Monday, June 28, 2010

ကဗျာကဝိ တို့ရဲ့ အောင်ဆန်းဇာနည် ကဗျာများ



ဗိုလ်ချုပ်အောင်ဆန်း
‎(အတိတ်နှင့် ပစ္စုပ္ပန်)‎

မသိ၍ဆို၊
မလို၍ပြော။

သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ ဉာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။

မသိ၍ထင်၊
မမြင်၍ပြော။

သူ့ဝိညာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။

မင်းသုဝဏ်




အာဇာနည် အလေးပြု

ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။

(မင်းသုဝဏ်)
(၄၊ ၁၊ ၁၉၅၃)
(အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်၊ စာမျက်နှာ ၁၄၃-မှ ....)




သခင်အောင်ဆန်းတရား

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊‎
အဘယ်တရားဟောမည်နည်း။‎

ဆန်း၏ သတ္တိ၊‎
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊‎
ဟောစရာကား အလွန်များ၏။‎

မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊‎
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊‎
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊‎
မင့်သား သိစေချင်လှ၏။‎

သူ့အစွမ်းကား၊ အခြားမဟုတ်၊‎
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊‎
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊‎
ဗန်းပြအလှ၊ ပကာသနကို၊‎
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊‎
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊‎
ကြုံရာဘဝ၊ မုကလုံလောက်၊‎
ခံမြို့ဆောက်၏။‎

ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
‎ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်‎
ပျံတလူလူ၊ သူထူခဲ့ကြောင်း‎
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။‎


ဇော်ဂျီ

‎(ညီသစ်ဆင်း ကဗျာများ မှ ...)‎


ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊‎
သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။‎

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊‎
အူယားဖါးယား၊‎
ကစားရာမှ၊ နွားရုပ်ချ၍၊‎
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊‎
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊‎
ငါမြင်ခဲ့၏ မှတ်မိ၏။‎

မိုးကစိုစို၊ ကျီးအုပ်ပြို၍၊‎
ထိုမှဤမှ၊ တို့လမ်းမတွင်၊‎
ပျံကြဝဲကြ၊ ငရဲကသို့၊‎
အုံကြွမြည်အာ၊ မသာယာကို၊‎
ငါကြားခဲ့၏ မှတ်မိ၏။‎

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊‎
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊‎
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊‎
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊‎
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊‎
မချင်မရဲ၊ ဝမ်းနဲခံခက်၊‎
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊‎
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။‎

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊‎
သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊‎
မြတ်စေချင်၏၊ မင်းမြင်ငါကြား၊‎
စကားဥဒါန်း၊ ဆန်း၏သတ္တိ၊‎
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊‎
ဆန်းမှာဆုံပေါင်း၊ ယောက်ျားကောင်းတို့၊‎
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎
ပြောလိုက်ပါဘိ ဟောပါဘိ။ ။‎

ဇော်ဂျီ

(ဇူလိုင်လ ၁၉ ရက်၊ ၁၉၆၄ ခုနှစ်၊ အာဇာနည်နေ့)‎



၁၉၆၄-ခုနှစ် အာဇာနည်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ ယဉ်ကျေးမှုဌာန
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီက ထုတ်ဝေသည့် ‎"ဗိုလ်ချုပ်အောင်ဆန်းကဗျာများ" စာအုပ်မှ ..


အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစားကြည်ညိုသောအားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။။

1 comment: