Wednesday, June 23, 2010

မှန်စာတိုက်ထားတဲ့ ကြိုးနဲ့ စွန်မလွှတ်ကြပါနဲ့ ၊လေညှင်းလေးတွေ နာကျင်မှာစိုးရဲ့ (ကဗျာ)

ဒီကဗျာလေးကို ဖတ်မိကတည်းက ရင်ထဲတမျိုးခံစားခဲ့ရတယ်။ အခုဖတ်လည်း ခံစားရတယ်။ ငယ်ငယ်က အပြောကျယ်လှတဲ့ ကောင်ပြင်ပြာထက် စွန်လွှတ် ကစားခဲ့ရတာကိုလည်း တသတသ သတိရမိပါတယ်။ ဒီကဗျာက ထိရှလွန်းတယ်။ စာသားလေးတွေနောက်က အတွေးလေးတွေ ဆင့်ပွားစေတယ်။ အားလုံး ခံစားနိုင်အောင် ဖြန်ဝေပေးလိုက်ပါတယ်.......

ကောင်ကင်ပြာထဲ စွန်လွှတ်ခဲ့တဲ့ နေ့ရက်လေးတွေ ကိုအတွေးနဲ့ လိုက်ဆယ်ရင်း

အလင်းဆက်
၂၃, ဇွန်လ,၂၀၁၀





မှန်စာတိုက်ထားတဲ့ ကြိုးနဲ့ စွန်မလွှတ်ကြပါနဲ့ ၊လေညှင်းလေးတွေ နာကျင်မှာစိုးရဲ့

ဒီညနေခင်းလေးဟာ သူ့ညနေခင်းလို့
ဒီကြိုးနဲ့ ဒီစွန်လေးဟာ ထာဝရဆက်သွယ်ခြင်းလို့
ဖေဖေဟာ အရာရာကို အောင်နိုင်သူလို့
တွေးထင်ထားတဲ့ မျက်ဝန်းလေးတစ်စုံ ပျော်လို့

အပြာရောင်နောက်ခံမှာ
အနီရောင်စက်လေးတစ်စက်
သူခတ်နှိပ်ထားတဲ့ ကောင်းကင်ရဲ့ တံဆိပ်တော်

မြင်ကွင်းထဲ ရုတ်တရက်
ထောင်ဖြတ်ဝင်လာတဲ့ စွန်ကလေး
သူ့အဖော်လို့ ထင်ခဲ့
သူ့လက်ဟာ တုံ့ခနဲ
သူ့ရင်ဟာ ဆက်ခနဲ
သူ့နှုတ်ခမ်းမှာ မှန်တယ်တဲ့ မေးခွန်း
သူ့မျက်ဝန်းမှာ အံ့သြတဲ့ နားမလည်ခြင်း
ဖေဖေ
တခြားစွန်တွေမှာ ဓါးပါသလား
သားစွန်လေးက ပြန်မလာတော့ဘူးလား

ကျွန်တော် အဖြေကို စဉ်းစားရင်း
သူ့မေးခွန်းတွေကို
ရစ်ဘီးထဲ ရစ်သွင်းနေမိတယ်။
ကျွန်တော်နဲ့သား လွင့်ငေးငေးနေရ
ပြတ်သွားတဲ့ စွန်လေးကို
စိတ်နဲ့ လိုက်ဆယ်နေကြ

အမှောင်တွေ ပြိုဆင်းလာပြီ သားရေ
မှန်စာတိုက်ထားတဲ့ လမ်းကလေးအတိုင်း
ကျွန်တော်က သားလက်ကိုဆွဲလို့
သားက စွန်မပါတော့တဲ့ ရစ်ဘီးလေးကို ကိုင်လို့။

ကိုရွေး
(၂၀၀၄ ၊ ဒီဇင်ဘာ ၊ ရတီမဂ္ဂဇင်း)

No comments:

Post a Comment