Thursday, August 19, 2010

လေးစားအတုယူဖွယ် ဗမာ့နိုင်ငံရေးရုပ်ရှင်ဖခင်ကြီး


လေးစားအတုယူဖွယ် ဗမာ့နိုင်ငံရေးရုပ်ရှင်ဖခင်ကြီး

မြန်မာ့သမိုင်းမှာ အမျိုးသားရေး၊ ဘာသာရေး နှင့် မတရားမှုတွေအတွက် မိမိတို့ရဲ့ စည်းစိမ်ဥစ္စာ၊ ရာထူး၊ အခွင့်အရေးများကို စွန့်လွှတ်အနစ်နာခံကာ ထမင်းရှင်ပြည်သူအတွက် ရဲရဲရပ်တည်ပေးခဲ့သော အနုပညာရှင် များစွာ ရှိခဲ့ပါတယ်။ အချို့ အနုပညာရှင်တွေဆို သူတို့ရဲ့ အနုပညာနဲ့ မတရားတဲ့အာဏာပိုင်တွေကို ဆန့်ကျင်အာခံပြခဲ့လို့ စီးပွားပျက်ခဲ့တဲ့သူတွေ၊ ထောင်ကျခံခဲ့ရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ရှိနေဆဲပါ။

ပြည်သူဘက်က ရဲရဲရပ်တည်ပေးခဲ့သော သူရဲကောင်း အနုပညာရှင်ထဲမှ ပဲရော့ ရုပ်ရှင်လုပ်ငန်း (Parrot Film Production) ကို တည်ထောင်ခဲ့သော ပဲရော့ ဦးဆန်နီ ရဲ့ လေးစားအားကျဖွယ်လုပ်ရပ် နဲ့ အနုပညာ ဖန်တီးမှုတွေကို တင်ပြလိုပါတယ်။ သူဟာ ၁၉၃၁ ကနေ ၁၉၅၇ ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၉၂ ကား လောက်ကို ထုတ်လုပ်ခဲ့တဲ့ သူဌေးတစ်ဦးလည်း ဖြစ်ပါတယ်။

ပဲရော့ ဦးဆန်နီဟာ နိုင်ငံရေးအတွက် အနုပညာလုပ်ငန်းတွေမလုပ်ခင်က အင်္ဂလိပ်လူမျိုး မေဂျာ ပဲရော့ (Major Parrot) ဆိုသူ ပိုင်ဆိုင်သည့် တက္ကဆီ ကုမ္ပဏီ (Taxi Company) ကို စီမံခဲ့သူတစ်ဦး ဖြစ်ပါတယ်။ မစ္စတာပဲရော့အငြိမ်းစားယူပြီး သူ့လုပ်ငန်းကို ဦးဆန်နီ ကို ရောင်းချခဲ့ပါတယ်။ ၁၉၃၀ နှောင်းပိုင်းမှာ ကမ္ဘာ့စီး ပွားရေး ကျဆင်းမှုကြောင့် ဦးဆန်နီလည်း အဲ့ဒီအချိန်က ရေပန်းစားနေတဲ့ ရုပ်ရှင်လုပ်ငန်းဘက်ကို ပြောင်းခဲ့ ပါတော့တယ်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းရဲ့ အစောပိုင်းကာလတွေက ရေပန်းအစားဆုံး ဇာတ်ကားတွေဟာ “ ပညာပေး ” ဇာတ်ကားတွေဘဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ တင်ပြရလျှင် မြန်မာနိုင်ငံရဲ့ ပထမဆုံး အသံတိတ်ရုပ်ရှင်ဇာတ် ကားဖြစ်တဲ့ “ မေတ္တာ နဲ့ သူရာ ” ဇာတ်ကားဟာ အရက်ကြောင့် ဘ၀ပျက်သွားတဲ့ လူတစ်ယောက်အကြောင်း ရိုက်ပြထားတာပါ။

ပဲရော့ရုပ်ရှင်ကုမ္ပဏီကလည်း အလားတူသဘောမျိုး “ ၃၆ ကောင် ” ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ လောင်းကစားကြောင့် လူမှုဘ၀ပျက်ဆီးရပုံကို တင်ပြထားတာပါ။ အစကတည်းက ဦးဆန်နီရဲ့ ရုပ်ရှင်ဇာတ်ကားများဟာ ကိုယ်ကျင့်တရား နဲ့ လူမှုဘ၀အထွေထွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ ၃၆ ကောင် ”ဇာတ်ကားမှာဘဲ အာဏာပိုင်တွေရဲ့ ဆင်ဆာထိတာခံခဲ့ရပါ တယ်။ အဲ့ဒီဇာတ်ကားမှာ သူဟာ ရဲတွေလာဘ်စားမှုကို တင်ပြထားလို့လည်းဖြစ်ပါတယ်။ နောက်ဆုံး ဒီ “ ၃၆ ကောင် ” ရုပ်ရှင်ဇာတ်ကားကို ဗြိတိသျှကိုလိုနီအစိုးရ၏ သိက္ခာကို ထိခိုက်စေမှုနဲ့ပိတ်ပင်ခဲ့ခြင်းခံခဲ့ရပါတော့တယ်။

များသောအားဖြင့် ဦးဆန်နီ ရဲ့ အာဏာပိုင်တွေကို ပမာမခန့်ပြုလိုတဲ့စိတ်ကြောင့် သူ့ စီးပွားရေးကို များစွာ ထိခိုက်ခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ အမျိုးသားရေးလှုပ်ရှားမှု ပြင်းထန်နေတဲ့အချိန်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဦးဆန်နီဟာ သူ့ ပရိသတ်တွေရဲ့ တောင့်တချက်နဲ့ လိုအက်ချက် ကိုလည်း အလေးထားခဲ့ပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခေတ်ပြိုင်စီးပွားရေးသမားတွေကတော့ သူ့ဟာသူ့အကျိုးအ မြတ်ထက် မျိုးချစ်စိတ်ဓါတ်ကို အလေးထားတယ်ဆိုတဲ့ အချက်ကိုတော့ မငြင်းနိုင်ခဲ့ကြပါဘူး။

မြန်မာ့ရုပ်ရှင်ဒါရိုက်တာကြီးလည်းဖြစ်၊ ဝေဖန်ရေးဆရာကြီးလဲဖြစ်တဲ့ ဒဂုန်ဦးဘတင်က သူ့ရဲ့ “ ကျနော် နဲ့ မြန်မာ့ရုပ်ရှင်လောက ” စာအုပ်မှာ ဦးဆန်နီနဲ့ပတ်သတ်ပြီး ဝေဖန်ချက် ပေးထားခဲ့ပါတယ်။

ဆရာကြီး ဒဂုန်ဦးဘတင်က ဦးဆန်နီဟာ ရုပ်ရှင်ဇာတ်ကားတွေကို လူထုဆက်သွယ်ရေး လက်နက်အဖြစ် ပထမဆုံးနဲ့အစောဆုံး မြင်မိသူလို့ ကောက်ချက်ပေးခဲ့ပါတယ်။

“ ၁၉၃၀ ခုနှစ်နှောင်းပိုင်းလောက်က မြန်မာပြည်သူ ၁ သန်းလောက်ဟာ သတင်းစာ နေ့စဉ် ဖတ်သူများဖြစ်သည်။ ၃ သန်းလောက်ဟာ ရုပ်ရှင်သွားကြည့်သူများ ဖြစ်သည်ဟု ဦးဆန်နီက ခန့်မှန်းမိခဲ့သည်။ ဒါကြောင့်ဘဲ သတင်းစာထက် ရုပ်ရှင်လုပ်ငန်းက အစိုးရကို ဆန့်ကျင်ရာတွင် ပိုပြီး ထိရောက်နိုင်သည်ဟု ယုံကြည်ပြီး “ ပဲရော့ ” ရုပ်ရှင်လုပ်ငန်းကို တည်ထောင်ခဲ့သည် … ” ဟု ဝေဖန်ချက်ပေးခဲ့သည်။

သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကား မသိမသာအောင်မြင်ခဲ့ပြီးနောက်မှာတော့ သူဟာပိုပြီး ထိရောက်သော ရုပ်ရှင်ဇာတ်ကားနာမည်များဖြင့် ထုတ်လုပ်ခဲ့သည်။ “ ဒေါင်းအလံ ” ဆိုသော ဇာတ်ကားသည် လက်နက် ကိုင်လမ်းစဉ်ကို အားပေးသော ဇာတ်ကားဖြစ်သည်။ “အလံတောင် ” ဇာတ်ကားသည် ၁၉၃၀ ခုနှစ်လောက် က ဆရာစံဦးဆောင်သော တောင်သူလယ်သမားတော်လှန်ရေးတွင် ပါဝင်ခဲ့သော၊ ကျဆုံးခဲ့သော အာဇာနည်များကို ဂုဏ်ပြုထားသော ဇာတ်ကားဖြစ်သည်။

နောက်ပိုင်းသူ၏ဇာတ်ကားများနှင့်ပတ်သတ်၍ ဝေဖန်မှုများ ကြီးလာသောအခါ ဦးဆန်နီက မတရားမှုကို ဆန့်ကျင်ပြီး တိုက်ပွဲဝင်သူများကို သူဂုဏ်ယူကြောင်း နှင့် သူ့ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။

သူက “ များပြားလှတဲ့ လူကောင်းတွေဟာ တော်လှန်ရေးမှာ သူတို့အသက်တွေ ပေးဆပ်ခဲ့ကြတယ်။ ရက် စက်ကြမ်းကြုတ်တဲ့ အစိုးရရဲ့ ကြိုးပေးမှုကိုခံခဲ့ရတယ်။ ကျနော်က ရုပ်ရှင်ရိုက်ခဘဲ ဆုံးရှုံးတာပါ။ သူတို့ကို အမှတ်ရစေချင်လို့ ရိုက်ကူးနေတာပါ။ သူတို့ရဲ့ စိတ်ကူးအိပ်မက်ဖြစ်တဲ့ လွတ်လပ်ရေးရစေချင်လို့ပါ ” ဟု ပြောခဲ့သည်။

တစ်ခါတစ်လေ သူ့အရင်းနှီးဆုံး မိတ်ဆွေများသည် ဦးဆန်နီ၏ အတွေးရဲ၊ လုပ်ရဲသော စိတ်ကြောင့် အံ့သြခဲ့ ကြရသည်။ ပဲရော့ ရုပ်ရှင်ထုတ်လုပ်ရေး၏ ဇာတ်ညွှန်းရေးဆရာကြီး ဟံသာဝတီဦးဘရင်က ပြန်ပြောပြရာမှာ တော့ “ ဦးဆန်နီဟာ အာဏာပိုင်တွေကို အကြောက်အရွံ့မရှိဘူး။ တစ်ခါတစ်လေများ သူ့ရဲ့အာခံရဲတဲ့ သဘောထားတွေကြောင့် ကျနော် တုန်လှုပ်ခဲ့ရပါတယ်။ ” ဟု ပြန်ပြောင်းပြောခဲ့သည်။

ပဲရော့ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဇာတ်ကားနာမည်များကိုက လွတ်လပ်ရေး လှုပ်ရှားမှုကာလများ ကို အမှတ်ရစေ၊ ထင်ဟပ်စေသည်။

“ သခင်မျိုး ” ဇာတ်ကားသည် ၁၉၃၈ က ပေါ်ပေါက်ခဲ့သော “ တို့ဗမာအစည်းအရုံး ” အသင်းကြီးနှင့်အဖွဲ့ဝင် သခင်များကို ဂုဏ်ပြုထားခြင်းဖြစ်သည်။ ဒီဇာတ်ကားကြီးသည်လည်း အစိုးရဆန့်ကျင်ရေး စိတ်ဓါတ်ဖြစ်စေ သည်ဟူသော အချက်ဖြင့် ပိတ်ပင်ခြင်းခံခဲ့ရသည်။

