Friday, July 2, 2010

ဗုဒ္ဓသာသနာ့ အလံတော် (သို့) သာသနာ့ အောင်လံ လွှင့်ထူကြလော့


“…တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ…

တပ်ဦးဆီ မျှော်လိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ…”

ပြည်လှဖေ သီဆိုခဲ့တဲ့ သီချင်းစာသားလေးကို ရေရွတ်မိပါတယ်။အလံ ဆိုတဲ့စကားလုံး၊ တံခွန် ဆိုတဲ့ စကားလုံးဟာ မြန်မာလူမျိုးတွေနဲ့ မစိမ်းပေ။

အလံ ဆိုသည်မှာ ရင့်ကျက်နက်နဲသော အဓိပ္ပါယ်ကို ဆောင်သည့် အမှတ်အသားတစ်ခု ဖြစ်သည်။ အလံတစ်ခု သည် အကြောင်းမဲ့ ဖြစ်ပေါ်လာသည် မဟုတ်ချေ။ အတိတ်ဖြစ်ရပ် တစ်ခုခုကြောင့် သော်၎င်း၊ ဦးတည်ချက် တစ်ခုခုကြောင့်သော်၎င်း ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်လေသည်…

ဟု တက္ကသိုလ်ကြည်မာ ၏ ပြည်ထောင်စု အလံ စာအုပ်တွင်ဖော်ပြထားသည်။

အလံဗေဒ (Vexillology) ကို ၁၉၅၇ တွင်စတင်သုံးနှုန်းခဲ့ပြီး ပညာရပ်တစ်ခုအဖြစ် လေ့လာနေကြသည်။ Vexillum ဆိုသည်မှာ လက်တင် (Latin) လို အလံ(Flag) သို့မဟုတ် တံခွန် (Banner) ဟုအဓိပါယ်ရသည်။

အလံရှိ သင်္ကေတ များသည် ယင်းအလံကို လက်ခံကျင့်သုံးသော နိုင်ငံများ၊ လူများ၏ ဘာသာ၊ သာသနာ၊ ယုံကြည်ချက် နှင့် စိတ်ဓါတ် စသည်တို့ကို ထင်ဟပ်စေသည်။ အချို့သော နိုင်ငံတော် အလံများတွင် ဘာသာရေး သင်္ကေတများဖြစ်သော ကြက်ခြေခတ်ပုံ၊ လခြမ်းကွေးပုံ နှင့် သူတော်စင်များကို ကိုယ်စားပြုသော သင်္ကေတများ ကို ထည့်သွင်းထားသည်။

ဘီစီ ၅ ရာစုလောက်ကထည်းက စတင်အသုံးပြုခဲ့သော ဂျိန်းဘာသာရေး အလံ (Jain Flag) နှင့် ၂၀ ရာစုအစောပိုင်း ကာလတွင်ပေါ်ပေါက်ခဲ့သော ခရစ်ယာန် ဘာသာရေး အလံ (Christian Flag) တို့သည် ယင်းသာသာရေးတစ်ခုလုံးကို ကိုယ်စားပြုသော အလံတော်များဖြစ်သည်။

ယနေ့ တကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်များ အသိအမှတ် ပြုနေကြသော ဗုဒ္ဓ အလံတော်ကို (၁၈၈၅) ခုနှစ်တွင် ပြုလုပ်ခဲ့သော်လည်း၊ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော် အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာ တစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်ပေသည်။

ယင်း ဗုဒ္ဓသာသနာ့အလံတော် ကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ (Colombo) ရှိ ဗုဒ္ဓဘာသာအဖွဲ့ တစ်ခုဖြစ်သော ကိုလံဘို ကော်မတီ (Colombo Committee) က ၁၈၈၅ တွင်စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

ယင်း ဗုဒ္ဓသာသနာ့ အလံတော် အကြောင်းကို ၁၈၈၅ ဧပြီလ ၁၇ ရက်နေ့ တွင် သီရိလင်္ကာနိုင်ငံ ထုတ် Sarasavi Sandaresa သတင်းစာတွင် ဖော်ပြခဲ့ပြီး (၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် ကျရောက်သော ကဆုန်လပြည့် ( ဗုဒ္ဓနေ့ ) တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ယင်း အလံတော်ကို စတင်လွှင့်ထူခဲ့သည်။ ယင်းနှစ် ၁၈၈၅ ခုနှစ်သည် ဝိဿခါ နေ့ (Vesākha day) (Sanskrit: Vaiśākha) ဟုခေါ်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကို နိုင်ငံတော် အားလပ်ရက် (National holiday) အဖြစ် ဘာသာခြား အင်္ဂလိပ် အုပ်ချုပ်ရေး အောက်တွင် ပထမဆုံး သတ်မှတ်ခဲ့သော နေ့ထူးနေ့မြတ် လည်းဖြစ်သည်။ ထိုကဲ့သို့ ဗုဒ္ဓသာသနာ့ အလံတော် သည် ကောင်ချီးအပြည့်၊ ထူးခြားမှု အပြည့်နှင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူခဲ့သောနေ့၊ သဗညူတ ရွှေညာဏ်တော် ရတော်မူသောနေ့ နှင့် ပရိနိဗာန် ပြုသောနေ့ထူးနေ့မြတ် လည်းဖြစ်သည်။

