Friday, June 4, 2010

အမေစု စာ၊ အမေစု ကဗျာ (အပိုင်း ၁)




လွတ်လပ် မှုကိုဘဲ ကျမတို့ လိုချင်တယ်

မြန်မာ နိုင်ငံ တဝန်း ခရီးသွား လာရင်း ကျမက လူတွေကို ဘာလို့ ဒီမိုကရေစီ လိုချင် တာလဲလို့ မေးကြည့် မိပါတယ်။ မကြာ ခဏ ဆိုသလို အကြားရဆုံး အဖြေ ကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ ဆိုတာပါပဲ။ သူတို့ အကျယ် ချဲ့ပြီး မပြော ရဘဲ သူတို့ ဘာပြောတယ် ဆိုတာ ကျမ နားလည် ပါတယ်။ သူတို့ရဲ့ ကံကြ မ္မာကို သူတို့ ကိုယ်တိုင် ပုံဖော် ဆုံးဖြတ်ခွင့် မရှိဘဲ ဖိနှိပ်ခံ နေရတာ ကနေ လွတ်မြောက်ချင် ကြပါတယ်။ လက်နက် အင်အားပေါ် အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာစိုင်းမှု တွေအောက် ရောက်နေ ရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝ ကြုံတွေ့ နေရတဲ့ အဖြစ် တွေကို မလိုချင် ကြတော့ ပါဘူး။ လူငယ်တွေကို ကျမက လွတ်လပ်ခြင်း ဆိုတာ ဘာလဲလို့ မေးကြည့်တဲ့ အခါ သူတို့က သူတို့ စိတ်ထဲ ရှိတာတွေကို ရှိတဲ့ အတိုင်း ရင်ဖွင့် ပြောပြ ချင်တာလို့ ဆိုပါတယ်။ သူတို့ အသိဉာဏ် ပညာ စိန်ခေါ် မှုကို ဖြည့်ဆည်း မပေးနိုင်တဲ့ ပညာရေး စနစ် အပေါ် မကျေနပ် ချက်တွေကို သူတို့ ထုတ်ဖော် ပြောလို ကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံ နိုင်သူတွေ ဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာ ပေးနိုင်ဖို့ ထောင်သောင်း သိန်း မက စုဝေး နိုင်သူတွေ ဖြစ်လို ကြပါတယ်။ မြန်မာနိုင်ငံက လူငယ် တွေဟာ ကျယ်ပြန့် လွန်းတဲ့ မျှော်လင့်ချက် တွေနဲ့ အံမခန်း မှုတွေ ပြည့်နေတဲ့ လူငယ် ဘဝရဲ့ နိုးကြား တက်ကြွတဲ့ အရွယ် တွေကို အပြည့် အဝ ပိုင်ဆိုင် ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ် မှုတွေနဲ့ စိတ်ကူးယဉ် မှုတွေ၊ တောက်ပ ခမ်းနားမှုနဲ့ ဖီလာ ဆန့်ကျင် မှုတွေ ကြမ်းတမ်း ခက်ထန် မှုနဲ့ သိမ်မွေ့ မှုတွေ တန်းစီ ပြည့်နေတဲ့ လူငယ် ဘဝကို အပြည့် အဝ ရယူလို ကြပါတယ်။

မြန်မာ အမျိုးသမီးတွေ အနေနဲ့ရော ဘာတွေ အလို ရှိပါသလဲ။ ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ ဖိစီးမှု ဒဏ်ကြောင့် အားဆုတ် ငြီးငွေ့ လောက်အောင် အိမ်မှု ထိန်းသိမ်း နေရတဲ့ဘဝက လွတ်မြောက်ချင် ကြပါတယ်။ လွတ်လပ်စွာ တွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေး အရေးယူ ခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့ အခွင့်အလမ်းတွေ ဆုံးပါး သွားမလားဆို တဲ့ စိုးရိမ် ကြောင့်ကြ မှုတွေက ကင်းလွတ်ချင် ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ ဘဝက လွတ်မြောက်ဖို့ တောင့်တ နေကြတဲ့ အမျိုးသမီး တွေလည်း တော်တော် များများ (အများကြီးကို) ရှိပါတယ်။

ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမား ယာသမားတွေ ဆိုရင် သူတို့ ဆန္ဒအတိုင်း စိုက်ပျိုး ထွန်ယက်ချင် ကြတယ်။ မတော် မတရား ဈေးနှိမ် ခံရပြီး အစိုးရကို မရောင်း မနေရ ခြိမ်းခြောက် ခံရတာ မျိုးတွေက ကင်းလွတ်ပြီး သူတို့ ထွက်ကုန် တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက်တင် ရောင်းချလို ကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ ဖက်ပြီး ဘဝကို ရုန်းကန် ရပ်တည် သူတွေပါ။ ဒီလို ကြမ်းတမ်းတဲ့ ဘဝတွေ အပေါ်မှာ ကျိုးကြောင်း မဆီလျော်တဲ့ အမိန့် တွေနဲ့ နားလည်ရ ခက်တဲ့ အာဏာပိုင် တွေကြောင့် နောက်ထပ် ဝန်ထုပ် ဝန်ပိုး မလိုချင် ကြတော့ ပါဘူး။

ဒါနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကျမ တို့ရော လို့ မေးစရာ ရှိပါတယ်။ ဘာလို့ ကျမတို့ တတွေ တိုင်းပြည် လွတ်မြောက်ဖို့ ခက်ခက် ခဲခဲ လုပ်ကိုင် နေပါသလဲ။ ဒီလို လုပ်ကိုင် နေတာဟာ ဒီမိုကရေစီ အပေါ် မရေ မရာနဲ့ အကောင်းမြင် မျှော်လင့်ပြီး ထင်ရာ လုပ်ကိုင် နေတာ မဟုတ် ပါဘူး။ ဒီမိုကရေစီ ဆိုတာ သူရဲ့တောက်ပ မှုကို ကြာရှည် ထိန်းနိုင်အောင် အမြဲတစေ အရောင်တင် ပေးရတဲ့ ရတနာ တပါး ဖြစ်တယ် ဆိုတာ ကျမတို့ သိပါတယ်။ ပျက်စီး ဆုံးရှုံးတာ၊ အခိုး ခံရတာတွေ မဖြစ်အောင် ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည် မပြတ် စောင့်ကြပ် ကြည့်ရှု နေရပါ လိမ့်မယ်။

လွတ်လပ်တဲ့ မြန်မာပြည် ကသာ လူ့ဂုဏ် သိက္ခာကို တန်ဖိုးထား လေးစားတဲ့ နိုင်ငံ တည်ထောင် နိုင်မှာမို့ လွတ်မြောက်ရေး အတွက်ကို ကျမတို့ တတွေ ပင်ပင် ပန်းပန်း ကြိုးစား နေကြတာ ဖြစ်ပါတယ်။

တိုင်းပြည် တဝှန်း လှည့်လည် သွားတဲ့ အခါ လူတွေက ကျမ နေအိမ် အကျယ်ချုပ် နဲ့ နေရတဲ့ အချိန်တွေ၊ ပထမ အကြိမ် ခြောက်နှစ်နဲ့ ဒုတိယ အကြိမ် ဆယ့်ကိုးလ နေရတာမှာ ဘယ်လို ခံစားရ သလဲလို့ မေးကြ ပါတယ်။ မိသားစု မိတ်ဆွေ အပေါင်း အသင်း တွေနဲ့ ခွဲခွာပြီး ကျမ ဘယ်လို နေခဲ့ သလဲပေါ့။ ဒီ အာဏာရှင် နိုင်ငံမှာ ယုံကြည်ချက် အတွက် အကျဉ်းချ ခံရ သူကသာ အမှန် တကယ် လွတ်လပ် သူဖြစ် နေတာ ဂွကျ လှတယ်လို့ ကျမ ပြောချင် ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့သာမန် ဘဝ လွတ်လပ်ခွင့် တွေကို ပေးဆပ် ထားရတယ်။ ဒါပေမဲ့ လူသား ဘဝရဲ့ တန်ဖိုး အရှိဆုံး ဖြစ်တဲ့ ယုံကြည်ချက် အမှန် တရား အပေါ် ကျမတို့ ကြံ့ကြံ့ခံရပ် နေခဲ့ ကြပါတယ်။

ဒီမှာ ပြည်သူ လူထု အတွက် ကျမ အလိုချင်ဆုံး ကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့် အောက်မှာ လုံလုံ ခြုံခြုံ နေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှု အောက်မှာ လွတ်လွတ် လပ်လပ် နေနိုင် ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့် သေးသိမ် စေတဲ့ အနှောင် အဖွဲ့တွေကို ဖယ်ရှားပြီး မြန်မာ ပြည်သူ တွေဟာ လွတ်လပ်တဲ့ လူသားတွေ အဖြစ် ခေါင်းမော့ ဂုဏ်ယူ နိုင်သူတွေ ဖြစ်လာမှာကို ကျမ တွေ့မြင် လိုပါတယ်။ ကျမတို့ အားလုံး အတွက် ပိုပြီး ပျော်ဖို့ ကောင်းတဲ့၊ လုံခြုံမှုလည်း ပိုရှိတဲ့ လူ့ဘောင်ဘဝ တည်ဆောက်ဖို့ စည်းစည်း လုံးလုံး ပျော်ပျော် ရွှင်ရွှင် ကြိုးပမ်း ကြတာကို ကျမ တွေ့မြင် လိုပါတယ်။

အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ အနာဂတ်ကို တက်လှမ်းပြီး တန်ဖိုး ရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့် မားမားနဲ့ စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်တာ ကျမ တွေ့မြင် လိုပါတယ်။ “ဒီ တိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာ သေခဲ့ သူအားလုံးအ တွက် ထိုက်တန်တဲ့ တိုင်းပြည် အဖြစ် ဘိုးဘွား အမွေ အနှစ် အတွက် ဂုဏ်ယူ ရပြီ” လို့လည်း ကျမ ပြောပြ ချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ် အိပ်မက်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူ လူထုရဲ့ဆန္ဒသာ နောက်ဆုံးမှာ အောင်ပွဲ မုချ ရရမယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ကျမတို့ အားလုံး နှစ်နဲ့ချီ ကြိုးပမ်း လုပ်ဆောင် နေတာ တွေရဲ့ ပကတိ ဦးတည်ရာပဲ ဖြစ်ပါတယ်။

(ဝါရှင်တန်ပို့စ် သတင်းစာ နှင့် တွဲထွက် သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံ မဂ္ဂဇင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆို တင်ပြ ထားသည်။)



ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အတွက် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ တို့မှစီစဉ်ပါသည်။

No comments:

Post a Comment