Wednesday, July 28, 2010

ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇနီးမောင်နှံ



“Merry Christmas” ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ မှာမပျော်ရွှင်နိုင်ဘဲ မိမိတို့ ကျုးလွန်ခဲ့သော အကုသိုလ် အပြစ်များကြောင့် ၁၉၈၉ ခုနှစ်မှာ လင်မယား နှစ်ယောက်စလုံး သေဒဏ် စီရင်ခြင်းခံခဲ့ရသူတွေကတော့ ရိုမေးနီးယား အာဏာရှင်ကြီး ချောင်ဆက်စကူး (Nicolas Ceausescu) နဲ့ ဇနီးဖြစ်သူ အဲလ်လီနာ (Elena) တို့ဘဲ ဖြစ်ပါတယ်။

အာဏာရှင်ကြီး ချောင်ဆက်စကူး ဆိုသူဟာ ဘယ်သူလဲ။ သူဘာတွေ လုပ်ခဲ့သလဲ။ ပြည်သူက သူ့ကိုဘာကြောင့် ရွံ့ရှာမုန်းတီး နာကျည်းကြတာလဲ။ အထူးသဖြင့် အာဏာရှင်စနစ်ကို ရက်ပိုင်းအတွင်းဖြုတ်ချပြီး ဒီမိုကရေစီစနစ် ကိုပြောင်းလဲ ကျင့်သုံးနိုင်ခဲ့သော ရိုမေးနီးယားနိုင်ငံရေး ဖြစ်စဉ်တစ်ခုကို တင်ပြလိုခြင်း ဖြစ်ပါတယ်။

နံမည်ဆိုးနဲ့ ကျော်ကြားခဲ့သော နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ကို ရိုမေနီးယားနိုင်ငံ (Romania) တွင် ဆင်းရဲသော လယ်သမား မိဘများက ၁၉၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် မွေးဖွားခဲ့သည်။ ရိုမေနီးယား နိုင်ငံ ကို အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်း ၃၀ နီးပါး ရက်ရက်စက်စက် ချုပ်ကိုင်ခဲံ့သော ချောင်ဆက်စကူး သည် သူ ချစ်ခင် အားကိုးရသော ဇနီးဖြစ်သူ အဲလ်လီနာ (Elena) နဲ့အတူ ၁၉၈၉ ခုနှစ် ခရစ္စမတ်နေ့ တွင် သေနတ်ဖြင့်ပစ်ပြီး သေဒဏ် စီရင်ပေးခြင်း ခံခဲ့ရသည်။

ဆင်းရဲတဲ့ လယ်သမားမိယားစုက ပေါက်ဖွားခဲ့ရတဲ့ ချောင်ဆက်စကူး မှာမွေးချင်း ၉ ယောက်ရှိပြီး မီးမရှိတဲ့ အိမ်လေးထဲမှာ ကြပ်ြကပ်တည်းတည်း နေခဲ့ရတာပါ။ အခုတော့ သူနေခဲ့ရတဲ့ Scomicesti ရွာလေးက အိမ်လေးကို အများပြည်သူ ကြည့်နိုင်အောင် ပြထားပါတယ်။ သူ့ရဲ့နောက်ခံ သမိုင်းကိုလည်း လေ့လာဆန်းစစ် နိုင်အောင်လည်းဖြစ်မှာပါ။

နောက်တော့ Bucharest မြို့ကလေးကို ပြောင်းလာပြီး အလုပ်သင် ဖိနပ်ချုပ်သမားလေး (Cobbler) အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

သူ့ဘဝက ဒီလိုဆိုးခဲ့ပေမယ့် သူဟာ ခမ်းနားကြီးကျယ်တဲ့ စစ်ရေးပြပွဲကြီးတွေကို ကြီးကြပ် စီမံခန့်ခွဲရသူ တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ အခမ်းအနားတခုမှာဆို ဘုရင်မကြီးရဲ့ ဖိတ်ကြားမှုကို ခံခဲ့ရသူပါ။

အာဏာရှင်ပီပီ ကြီးကျယ်ခန်းနားမှု နဲ့ကျော်ကြားမှုကို လိုလားခဲ့တဲ့ ချောင်ဆက်စကူး ဟာ အလွန်ခမ်းနားကြီးကျယ်တဲ့ ပြည်သူ့လွှတ်တော် (House of the People) အဆောက်အဦးကြီးကို ဆောက်လုပ်စေခဲ့ပါတယ်။ တိုင်းပြည်မှာ စီးပွားရေးကျပြီး၊ ပြည်သူတွေ စားနပ်ရိက္ခာ ရှားပါးတာကို ဂရုမစိုက်ဘဲ ဒိအဆောက်အဥိးကြီးကို လူအား၊ ငွေအား အမြောက်အများ အကုန်ကျခံ ဆောက်စေခဲ့တာပါ။

အမေရိကန်နိုင်ငံက ပင်တဂွန် (Pentagon) စစ်ဋ္ဌာနချုပ်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး အဆောက်အဥိး အဖြစ်ခေါ်ကြသည်။ အဆောက်အဦးကြီး မပြီးသေးခင်မှာဘဲ သူသေဒဏ် စီရင်ခံခဲ့ရတာပါ။ အခုတော့ ရိုမေးနီးယားရဲ့ ပါလီမန် အဆောက်အဦး ဖြစ်ပါတယ်။

အသက် ၁၅ နှစ်အရွယ်ကတည်းက ကွန်မြူနစ်ပါတီဝင်ဖြစ်ပြီး မြေအောက်လှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူပါ။ ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၅) နောက်ပိုင်းမှာတော့ ရာထူး အဆင့် မြန်မြန်တိုးပေးခြင်း ခံခဲ့ရသူပါ။

သူဟာ ရိုမေးနီးယား ကွန်မြူနစ် ခေါင်းဆောင်ကြီး Gheorghe Gheorghiu Dej ရဲ့ အရိပ်တစ်ခုလို အနီးကပ်နေခဲ့ရသည်မှာ Dej ကွယ်လွန်ခဲ့သော ၁၉၆၅ ခုနှစ် အထိဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ဗဟိုကော်မတီ (Central Committee) ရဲ့ အထွေထွေ အတွင်းရေးမှုး အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

နောက်နှစ်နှစ်အကြာမှာ သူဟာ နိုင်ငံတော်ကောင်စီ (the Council of State) ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ သမ္မတ အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

မောင်တော်နှင့် ထပ်ချက်မကွာ

နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ရဲ့ ဘဝတလျှောက် အရေးပါဆုံး တစ်ယောက်ကတော့ သူ့ဇနီး အဲလ်လီနာ (Elena) ပါဘဲ။ သူမကို သူစတွေ့ခဲ့တာကတော့ ၁၉၃၉ ခုနှစ်၇ဲ့ တစ်ခုသော စစ်ရေးပြပွဲမှာပါ။ သူမကို တိုင်းပြည်ရဲ့ နံပါတ် နှစ် (the regime’s number two) အဖြစ် နိုင်ငံရေး သုတေသီတွေက ညွှန်းခဲ့ကြပါတယ်။

သူမ ကို ၁၉၁၉ ဇန်နဝါလ ၇ ရက်နေ့မှာ လယ်သမားမိဘတွေက မွေးဖွားခဲ့တာပါ။ ကွန်မြူနစ်ပါတီကို မဝင်ခင် သူမဟာ အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။

သူမဟာ သူ့ခင်ပွန်း နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ကို စက်ရုံတွေ (သို့) စံပြလယ်ယာ (Model farm) တွေကို သွားရောက် လည်ပတ်ကြည့်ရှု တဲ့အခါမှာ ဟောင်းနွမ်း ပြီး ဆွေးမြေ့နေတဲ့ ကုတ်အင်္ကျီ ကိုဝတ်ဆင်ဖို့ အကြံပေးခဲ့သူပါ။ ဒီလို ဝတ်ဆင်ပြခြင်းဖြင့် သူဟာ “ပြည်သူ့ဘက်သား” (A man of people) အဖြစ် သတ်သေပြနိုင်တယ်လို့ ယုံကြည်နေပုံရပါတယ်။


အာဏာရှင်ရဲ့ နိုင်ငံရေး ဗျူဟာ


မကြာသေးသော ကာလတွေကဘဲ နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) နဲ့ အမေရိကန် သမ္မတကြီး Richard Nixon၊ ပြင်သစ်သမ္မတကြီး ဒီဂေါလ် (Charles de Gaulle) တို့ အေးအေးဆေးဆေး ပြုံးပြုံးပျော်ပျော် တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေကို မီဒီယာတွေက ဖော်ပြခဲ့ကြပါသေးတယ်။ အလားတူ ပျော်စရာ ခရီးစဉ်မျိုး မြောက်ကိုရီးယား နဲ့ ဟောလီးဝုဒ် (Hollywood) သွားတုန်းကလည်း သူရခဲ့ပါသေးတယ်။

အနောက်ဒီမိုကရေစီ နိုင်ငံတွေနဲ့ အဆင်ပြေရတဲ့အကြောင်းရင်း တွေကတော့ သူ့ရဲ့ ဆိုဗီယက် သြဇာကို စိန်ခေါ်ခဲ့တဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေး မှုဝါဒကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူဟာ ဆိုဗီယက် ဦးဆောင်ခဲ့တဲ့ ဝါဆော စစ်မဟာမိတ် စာချုပ် (Warsaw Pact) ကနေ ၁၉၆၅ နောက်ပိုင်းကာလ ကစပြီး သွေဖည်ခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒီ ဖြစ်ပေမယ့် အနောက်ဂျာမနီ (West Germany) ကိုအသိအမှတ်ပြုခဲ့တဲ့ ပထမဆုံး ကွန်မြူနစ် နိုင်ငံဖြစ်သလို အမေရိကန် သမ္မတ နတ်ဆင် (Richard Nixon) ကို ပထမဆုံး လက်ခံခဲ့သူလည်းဖြစ်ပါတယ်။ ကမ္ဘာ့ ငွေကြေးရံပုံငွေ အဖွဲ့ကြီး (International Monetary Fund) ကို ပထမဆုံး ပူးပေါင်းခဲ့ပါတယ်။ ဥရောပ စီးပွားရေး အဖွဲ့ကြီး ဖြစ်တဲ့ (European Economy Community) တွင် ပါဝင်တဲ့ အရှေ့ဥရောပ နိုင်ငံများအဖြစ် ယူဂိုဆလားဗီးယား နိုင်ငံ နှင့် ရိုမေးနီးယား နိုင်ငံသာရှိသည်ဟု ပြောဆိုခြင်းခံခဲ့ရသည။်

သူဟာ ၁၉၆၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ “ပရက်စ် ခါနွေဦး” (Prague Spring) လို့လူသိများတဲ့ “ချက်ကိုစလို ဗက်ကီးယား တော်လှန်ရေး” (Czechoslovakia’s revolutionary” ကို ပြစ်တင်ရှုတ်ချ ခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်အနည်းငယ် ထဲကတစ်ယောက်လည်းဖြစ်ပါတယ်။

၁၉၇၁ တွင် သူ၏ နိုင်ငံရေး သဘောထားများကို ထင်ဟပ်စေသော “July Theses” မိန့်ခွန်းကြီးကို တင်ပြခဲ့သည်။ ယင်းစာတမ်းတွင် အချက် ၁၇ ချက်ပါဝင်ပြီး ရိုမေးနီးယားနိုင်ငံ၏ အသေးစား ယဉ်ကျေးမှု တော်လှန်ရေး (Mini Cultural revolution) အဖြစ် သတ်မှတ် ခဲ့ကြသည်။

ထောက်လှမ်းရေး အကြီးအကဲကြီး ဘက်ပြောင်းသွားခြင်း (Pacepa Defection)

အာဏာရှင်ကြီး ချောင်ဆက်စကူး အာဏာအားပျော့သွားပြီး နောက်ဆုံးပြုတ်ကျသွားရတဲ့ အကြောင်းတွေထဲမှာ အီယွန် မီဟိုင်း ပါစီပါ (Ion Mihai Pacepa) ဆိုသော ရိုမေးနီးယားနိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲ တစ်ဦး ဘက်ပြောင်းသွားပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ပါစီပါဟာ “Securitatae” လို့ခေါ်တဲ့ ရိုမေနီးယားနိုင်ငံ ထောက်လှမ်းရေး အဖွဲ့ကြီးရဲ့ ကြယ်နှစ်ပွင့်ရ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သလို အာဏာရှင်ကြီး ချောင်ဆက်စကူး ရဲ့ အကြံပေး ပုဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။

၁၉၇၈ ဇူလိုင်လမှာ သူဟာ အမေရိကန်သမ္မတကြီး ဂျင်မီကာတာက သူ့ နိုင်ငံရေး ခိုလှုံခွင့် (Political Asylum) လျှောက်ထားချက် ကိုလက်ခံခဲ့လို့ ဂျာမဏီ နိုင်ငံ ဘွန်းမြို့ (Bon) ရှိ အမေရိကန် သံရုံးမှာ ခိုလှုံခွင့်ယူခဲ့ပါတယ်။

သူဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့အုပ်စု (Eastern Bloc) ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမေရိကန် ထောက်လှမ်းရေး တွေနဲ့အတူ လုပ်ကိုင်ခဲ့ပါတယ်။ စီအိုင်အေ (Central Intelligence Agency (CIA) ဆို ပါစီပါကို “အမေရိကန်နိုင်ငံအတွက် အရေးပါဆုံး နှင့် ပြိုင်ဆိုင်ရှားသော ပူးပေါင်းသူ” (An important and unique contribution) အဖြစ် တင်စားခဲ့သည်။

၁၉၇၈ စက်တင်ဘာမှာ ရိုမေးနီးယားနိုင်ငံက သေဒဏ်ထုတ်ပြီး အာဏာရှင်ကြီး ချောင်ဆက်စကူး ကလည်း ပါစီပါကို အမေရိကန် ဒေါ်လာ နှစ်သန်း ဆုငွေထုတ်ခဲ့ပါတယ်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရာဖတ် (Yasser Arafat) နှင့် လစ်ဗျားခေါင်းဆောင် ကဒါဖီ (Mummar al- Gaddafi) တို့ကလည်း ဒေါ်လာ တစ်သန်းစီ ပေးမည်ဟု ကြေငြာခဲ့ကြသည်။

၁၉၈၀ မှာရိုမေးနီးယားနိုင်ငံ စစ်ထောက်လှမ်းရေးတွေက Carols the Jackal ခေါ်သော နံမည်ကျော် လူဆိုးကို ငွေပေးပြီး ပါစီပါ ကိုလုပ်ကြံခိုင်းခဲ့ကြသည်။

၁၉၈၆ တွင် ပါစိပါ သည် “အနီရောင် မိုးကုတ်စက်ဝိုင်းများ (သို့) ကွန်မြူနစ် စပိုင်အကြီးအကဲ တစ်ဦး၏ ရက်စွဲမှတ်တမ်း” (Red Horizons: Chronicles of a Communist Spy Chief) စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ်တွင် အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ အုပ်ချုပ်ရေးစနစ် နှင့် နိုင်ငံခြားရေး ဗျုဟာများ စသော အကြောင်းများကို အသေးစိတ် ဖော်ထုတ်တင်ပြထားသည်။

