Sunday, June 6, 2010

အမေစု စာ၊ အမေစု ကဗျာ (အပိုင်း ၃ )



ဂျာဝါဟာလားလ်နေရူး ဆုချီးမြှင့်ပွဲသို့ ပေးပို့သည် ဒေါ်အောင်ဆန်းစုကြည်၏ ဆုလက်ခံ မိန့်ခွန်း

နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃


သမ္မတကြီး၊ ဒုသမ္မတကြီး၊ ဝန်ကြီးချုပ်၊ နေရူးဆု ကော်မတီဝင်များ၊ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော် များနှင့် မိတ်ဆွေများရှင့် ဒီဆုပေးပွဲ အခါသမယဟာ ခံစားချက်အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ ကျမကို အိန္ဒိယနိုင်ငံက လူပေါင်းများစွာနဲ့ သံယောဇဉ်တွယ်မိစေတဲ့၊ အားကောင်းတဲ့ ချစ်ကြည်ရင်းနှီးမှုနှောင်ကြိုးတွေ ဘုံနိုင်ငံရေးစိတ်ကူးစံတွေရှိပါတယ်။ ကျမဘဝမှာ အိန္ဒိယနိုင်ငံအကြောင်း၊ “ပန်ဒစ်ကြီး” လို့ကျမတို့မိသားစု ကအမြဲခေါ်တဲ့ ပန်ဒစ်နေရူးအကြောင်းရင်းနှီးကျွမ်းဝင်မဖြစ်ခဲ့တဲ့အချိန်ကာလဆိုတာ မရှိခဲ့ပါဘူး။ သူ့ကိုအမှတ်တရနဲ့ထူထောင်ထားတဲ့ နိုင်ငံတကာနားလည်မှုဆုတံဆိပ် ချီးမြှင့်ခံရတာဟာ ကျမအတွက် ဂုဏ်ယူဝမ်းသာစရာ ဖြစ်ပါတယ်။

တဖက်ကကြည့်ရင် ဒီဆုကို ကျမ လူတဦးချင်းအနေနဲ့ရတာမဟုတ်ဘဲ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုရဲ့ ကိုယ်စားလှယ်တယောက်အဖြစ် ရတာကိုကောင်းကောင်းသဘော ပေါက်ပါတယ်။ အဲဒါကြောင့် ကျမမှာ လူသားပီသ တဲ့ မေတ္တာကရုဏာစိတ်နဲ့ ကျေးဇူးတင်ဝမ်းမြောက်စိတ် ပြည့်လျှမ်းသွားမိပါတယ်။ ကမ္ဘာတလွှားမှာ လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် ထူးထူးချွန်ချွန်အကျိုးဆောင်ခဲ့သူတွေကို ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေလက်ခံဖို့ ကျမ အရွေးချယ်ခံရတိုင်း အဲသလိုစိတ်မျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကျမရဲ့တိုင်းပြည်မှာတော့ နိုင်ငံတကာအသိအမှတ်ပြု စောင့်ရှောက်မခံရဘဲ ကျမတို့ပြည်သူလူထုကို လုံခြုံပြီးသိက္ခာရှိတဲ့ ဘဝရပ်တည်မှု အာမခံချက်ပေးမယ့် အခြေခံမူတွေ ရပိုင်ခွင့်တွေရဖို့အတွက် မိမိတို့ရဲ့ဘဝနဲ့ မိမိတို့ရဲ့လွတ်လပ်မှုသာမက မိမိတို့အသက်တွေတောင် စွန့်လွှတ်စွန့်စားနေသူ အမျိုးသား အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။ ဒီသတ္တိပြောင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့တိုက်ပွဲကို မီးမောင်းထိုးပြဖို့ အခွင့်အလမ်းရတဲ့အတွက် ကျမကျေးဇူးတင်ပါတယ်။ လူသားနွယ်တရပ်လုံးအတွင်းမှာ သူတို့တတွေ ကိုယ်စား နိုင်ငံတကာနားလည်မှုဆိုင်ရာနေရူးအမှတ်တရဆု လက်ခံခွင့်ရတဲ့အတွက်လည်း ကျမကျေးဇူးတင်ပါတယ်။