တကယ်တော့ ထိုအချိန်က နယ်ချဲ့အစိုးရကို စိတ်ခေါ်ခဲ့သော၊ အာခံရဲသော ရုပ်ရှင် လုပ်ငန်းများဟာ ပဲရော့ရုပ် ရှင်လုပ်ငန်းတစ်ခုတည်းမဟုတ်ပေ။ မြန်မာ့အဆွေ အေ၀မ်း ရုပ်ရှင်ထုတ်လုပ်ရေးကလည်း နိုင်ငံရေး နှင့် အမျိုးသားရေးစိတ်ဓါတ်ကို လှုံ့ဆော်ပေးသော ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သည်။ ထို့ပြင် ၁၉၃၈ တွင် ပေါ်ပေါက်ခဲ့သော ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးနိုင်ခဲ့သည်။ ရုပ်ရှင် သမားများကိုယ်တိုင် ကျောင်းသားသမဂ္ဂဥက္ကဌ သခင်ဗဟိန်းနဲ့အတူလိုက်ပြီး အလုပ်သမားများ ရန်ကုန်သို့ ချီတတ်ခဲ့ပုံကို မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။

ဗြိတိသျှဘားမား ရုပ်ရှင်လုပ်ငန်းက ဆရာခန့် ဆိုသူသည် ဆန္ဒပြပွဲတွင် ပုလိပ်များက အကြမ်းဖက် နှိမ်နင်းနေပုံ ကို မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။ ထို့ပြင် ပုလိပ်များ၏ နံပါတ်တုတ် နဲ့ အရိုက်ခံရမှုကြောင့် ကျဆုံးခဲ့သော ကျောင်းသားခေါင်းဆောင်ကိုအောင်ကျော် ဈာပနကို လည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ယင်းဈာပနသို့ လူ ၆ သိန်းကျော် လိုက်ပါပို့ဆောင်ပြီး ဂုဏ်ပြုခဲ့ကြသည်။



ပဲရော့ရုပ်ရှင်လုပ်ငန်းကလည်း အရေးအခင်းနှင့်ပတ်သတ်၍ ရုပ်ရှင်ဇာတ်ကား များစွာ ရိုက်ကူး ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုများရခဲ့သည်။ ထိုထဲတွင် “ ဗိုလ်အောင်ကျော် ” ဇာတ်ကား၊ “ ရေနံမြေ ” ဇာတ်ကား နှင့် “ နံပါတ်တုတ် ” ဇာတ်ကားလည်း ပါဝင်သည်။ “ဗိုလ်အောင်ကျော်” ဇာတ်ကားတွင် တကယ့်မှတ်တမ်းဝင် ပြကွက်များဖြင့် ပေါင်းစွက်ထားသည်။ “ ရေနံမြေ ” ဇာတ်ကား သည် ၁၉၃၈ ခှနှစ်တွင် ပေါ်ပေါက်ခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အကြောင်းတင်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ရေနံမြေ အလုပ်သမားတို့၏ ဆင်းနဲနုံချာသောဘဝ နှင့် အရှင်းရှင်တို့၏ အနှိမ်ကျင့် ဆက်ဆံမှုများကို စာနာနားလည်အောင် ရိုက်ပြ ထားခြင်းဖြစ်သည်။