ဗုဒ္ဓသာသနာ့ အလံတော် နှင့ပတ်သတ်၍ အခြားစိတ်ဝင်စားဖွယ် အကြောင်းအရာများ လည်းရှိသေးသည်။ ဗုဒ္ဓသာသနာ့ အလံတော် ကို ကနဦး တီထွင်သော သူများမှာ ကားလ်ရိုးလ် ပူဇိတ ဂုဏေဝါဒေနေ (Carollis Pujitha Gune Wardene) နှင့် အမေရိကန် စစ်အရာရှိ တစ်ဦးဖြစ်သူ ဟင်နရီ စတီး အိုးကော့ (Henry Steele Olcott) ဖြစ်သည်။




ကားလ်ရိုးလ် ပူဇိတ ဂုဏေဝါဒေနေ (Carollis Pujitha Gune Wardene)

စီပီ ဂုဏေဝါဒေနေ သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ၁၈၅၀-ခုနှစ်များအတွင်း သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” (The Buddhist Defence Committee) ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီးအိုးကော့ က စီပီ ဂုဏေဝါဒေနေ ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။

စီပီ ဂုဏေဝါဒေနေ က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံးလိုက်နာ ကျင့်သုံးနိုင်ရန် ဗုဒ္ဓအလံတော်သည် ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကိုပင် အသုံးပြုရန်” အကြံပေး တင်ပြပေသည်။ ၎င်း၏ အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက နှစ်သက်စွာ လက်ခံသည်။

ဟင်နရီ စတီး အိုးကော့ (Henry Steel Olcott) (၁၈၃၂ -၁၉၀၇)




ဟင်နရီ စတီး အိုးကော သည်အမေရိကန် စစ်အရာရှိတစ်ဦးဖြစ်သည်။ ကမ္ဘာကျော် သီအိုဆိုဖီ အသင်းကြီး (Theosophical Society) ကိုတည်ထောင်ခဲ့သူ တစ်ဦးဖြစ်သည့်အပြင် ယင်း အသင်းကြီး ၏ ပထမဆုံး ဥက္ကဋ္ဌ လည်းဖြစ်သည်။

အိုးကော သည် သီအိုဆိုဖီ အသင်းကြီး ကို၁၈၇၅ ခုနှစ်တွင် ကမ္ဘာကျော် ဂမ္ဘီရ ပညာရှင်ကြီးများ ဖြစ်ကြသော ဝီလျံ ဂျိတ် (William Quan Judge)၊ ရုရှားနိုင်ငံသူ ဗာလ်ဗက်စကီး ( Helena Petrovna Blavatsky) နှင့်အတူ တည်ထောင်ခဲ့သည်။ ယင်း အသင်းကြီးသည် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ပညာများ မြှင့်တင်ပေးးရန် နှင့် သီအိုဆိုဖီ (Theosophy) ဟုခေါ်သော အမှန်တရား (Truth) ကိုရှာဖွေရန် ရည်ရွယ်သည်။

သူသည် ၁၈၈၀ မေလ ၁၉ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ၊ ဂေါလေ (Galle) ၌ ဗုဒ္ဓဘာသာဝင် အဖြစ် တရားဝင် ကြေငြာခဲ့သည်။ သူ့ကို ဗုဒ္ဓဘာသာဝင် အဖြစ်ကူးပြောင်းသွားသော ပထမဆုံး အမေရိကန် နိုင်ငံသား အဖြစ် သတ်မှတ်ခဲ့ကြသည်။ သူကို ဗုဒ္ဓဘာသာ နှင့်ပတ်သတ်၍ ခေတ်မီအမြင်ရှိသူ အဖြစ်သတ်မှတ်ကြသည်။

သီရိလင်္ကာနိုင်ငံသားတို့က သူ့ကို လွတ်လပ်ရေး သူရဲကောင်းတစ်ဦးအနေနဲ့ လေးစား ကြသည်။ တချို့သူတွေဆို သူ့ကို ဗောဓိသတ် (ဘုရားလောင်း) အဖြစ် ထင်ကြတာရှိခဲ့ ကြသည်။