ကျမဟာ လွတ်လပ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် အင်မတန့်ကို စွန့်လွှတ်စတေးခဲ့သူတွေကို ဦးညွတ်ဂုဏ်ပြုချင်တဲ့ဆန္ဒ ပြင်းပြနေသလို
အိန္ဒိယနိုင်ငံနဲ့ ကျမရဲ့နှောင်ကြိုးတွေကို တဖန်ပြန်ထူထောင် အချောကိုင်ဖို့ လည်း ဆန္ဒပြင်းပြနေတဲ့အတွက် ဒီကနေ့ လူကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ မပေးလို့ မဖြစ်နိုင်တဲ့အတွက် ကျမရဲ့ကိုယ်စားအဖြစ် အင်မတန်ချစ်ခင်တဲ့ မိသားစုမိတ်ဆွေလည်းဖြစ်၊ “ဂုဏ်ထူး ဆောင်” ဒေါ်လေးလည်းဖြစ်သူကိုထိုက်ထိုက်တန်တန်ရွေးချယ်ခဲ့ပါတယ်။ သူမဟာ ကုလသမဂ္ဂအတွင်းရေးမှူးရုံးရဲ့ ပထမဆုံးမြန်မာလူမျိုး ရုံးအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတကာနားလည်ရေးအတွက်ထက်ထက်သန်သန် ဆော်သြခဲ့ လက်တွေ့ ကျင့်သုံးခဲ့သူဖြစ်ပါတယ်။ သူမဟာ ကျမကိုယ်စား ဆုချီးမြှင့်ပွဲနဲ့ထိုက်သင့်တဲ့ ဂုဏ်ကြက်သရေအပြည့်နဲ့ ဆုလက်ခံမယ် ဆိုတာ ကျမယုံကြည်ပါတယ်။

နိုင်ငံတကာနားလည်မှုရှိရေးအတွက် ပန်ဒစ်နေရူးရဲ့ အကျိုးပြုချက်တွေက သူ့ဘဝတသက်တာအတွင်း ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ သူပါဝင်ကပြခဲ့တဲ့အခန်းထက်ကျော်လွန်ပြီး ထွေပြားတဲ့ယဉ်ကျေးမှု ဓလေ့တွေကြား၊ အမျိုးမျိုးအဖုံဖုံ သော သဘောတရားဝါဒရေးရာတွေကြား ကွာဟချက်ကို ကျဉ်းမြောင်းလျော့ကျစေခဲ့ပါတယ်။
ရုပ်ဝတ္ထုစွမ်းပကား ပိုလို့ ပိုလို့တွင်ကျယ်လာတဲ့ကမ္ဘာကြီးမှာ တလောကလုံးဆိုင်ရာ လူသားတန်ဖိုးစံတွေ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်ရုန်းကန်နေ ကြတဲ့ ပြည်သူလူအများကို နေရူးဝိညာဉ်က အားပေးအကျိုးပြုနေပါတယ်။

ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေအတွင်းမှာ မဟတ္တမဂန်ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ စာတွေ ဟာ အစဉ်တစိုက် စိတ်ဓာတ်မြှင့်တင်အားပေးနေခဲ့ပါတယ်။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ အိန္ဒိယ အမျိုးသားနှစ်ယောက် ကို ကျမအလေးစားအကြည်ညိုဆုံး ရှေ့ဆောင်လမ်းပြတွေ၊ ဆရာသမားတွေ၊
မိတ်ဆွေတွေ စာရင်းထဲ ထည့်ထားပါ တယ်။ ကျမ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရတဲ့ ခြောက်နှစ်တာကာလတလျှောက်လုံး ကျမအိမ်ရှေ့ခန်းမမှာ ပန်ဒစ်ကြီးကိုယ်တိုင်ရေး အထုပ္ပတ္တိထဲက ထာဝရရှင်သန်နေမယ့်စကားတွေကို ကောက်နှုတ်ပြီး ပိတ်ကားချပ်ပေါ် ရေးကူး ချိတ်ဆွဲထားပါတယ်။ ဒီစကားတွေဟာ ကျမအပေါ်နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့အတွက် အဲဒီထဲကတပိုဒ်ကို ကိုးကားပါရစေ။

တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်စိုးမှု၏ဂုဏ်ယူဖွယ်အောင်မြင်ချက်များထဲ ပါဝင် သည်ဟု ကျနော်တို့ကို သင်ကြားခဲ့သည်။ ကျနော်၏ကိုယ်ပိုင်အသိစိတ်အရ ယင်းတရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လုံးဝလိုလားထောက်ခံပါသည်။ ကျနော်သည် စည်းကမ်းရှိရှိနေထိုင်ခြင်းကိုနှစ်သက်ပြီး မင်းမဲ့ဝါဒ၊ စည်းကမ်းမဲ့ ဗရုတ်သုက္ခဖြစ်မှုနှင့် စွမ်းဆောင်ရည်မဲ့မှုကို မနှစ်ခြိုက်ပါ။ သို့ရာတွင် ခါးသီးသောအတွေ့အကြုံကြောင့် ပြည်သူလူထုအပေါ် နိုင်ငံတော်အစိုးရများက ချမှတ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၏ တန်ဖိုးကို ကျနော်သံသယဖြစ်မိပါသည်။ တခါတရံတွင် ယင်းတန်ဖိုး အတွက် ပေးဆောင်ရသည့် စရိတ်မှာ လွန်ကျူးလှပြီး တရားဥပဒေစိုးမိုးရေး ဟူသည်မှာကြီးစိုးလွှမ်းမိုးနေသည့် ဂိုဏ်းတရပ်၏ ဆန္ဒ သဘောထားသာဖြစ်ပြီးငြိမ်ဝပ်ပိပြားရေး ဟူသည်မှာလည်း အသွေးအသားထဲအထိ စိမ့်ဝင်နေသည့် ကြောက်ရွံ့မှု၏လွန့်တုန့်ချက် reflex သာဖြစ်သည်။ တခါတရံတွင် တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ် ပိပြားရေး ဟုခေါ်ဆိုကြသည့်အရာမှာ လက်တွေ့တွင် တရား ဥပဒေနှင့် ငြိမ်ဝပ်ပိပြားခြင်း ကင်းမဲ့မှုဟု ပို၍သင့်တော်စွာခေါ်ဝေါ်နိုင်ပေသည်။ အပြန့်အနှံ့ဖြစ်နေသည့် ကြောက်ရွံ့မှုအပေါ် အခြေခံ ထားသော မည်သည့်အောင်မြင်မှုမဆို နှစ်လိုဖွယ်ရာဖြစ်နိုင်ရန်ခဲယဉ်းလှပြီး နိုင်ငံတော်အစိုးရ၏ အကြပ်ကိုင်ခြိမ်းခြောက်မှု ယန္တရားပေါ်အခြေခံထားကာ ယင်းယန္တရားနှင့် ခွဲခြားမတည်ရှိနိုင်သော ‘ငြိမ်ဝပ်ပိပြားရေး’ ဆိုသည်မှာလည်း အရပ်ဖက်အုပ်စိုးမှုထက် စစ်ဖက်သိမ်းပိုက်စိုးမိုးမှုနှင့် ပိုတူနေပါသည်။

ကဗျာဆရာကြီး ကဠဏ၏ သက်တမ်းထောင်ချီရှိပြီဖြစ်သည့် ရာဇတရံဂဏိ အမည်ရှိ ကက်ရှ်မီးယားရာဇဝင် ဇာတ်တော်ကြီးထဲတွင် မင်းနှင့်နိုင်ငံတော်အစိုးရတို့ကစောင့်ထိန်းရန်တာဝန်ရှိသော ဓမ္မ (မှန်သောတရား) နှင့် အဘယ (အကြောက်အရွံ့မဲ့မှု) တို့ကို တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေး အဓိပ္ပာယ်ဖြင့် ထပ်တလဲလဲသုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ တရားဥပဒေ မည်ကာမတ္တထက်သာလွန်သလို ငြိမ်ဝပ်ပိပြားရေး ဆိုသည်မှာ လည်း ပြည်သူပြည်သားများအနေဖြင့် အကြောက်အရွံ့မဲ့ခြင်းကို ဆိုလိုခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသော ပြည်သူလူထုအပေါ် ‘ငြိမ်ဝပ်ပိပြားမှု’ သက်ရောက်စေခြင်းထက်အကြောက်အရွံ့မဲ့မှုကို ပျိုးထောင်စိမ့်ဝင်စေသည့်စိတ်ကူးက အများကြီးပို၍ နှစ်လိုဖွယ်ပါ တကား။

အဲဒီအပိုဒ်မှာ ပန်ဒစ်နေရူး ဖော်ပြထားတဲ့ ခံစားချက်တွေဟာ ကျမရဲ့ခံစားချက်တွေနဲ့ လုံးဝတထပ်တည်း ဖြစ်ပါ တယ်။ သူနဲ့ကျမ တူညီတာတွေ အများကြီးရှိတယ်လို့ မကြာခဏဆိုသလို ကျမခံစားမိပြီး အမေနဲ့အတူ အိန္ဒိယမှာ ကျမနေတဲ့ကာလတွေတုံးက ပန်ဒစ်ကြီးနဲ့ ပိုရင်းနှီးအောင်လုပ်နိုင်တဲ့အခွင့်အလမ်း မယူမိခဲ့တာကို နောင်တရမိပါ တယ်။ အဲဒီတုံးကတော့ သူ့ကို ကျမမိဖတွေရဲ့ မိတ်ဆွေတယောက်အဖြစ်လောက်ဘဲ သဘောထားမိခဲ့ပြီး တနေ့ကျရင် ကျမကိုယ်တိုင်ရဲ့မိတ်ဆွေအဖြစ် သဘောထားမိမှာကို တခါမှ မစဉ်းစားမိခဲ့ပါဘူး။

ပန်ဒစ်နေရူးဟာ လူမျိုးရေးနဲ့ အသားအရောင်တံတိုင်းတွေ မျိုးဆက်တံတိုင်းတွေကို သူ့ရဲ့ နွေးထွေးတဲ့ လူသား ဆန်မှု မေတ္တာကရုဏာဓာတ်နဲ့ မကြာခဏဖြတ်ကျော်ခဲ့ပါတယ်။ ကျမအဖေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် လန်ဒန်ကိုသွားဆွေးနွေးတဲ့အခါ ဒေလီမှာခဏနားပြီး ပန်ဒစ်နေရူးနဲ့ တခြားအိန္ဒိယခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါ တယ်။

ပန်ဒစ်ကြီးဟာ သူ့ထက် (၂၆)နှစ်ငယ်တဲ့ ကျမအဖေအပေါ် ဖခင်စိတ် ချက်ချင်းပြခဲ့ပါတယ်။ အဖေ့ရဲ့ နွမ်း ဖတ်ဖတ် ပါးလှပ်လှပ် ချည်ယူနီဖောင်းကို ကြင်နာတဲ့မျက်လုံးနဲ့ ဝေဖန်ပိုင်းခြားပြီး အဲဒီအဝတ်အစားနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်ဒစ်ကြီးက အပ်ချုပ်ဆရာတွေကို ပုံစံကျကျ ထူထူထဲထဲ သိုးမွှေးယူနီဖောင်း
လေး- ငါးထည် အမြန်ချုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာ အဲဒီတုံးက တသက်မှာမကြုံဖူးအောင်အေးတဲ့ ဆောင်း ရာသီကိုတွေ့နေရတာ ကြားရတဲ့အတွက်ပန်ဒစ်ကြီးက အပေါ်ဝတ်ရုံအနွေးထည်ကြီး (ဂရိတ်ကုတ်) တထည်ကိုလည်း တနေရာကဆွဲပေးခဲ့ပါတယ်။ ကျမအဖေရဲ့ လူသိများတဲ့ဓာတ်ပုံတပုံမှာ သူ့အတကွ
အတော်လေးကြီးနေတဲ့ အဲဒီ ဂရိတ်ကုတ်ကြီးထဲ မြုပ်ဝင်နေတာကို ပြထားပါတယ်။

၁၉၆၀ မှာ ကျမအမေ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ် ခန့်အပ်ခံရတဲ့အခါ ပန်ဒစ်နေရူးက ရင်းရင်းနှီးနှီး နွေးနွေး ထွေးထွေး စောင့်ရှောက်ခဲ့ပါတယ်။

အများပြည်သူပွဲလမ်းသဘင်တွေမှာဆိုရင်လည်း အမေ့ကိုတမင်ရွေးပြီး နေကောင်း ကျန်းမာလား မေးလေ့ရှိခဲ့ပါတယ်။ ဒီလို လူသားဆန်တဲ့နွေးထွေးမှုအမူအရာမျိုးတွေနဲ့ ပန်ဒစ်နေရူးဟာ လူမျိုးမရွေး ဘာသာမရွေး ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒီမိုကရေစီ ယုံကြည်ချက်နိုင်ငံတကာ့ဝါဒယုံကြည်ချက်တွေကို လက်မခံသူတွေကတောင် သူ့ဉာဏ်ပညာနဲ့ ရိုးဖြောင့်မှုကြောင့် လေးစား သွားကြပါတယ်။

ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်းကမ္ဘာကြီးကို ဖိစီးနှိပ်စက်နေတဲ့ ပြဿနာတပုံတခေါင်း အတွက် အကောင်းဆုံးဖြေရှင်းချက်တွေပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံ တို့ရဲ့အောင်မြင်မှုတွေက အင်မတန့်ကို အားဖြစ်စေပါတယ်။
ဒီအိန္ဒိယတိုက်ငယ်ဟာ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ အယူဝါဒတွေ အများကြီးရှိနေတဲ့တိုက်ငယ်ဖြစ်တယ်၊ ဒီနိုင်ငံဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းလှတဲ့ လူမျိုးရေး- ဘာသာရေးအဓိကရုဏ်း၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကြောင့် အနေအထားတွေ ဖရိုဖရဲဖြစ်သွားပြီး လပိုင်း အတွင်းမှာ ကံကြမ္မာနဲ့ချိန်းဆိုချက်အတိုင်း ရင်ကော့ခေါင်းမော့ပြီး ရှေ့တက်လှမ်းသွားခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ လူသားရဲ့ ဝမ်းတွင်းပါဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့နဲ့ ကိုယ့်ဖာသာကိုယ်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့သတ္တဝါအဖြစ် တန်ဖိုးထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ပြဿနာမရှိဘူး ဆိုတာကို ဒီ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးက အကောင်းဆုံးသက်သေပြနေပါတယ်။ ကျမတို့နိုင်ငံလည်း မဝေးတော့တဲ့တနေ့မှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထား က ရှေ့ဆောင်လမ်းပြပြီး ဓမ္မ နဲ့ အဘယ တို့စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့မြန်မာပြည်သူအများတကာ့ အများစုကြီးက နှစ်နှစ်ကာကာမျှော်လင့်နေပါတယ်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်မြေချင်းစပ်နေရုံမကပါဘူး။ မြန်မာ့ယဉ်ကျေးမှုရဲ့ ကျောရိုးဖြစ်တဲ့ ဗုဒ္ဓ ဘာသာဟာ အိန္ဒိယမြေပေါ်က ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကျမတို့ခေတ်ကာလရဲ့ ဧရာမနည်းပညာတိုးတက်မှု တွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီးသေးငယ်လာပေမဲ့ ပိုရှုပ်ထွေးပြီး အင်မတန်အန္တရာယ်ကြီးနိုင်စရာ ဖြစ်လာပါတယ်။ ဒီလိုကမ္ဘာကြီးမှာ ဗုဒ္ဓဝါဒကသင်ကြားပေးတဲ့ မေတ္တာ၊ ကရုဏာ၊ သည်းခံခွင့်လွှတ်မှု နဲ့ မိမိကိုယ်မိမိထိန်းချုပ်မှုတို့ာ တန်ဖိုးရှိလှတဲ့ အရည်အသွေးတွေဖြစ်ပါတယ်။လူမျိုးအားလုံး လူအားလုံးကို ဘုံလူသားနွယ်ဖြစ်မှုက စည်းနှောင်ထား တာကို အသိအမှတ်ပြုဖို့၊ တယောက်ကိုတယောက် ပိုနားလည်စေတဲ့ အရည်အသွေးတွေကိုမြေတောင်မြှောက်ပေးဖို့ တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။ သူတို့ရဲ့အမြော်အမြင်ကျယ်ပြောမှုနဲ့ တစိမ်းတရံစာနှလုံးသားတွေကို သိမ်းကျုံးယူနိုင်ခဲ့တဲ့ မဟတ္တမဂန္ဒီ နဲ့ ပန်ဒစ်နေရူးတို့လို ကြီးကျယ်မြင့်မားမှု တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။

ဒီကနေ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ဆက်လက်လျှောက် လှမ်းနေပါတယ်။ ကျမရဲ့နှလုံးသားနဲ့ အင်မတန့်ကိုရင်းနှီးလှတဲ့ ဒီနိုင်ငံကနေ နိုင်ငံတကာ့နားလည်မှုဆိုင်ရာဆု လက်ခံ ယူဖို့ ရွေးချယ် ခံရတာဟာ တကယ့်ကို ဂုဏ်ယူ စရာ ဖြစ်ပါတယ်။

သမတကြီးနဲ့ နေရူးဆု ကော်မတီ ဝင်များရှင့်၊ ကျမရဲ့တိုင်းပြည်၊ ကျမရဲ့ပြည်သူတွေနဲ့ ကျမကိုယ်တိုင်ကို ဂုဏ်ပြု တဲ့အတွက် ကျေးဇူး တင်ပါတယ်။


(ဒေါ်သန်းအေးက သမ္မတကြီး ဒေါက်တာရှန်ကာဒါယားရှားမ ထံမှ ဒေါ်စုကိုယ်စား ဆုလက်ခံယူခဲ့သည်။)

၂ . ၄ . ၂၀၁၀
ရင်းမြစ်။ HANTHAWADDY Newsletter

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အတွက် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ တို့မှစီစဉ်ပါသည်။

http://www.demowaiyan.co.cc
http://alinsek.blogspot.com
http://kamikaze-2010.blogspot.com

No comments:

Post a Comment