်ဘရေတန် နှင့် အီး၊ အက်စ် ဘူးလဒ်တို့ ဖြစ်ကြသည်။

ဒေါက်တာ ဂျိုနာသန်ဝိတ် (Dr. Jonathan Wade)

ဒေါက်တာ ဂျိုနာသန်ဝိတ်သည် ကရင် ခရစ်ယာန်လောကတွင် ကရင်စာပေကို တည်ထွင်ပေးခဲ့သူ ကရင်စာပေ ဖခင် ကြီးဟု ခေါ်ဆိုရမည်ဖြစ်ပေသည်။ ဒေါက်တာဝိတ်သည် ဇနီးဖြစ်သူနှင့် အမေရိကန်ပြည်မှ အေဒီ ၁၈၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် စတင်ထွက်ခွာပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာရာမှ ခရစ်ယာန် သာသနာပြု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။

၁၈၃၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်ရှိ “ပိုင်ကြုံ” ရွာသို့ သွားရောက်ပြီး ခရစ်ယာန်တရားတော်ကို ဟော ပြောခဲ့သည်။ နောက်ပိုင်းတွင် ဗမာအက္ခရာကိုမှီပြီး စကော ကရင်စာပေကို တည်ထွင်ပေးခဲ့သည်။

၁၈၄၉ ခုနှစ် ၊ မေလရက်စွဲဖြင့် ဘန်းနက်အမှာစာရေးပြီး ဒေါက်တာဝိတ်၏ အမည်ဖြင့် စကောကရင် အင်္ဂလိပ်အဘိဓါန် စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ဒေါက်တာဝိတ်သည် အသိပညာကဏ္ဍများ (Thesaurus of Karen Knowledge) အမည်ရှိစာအုပ်ကို စကောကရင်နှင့် အင်္ဂလိပ် နှစ်ဘာသာတွဲကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထ အထိ လေးတွဲပြုစုကာ ပထမတွဲကို ၁၉၁၅ ခုနှစ်တွင် ပုံ နှိပ်ထုတ်ဝေခဲ့သည်။

ဒေါက်တာ မေဆင် (Dr. Mason)

ဒေါက်တာမေဆင်သည် အမေရိကန်ပြည်မှ အေဒီ ၁၈၃၀ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး ထားဝယ် မြို့သို့ ထိုနှစ် ဒီဇင်ဘာသတွင် ရောက်ရှိလာခဲ့၏။ ဒေါက်တာဝိတ် တည်ထွင်ထားသော စကောကရင်စာပေဖြင့် ၁၈၄၃ ခု နှစ်တွင် ခရစ်ယာန် ဓမ္မဟောင်းကျမ်း (Old Testament) ကို ၁၈၅၃ ခုနှစ်တွင် ဘာသာပြန်ဆို ပြီးဆုံးခဲ့သည်။

၁၈၅၀ ခုနှစ်တွင် ဒေါက်တာ မေဆင်က ပိုးကရင် သဒ္ဒါကျမ်းကို ပြုစုခဲ့သည်။

“ဆာတူဝေါ” ခေါ် မိုးသောက်ကြယ် (The Morning Star) အမည်ဖြင့် ကရင်လစဉ် မဂ္ဂဇင်းကို ၁၈၄၂ ခုနှစ်တွင် ထား ၀ယ်မြို့မှာပင် စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ “ဆာတူဝေါ” မဂ္ဂဇင်း၏ အယ်ဒီတာမှာ ဒေါက်တာမေဆင် ဖြစ်သည်။

ဤမဂ္ဂဇင်းသည် အာရှရှိ ရှေးအကျဆုံး မဂ္ဂဇင်းများစာရင်းတွင် တခုအပါအ၀င်ဖြစ်သည့်ပြင် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ထုတ်ဝေသော မဂ္ဂဇင်းလည်းဖြစ်သည်။

ထားဝယ်မှသည် မော်လမြိုင်မြို့သို့ ၁၈၄၇ ခုနှစ်တွင် ဒေါက်တာမေဆင် ပြောင်းရွှေ့နေထိုင်းခဲ့သဖြင့် “ဆာတူဝေါ” မဂ္ဂဇင်းကို ၁၈၄၇ ခုနှစ်မှာပင် မော်လမြိုင်မြို့တွင် ဆက်လက်ပုံနှိပ်ထုတ်ဝေသွားပါသည်။

၁၈၇၁ ခုနှစ် နောက်ပိုင်းတွင် မွန်မြန်မာ အက္ခရာ ပိုးကရင် အသံထွက် စာရေးနည်းဖြင့် ရေးသားကြသော ကျမ်းများနှင့် ကျမ်းပြုပုဂ္ဂိုလ် အတော်များများ ထွန်းပေါက်လာသည်ကို တွေ့ရပေသည်။ ပိုးကရင် ဗုဒ္ဓဘာသာဝင် များ အနက် ထင်ရှား သော ပုဂ္ဂိုလ်များမှာ ဘုန်းတော်ကြီး ဦးစိန္တာက၀ိ၊ ဦးသုခ၊ နဲပညာ၊ နဲစန္ဒာဝရ၊ ဦးရွှေဝါ၊ ဦးနဲဒုမ်း၊ ဦးသီဟတေဇ၊ တပိုအိန်ဆင်၊ ဦးပရမနှင့် ဦးဇာဂရ တို့ဖြစ်ကြသည်။

ဆရာတော် နဲပညာ မှာ ဆရာတော် ဦးစိန္တာက၀ိ၏ တပည့်ရင်းဖြစ်သည်။ ဦးစိန္တာက၀ိနှင့် တွဲဖက်ပြီး ၁၈၇၁ ခုနှစ်မှ ၁၉၂၈ ခုနှစ် အထိ ကျမ်းပေါင်း ၁၆ ကျမ်းပြုစုခဲ့သည်။

ဆရာတော် ဦးစန္ဒာဝရသည် ၁၉၀၀ ပြည့်နှစ်မှ ၁၉၀၄ ခုနှစ်အတွင်း ကျမ်းပေါင်း ခုနှစ်ကျမ်းကို ပြုစုခဲ့သည်။

ဆရာတော် ဦးဇာဂရ မှာ ကော့ဒန်ရွာ (တဝေါင်ကိုဒေါင်) ဇာတိဖြစ်သည်။ ကျမ်းပေါင်း ၄၀ ကျော်ပြုစုခဲ့သည်။

အမေရိကန် ကျမ်းပြု ဆရာများ၏ နောက်ပိုင်းတွင် ကရင်လူမျိုး စာရေးဆရာများ ပေါ်ထွက်လာခဲ့သည်။ ကရင်သမိုင်းကို ရေးသားပြုစုသူ ဆရာကြီး ဦးအောင်လှ၊ ကရင်ဖားစည်ကို ရေးသားပြုစုသူ ဆရာဘူးမူးခေါ် ဖူးတောအူး၊ ကရင်နှစ်သစ် ကူးပွဲတော်အကြောင်း ရေးသားသူ ဆရာကြီး ဦးလွန်းရွှေ၊ ကရင်လူမျိုးတို့၏ ရိုးရာဓလေ့များအကြောင်းကို ရေးသားသူ ဒေါက်တာ တီသံပြာ၊ ကျောင်းသုံး စာအုပ်အမျိုးမျိုးကို ရေးသားသူ ဆရာကြီး ဖိုးလင်းတေးနှင့် ဆရာကြီး ဦးမိုးလို၊ စော တောက်၊ ဦးဘထွန်းတင် စသော ပုဂ္ဂိုလ်များ၊ ဆရာသာနေအေး၊ ဆရာအာရ်မောင်ချစ်၊ ထိုလွီထူး၊ ဆရာသာထို စသော ပုဂ္ဂိုလ်များသည် ထင်ရှားသော ကရင် စာရေးဆရာများဖြစ်ကြသည်။




စာပေနှင့် ယဉ်ကျေးမှု မြင့်မှ လူမျိုးတင့်မည်ဟု ယုံကြည်မည်၍ တတ်အားသမျှ ရှာဖွေတင်လိုက်ရပါသည်။ စာပေပညာရှင်များ အားလုံးကို လေးစားဦးညွှတ်လျှက်........

တင်ပြသူများ…….ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ

၃.သြဂုဏ်လ.၂၀၁၀

ကျမ်းကိုး

ပုဂ္ဂလ အဘိဓါန်- မောင်ထင်

ရှမ်းစာဆိုတော်များ- မောင်ထင် (ဟံသာဝတီ သတင်းစာ၊ ၁၅-၁.၇၈)

ကရင်စာပေသမိုင်း- မောင်ထင် (ဟံသာဝတီ သတင်းစာ၊ ၁-၃.၇၇)

ကရင်ရိုးရာ သုတပဒေသာ - မန်းလင်းမြတ်ကျော်

The Karen People of Burma: A Study in Anthropology and Ethnology by Harry Ignatius Marshall

စိတ်ဝင်စားဖွယ် လင့် (links) များ

http://gutenberg.net.au/karen-people-of-burma.html

http://www.ethnologue.com/show_language.asp?code=shn

အလင်းဆက်၊ ခမိခဆဲ

No comments:

Post a Comment