၁၈၈၁ ခုနှစလောက်တွင် သူရေးသား ပြုစုခဲ့သော ဗုဒ္ဓဘာသာဝင် အမေး အဖြေ (Buddhist Catechism) စာအုပ် သည် ယနေ့အချိန်အထိ အသုံးပြုနေရဆဲဖြစ်သည်။

ဟင်နရီ စတီး အိုးကော သည် စီပီ ဂုဏေဝါဒေနေ အကြံပြုသော အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေး ပြင်ဆင်ပေးခဲ့သည်။ နောက်ပိုင်း ယင်းအလံကို ၁၉၅၀ တွင်ဖွဲ့စည်းပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များ အဖွဲ့ကြီး ( World Fellowship of Buddhists) ၏ သင်္ကေတ အဖြစ် သတ်မှတ်ခဲ့သည်။ ထိုပြင် ၁၉၅၁ ခုနှစ်တွင် ကမ္ဘာ့ ဗုဒ္ဓသာသနာ့ အလံတော် ( The universal flag of all Buddhist traditions) အဖြစ်လည်း လက်ခံခဲ့ ကြသည်။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ




သာသနာ့အလံတော်ကို သီဟိုဠ်တစ်ကျွန်းလုံးတွင် ရင့်ညောင်းသော ဂိုဏ်းချုပ် ဆရာတော် အရှင် သီရိသုမင်္ဂလာ ထေရော သည် များစွာသဘောကျသည်ဟုဆိုသည်။ ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာဆေထေရာ ၏ စိတ်အားထက်သန်မှုအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင်(၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ အတည်ပြု လွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်း တို့၏ အထိမ်းအမှတ် ကိုဖော်ပြလေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ဖြင့် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူသည့် ဘုရားရှင်၏ အံသြဖွယ် ခြောက်သွယ်သော ရောင်ခြည်တော်သည် ကြည်ညိုမ၀၊ ဖူး၍မ၀၊ အံ့မခန်းအထူးပင် ခန့်ညား တင့်တယ်စွာ ရှိနေသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကမ္ဘာ့ ဗုဒ္ဓသာသနာ့ အလံတော်ကြီးကို ရောင်ခြည်တော် ခြောက်သွယ် မှ ပေါ်ထွက်သည့်အရောင်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။




အရွယ်အစား/အရောင်

* အကြီး = အလျား - ၉ပေ x အနံ - ၅ပေ

* အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ

* အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ

* အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုးလေးစား သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်

1. နီလ = အပြာရင့်ရောင်

2. ပီတ = အ၀ါရင့်ရောင်

3. လောဟိတ = အနီရောင်

4. သြဒါတ = အဖြူရောင်

5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-

6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

မမှန်တာကို တော်လှန်ရာမှာ အမှန်တရားဖြစ်တဲ့ သာသနာ့အလံ ကိုင်ပြီး တော်လှန်တာဟာလည်း ဘုရားအလိုကျဖြစ်တယ်လို့ ဆရာတော်ကြီးတချို့ကမိန့်ဖူးပါတယ်။ ထိုကဲ့သို့ မင်္ဂလာအပေါင်း၊ ဂုဏ်အပေါင်း၊ ကျက်သရေ အပေါင်း၊ အဓိပါယ် အပေါင်းနှင့် ပြီးပြည့်စုံသော ဗုဒ္ဓသာသနာ့အလံတော် ကို ဗုဒ္ဓသာဝင်များ နေထိုသော်အိမ်တိုင်း၊ ကျောင်းတိုင်း၊ ရွာတိုင်း၊ မြို့တိုင်း၊ နိုင်ငံတိုင်း၊ နေရာတိုင်းတွင် လွှင့်ထူ စိုက်ထူခြင်းအားဖြင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပြီး အေးချမ်း တည်ငြိမ်သော ဘဝ ကိုရရှိကြမည်ဟု ယုံကြည်ရင်း…..

မောင်ဒေါင်းဝေ

၂. ဇူလှိုင်လ. ၂၀၁၀

ကျမ်းကိုး….

အရှင်စန္ဒောဘာသ(ရွှေဘို)ရေး `သာသနာ့အလံတော်´

တက္ကသိုလ်ကြည်မာ ၏ ပြည်ထောင်စု အလံ

The Olcott Family by Janet Kerschner

The six-colour - sacred symbol of Buddhists by Nemsiri Mutukumara

The secret doctrine: the synthesis of science, religion, and philosophy by Blavatsky, H P (1977),

'Five colour Buddhist flag', by Dr. Kingsley Heendeniya, Daily News (Sri Lanka), 9 June 2004

No comments:

Post a Comment