“နံပါတ်တုတ်” ဇတ်ကားသည် အစိုးရကို အနုပညာဖြင့် ထိုးနှက်ရာတွင် အလွန်ထိရောက်မှု ရှိခဲ့သည်။ “နံပါတ်တုတ်” ဟူသော စာတန်းကို ရေးထိုးပြရာတွင် ပုလိပ်တို့ရိုက်နှက်၍ ဦးခေါင်းမှထွက်ကျလာသော ကျောင်းသားများ၏ သွေး ဖြင့်ဖော်ပြခဲ့သည်။ ထိုပြကွက်ကို မြင်လိုက်ရပြီး တပြိုင်နက် သဘောပေါက် ခံစား လိုက်ရသော ရုပ်ရှင်ကြည့်ပရိသတ်များသည် ရုပ်ရှင်ရုံ အတွင်းတွင် အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ကို ကြွေးကြော်ကြသည်။ ထိုကြောင့် အစိုးရ အနေနဲ့ ယင်းဇတ်ကား၏ နံမည်ကိုပြောင်းရန် အမိန့်ပေး၍ “ဂုဏ်ရည်သွယ်” ဟုပြောင်းပေးခဲ့ရသည်။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အတွက် ရဲရဲဝင့်ဝင့် ပေးဆပ်တိုက်ပွဲဝင်ခဲ့သော အမျိုးသမီးများကို လေးစား ဂုဏ်ပြုသော အားဖြင့် “သခင်မ” ဇတ်ကား နှင့် “ရဲဘော်မ” ဇတ်ကား များကို ရိုက်ကူးခဲ့သည်။ ယင်း ဇတ်ကားများသည် မတရားဖိနှပ်နေသော အစိုးရ ကိုမကြောက်မရွံ့ အာခံဆန့်ကျင်ရဲသော တို့ဗမာ အစည်းအရုံးဝင် အမျိုးသမီးများ နှင့် တော်လှန်ရေးကို ထောက်ခံအားပေးခဲ့သော အမျိုးသမီး သူရဲကောင်း အပေါင်းကို အနုပညာဖြင့် ဂုဏ်ပြု ထားခြင်းဖြစ်သည်။

၁၉၄၀ ခုနှစ်တွင် ရိုက်ကူးခဲ့သော “ရဲဘော်မ” ဇတ်ကား သည် ရာထူး၊ အခွင့်အရေး နှင့် စည်းစိမ်ဥစ္စာ အတွက် နယ်ချဲ့အစိုးရနှင့် ပူးပေါင်းပြီး ပြည်သူ့အကျိုးမလုပ် ကိုယ်ကျိုးရှာ မြန်မာအရာများ ကိုဝေဖန်ရှုပ်ချထားသော ဇတ်ကားဖြစ်သည်။ ဦးဆန်နီ သည် အရာရှိကြီးများ ကိုယ်တိုင် ယင်းရုပ်ရှင် ဇတ်ကားကိုလာကြည့်ရန် အရာရှိများကို ဖိတ်ကြားခဲ့သည်။ ထိုပြင် ပြည်သူ့အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း လည်း ဇတ်ကားတွင် တိုက်တွန်း ထောက်ပြထားသည်။

ဦးဆန်နီသည် လူငယ်များ စိတ်ဓါတ်နိုးကြားပြီး အလုပ်လုပ်ချင်စိတ်ပေါ်လာအောင်လည်း အားပေးလှုံဆော် ခဲ့သည်။ ဦးဆန်နီတို့ ခေတ်က ဘွဲ့ရ ပညာတတ် မြန်မာလူငယ် အများစုသည် အလုပ်အကိုင် များကို အလွန်ရွေးချယ်ကြ၍ အလုပ်မဲ့များဖြစ်နေသည်ကို သတိပေးသော အားဖြင့် “ဝမ်းစမိုး” ရုပ်ရှင်ဇတ်ကားကို ရိုက်ကူးခဲ့သည်။ ယင်းဇတ်ကားတွင် တိုင်းတပါးမှ လာသော တရုတ်နှင့် အိန္ဒိယသားများ အလုပ်အကိုင်မရွေး လုပ်ကိုင်ကြပုံ နှင့် မြန်မာလူမျိုး ဘွဲ့ရလူငယ်များသည် အစိုးရဝန်ထမ်း အလုပ် နှင့် ရာထူးရရေးကိုသာ စိတ်ဝင်စားနေကြောင်း တင်ပြထားသည်။




ထိုပြင် လူငယ်များ တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်လုပ်ကိုင်လိုစိတ်များရှိစေရန် ရည်ရွယ်၍ သူရဲကောင်း ရုပ်ရှင်များကိုလည်း ရိုက်ကူးခဲ့သည်။ ၁၉၄၇ ခုနှစ် တွင်ရုံတင်ခဲ့သော “ဗိုလ်ချုပ်” ရုပ်ရှင်ဇတ်ကားသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ စိတ်ဓါတ်နှင့် ကိုယ်ကျင့်တရား၊ တိုင်းပြည်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံ လုပ်ကိုင်ခဲ့မှုများကို လူငယ်များ အားကျအတုယူ နိုင်စေရန်ရိုက်ကူးခဲ့သည်။

လူအများ ရဲရင့်ဖျတ်လတ်ပြီး စွန့်လွှတ်စွန့်စားရဲသော စိတ်များဖြစ်စေရန်၊ အမှန်တရားဘက်က ကာကွယ် ရပ်တည်ပေးရန် နှင့် ဖိနှပ်ခံပြည်သူတွေအတွက် ကူညီပေးလိုစိတ် ဖြစ်ပေါ်စေရန် ရည်ရွယ်၍ စတန့် (Stunt) ရုပ်ရှင်ဇတ်ကားများစွာ ကိုလည်းရိုက်ကူးခဲ့သည်။

ဝမ်းနည်းဖွယ်ကောင်းတာက ဦးဆန်နီ တို့ခေတ်က လူထုအတွက် ပီပီပြင်ပြင် တိုက်ပွဲဝင် နိုင်ခဲ့သော အနုပညာလက်နက်သည် ယခုလို စစ်အာဏာရှင် လက်ထက်တွင် စစ်ဝါဒမှိုင်း အတွက် အသုံးချခံနေရသည်မှာ အလွန်နှမျောဖွယ် ဝမ်းနည်းဖွယ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှ အကယ်ဒမီဆုများရှင် ဒါရိုက်တာကြီး တစ်ဦးကမှု ယနေ့ထက်စာရင် အင်္ဂလိပ်လက်ထက်ကမှ ပိုပြီး လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့်ရှိသေးတယ်။ ဒီခေတ်မှာဆို ခေါင်းစဉ်တောင် စဉ်းစားခွင့် မရှိဘူး။ ယနေ့ခေတ်မှာလည်း ဦးဆန်နီ လို ပေးဆပ်ရဲတဲ့ ကိုဇာဂနာ၊ ကိုကျော်သူစတဲ့ ပြည်သူ့ အကျိုးအတွက် ဖော်ထုတ် ပေးဆပ်နေသော အနုပညာရှင်ကောင်း တွေရှိနေကြောင်း ပြောပါတယ်။

နယ်ချဲ့အစိုးရ လက်ထက်တွင် မိမိတက်ကျွမ်းသော အနုပညာ ဖန်တီးမှုဖြင့် ရနိုင်သလောက် တိုင်းပြည် နှင့် လူမျိုးအတွက် သာမက အမှန်တရား အတွက်ပါ တိုက်ပွဲဝင်ခဲ့သော ပဲရော့ ဦးဆန်နီ ကဲ့သို့ အနုပညာရှင်ကြီးများ ကို လေးစားဦးညွှတ်လိုက်ရပါသည်။ အနုပညာရှင် ကောင်း ဆိုတာ သမိုင်းကိုလည်း မှတ်တမ်းတင်နိုင်တယ်။ အများသိအောင်လည်း ဖြန့်နိုင်တယ်။ သမိုင်းကိုလည်း ဖန်တီးတင်နိုင်ပါတယ်။ သမိုင်းအမှန် နှင့် အချက်အလက် အမှန်တွေကို ဖျောက်ပြီး၊ လိမ်ပြီး မိမိလက်တလော အကျိုးစီးပွား အတွက် လုပ်ကိုင်ဖန်တီးနေသော အနုပညာရှင်များကို ငွေအတုလုပ်သူများလို ပြည်သူတွေက အပြစ်ပေးသင့်ပါတယ်။

အာကာမိုး ရေးသော Burma’s Father of Political Cinema ကို ဘလော့ခ်ဂါ အလင်းဆက်မှ ခံစား ပုံဖော်သည်။

(၁၆. သြဂုတ်လ.၂၀၁၀)


No comments:

Post a Comment