သူ ဘက်ပြောင်းသွားခြင်း (Defection) နောက်ပိုင်း ရိုမေနီးယားနိုင်ငံ ဟာပိုပြီး အထီးကျန်ဆန် (Isolated) ဖြစ်ပြီး စီးပွားရေးလည်း သိသိသာသာ ယိမ်းယိုင်ခဲ့ရသည်။

အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ ထောက်လှမ်းရေး အဖွဲ့ကြီး အတွင်းသို့လည်း နိုင်ငံခြား သူလျှိုများ စိမ့်ဝင်လာပြီး တိုင်းပြည်ကိုလည်း ထိန်းချုပ်ရတာ ခက်လာတော့သည်။ အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာ ပါစီပါ ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းများ ကိုလည်း သုတ်သင်ရှင်းလင်းပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစာခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။

တဇွတ်ထိုးစိတ်နဲ့ စီးပွားရေး ချွတ်ခြုံကျမှု


File:Palace of the Parliament, Casa Poporului.jpg

အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာတပါတီစနစ် (Totalitarian) ကျင့်သုံးခဲ့ပေမယ့် ဆိုဗီယက် ယူနီယံ (Soviet Union) ကနေ သီးခြားနိုင်ငံရေး စနစ်ကျင့်သုံးခဲ့ခြင်းကြောင့် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ချက်ကိုစလိုဗက်ကီးယား တော်လှန်ရေးကို ဆန့်ကျင်ခဲ့ခြင်း တို့ကြောင့် အနောက် အင်အားကြီးနိုင်ငံများ၏ ထောက်ပံ့မှုကို ရရှိခဲ့သည်။

၁၉၇၂ ခုနှစ်လောက်ကစပြီး သူရဲ့ “စနစ်တကျဖော်ဆောင်ခြင်း” (Systematization) ဆိုတဲ့ စီမံကိန်း တစ်ခုကိုရေးဆွဲပြီး “ဆိုရှယ်လစ်လူ့ဘောင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး” (Multilaterally developed socialist society) တည်ဆောက်ရေး အတွက် လုပ်ဆောင် ခဲ့သည်။ အဆိုးဆုံးတစ်ခုမှာ မြို့တော်များ ပြန်လည်တည်ဆောက်ရေး အတွက် နိုင်ငံတွင်း နေရာအနှံ့အပြားတွင် အဆောက်အအုံများ၊ နေအိမ်များ နှင့် ဘုရားရှိခိုးကျောင်း များကို ဖြိုဖျက် ခဲ့ခြင်း၊ ပြန်လည်နေရာ ချထားခြင်း နှင့် တည်ဆောက်ခြင်းကို သူ့စိတ်တိုင်းကျသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၅ လောက်တွင် သမိုင်းဝင်အဆောက်အဦးများ နှင့် ဘုရားရှိခိုးကျောင်း (Churches) အပါအဝင် Bucharest မြို့ရှိ ၅ ပုံ၁ ပုံ ကျော် ဖြိုဖျက်ခံခဲ့ရသည်။

“မြို့ပြနိုင်ငံ တည်ထောင်ခြင်း” (Urbanization) နှင့် “စက်မှုနိုင်ငံ တည်ဆောက်ခြင်း” (Industrialization) စီမံကိန်းအရ ရွာပေါင်းများစွာ ကိုအတင်းအဓမ္မ ဖျက်စီးခဲ့ပြီး လယ်သမားများစွာကို တိုက်ခန်းများသို့ ရွှေ့ပြောင်းစေခဲ့သည်။

၁၉၆၀ နောက်ပိုင်းတွင် လူဦးရေတိုးပွားအောင် အတင်းကြိုးစားခဲ့၍ မိဘကလေး (Orphans) နှင့် ခိုကိုးရာမဲ့များ အဆမတန် တိုးပွားခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်း၍ HIV/ AIDS ကဲ့သို့ ကူးစက်ရောဂါများ ပျံ့နှံ့ခဲ့ရသည်။

ဘဏာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံခြားမှ ဒေါ်လာ ၁၃ ဘီလီယံ ငွေကြေးယူခဲ့သည်။ သည်ချေးငွေများကြောင့်ဘဲ တိုင်းပြည်စီးပွားရေး ထိခိုက်ခဲ့ရသည်။

တိုင်းပြည်၏ နိုင်ငံခြားကြွေးမြီ များကိုပြန်ဆပ်ရန် ကြိုးစားမှု တရပ်အနေနဲ့ ၁၉၈၀ နောက်ပိုင်းတွင် ပြည်ပတင်ပို့ခြင်း (Export) ကို ဥိးစားပေးဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ပြည်တွင်းတွင် ရှားပါးမှုများဖြစ်လာခဲ့ပြီး လူနေမှု အဆင့်အတန်း နိမ့်ကျလာခဲ့သည်။

အဓိက စားသောက်ကုန်များဖြစ်သော နွားနို့၊ သကြား၊ ဥ နှင့် ထောပတ် တို့ကို ခွဲတမ်းဖြင့်သာ ရခဲ့ကြသည်။ ငှက်ပျောသီး တစ်လုံးစားရခြင်းသည် ထူးကဲသော ဇိမ်ခံခြင်း (Eating a banana was a rare luxury) အဖြစ်ဆိုရမလောက်ပင် ဖြစ်သည်ဟု ဆိုကြသည်။

ကြွေးမြီကိစ္စ နှင့် အခြားဥပဒေ ပြင်ဆင်မှုများအတွက် လူထုဆန္ဒခံယူပွဲ (Referendum) ကျင်းပခြင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (Constitution) ပြင်ဆင်ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။ ဥပဒေ အသစ်အရ ရိုမေးနီးယားနိုင်ငံ သည် နိုင်ငံခြားတိုင်းပြည်များမှ နောက်နောင် ငွေချေးယူခြင်း မပြုရ ဟု ပါဝင်သည်။

အာဏာရှင်ကြီး ၏ နေဝင်ချိန်များ

၁၉၈၉ ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော Timisoara နှင့် Bucharest မြို့များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆန်ကျင်ရေး အဖြစ်အပျက်များကြောင့် အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ နှစ် ၃၀ နီးပါး သက်တမ်းရှိ အစိုးရ ပြုတ်ကျခဲ့ရသည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ရိုမေးနီးယား ကွန်မြူနစ် ပါတီကွန်ကရက် (Congress of the Romanian communist Party (PCR) မှ အသက် ရ၁ နှစ် ရှိပြီဖြစ်သော ချောင်ဆက်စကူး ကို ပါတီ ခေါင်းဆောင်ကြီး အဖြစ် နောက်ငါးနှစ် သက်တမ်း အတွက် ရွေးချယ်ခဲ့ကြသည်။

Timisoara မြို့တွင်ရှိ ဆန္ဒပြပွဲများသည် အစိုးရက ဟန်ဂေရီ လူမျိုး ခရစ်ယာန် သင်းအုပ်ဆရာ လာစလို တိုခဲလ် (Laszlo Tokes) ကို လူမျိုးရေး မုန်းတီးမှု (Ethnic hatred) ဖြစ်အောင် လုပ်သည် ဟူသော စွပ်စွဲချက်ဖြင့် နယ်မြေထဲမှ ထွက်သွားစေခဲ့ခြင်း မှစတင်ခဲ့သည်။ ထိုအချိန်က သူ့ဇနီး အဲဒစ် (Edict) သည်လည်း ကိုယ်ဝန်ကြီးနှင့် ဖျားနာနေသော အချိန် လည်းဖြစ်သည်။

၁၉၈၉ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သင်းအုပ်ဆရာကို ထောက်ခံသော ခရစ်ယာန် ပရိသတ်များသည် သူ့နေထိုင်ရာ အဆောက်အအုံ ကိုဝန်းရံပေးခဲ့ကြသည်။ မြို့တော်ဝန် နှင့် အာဏာပိုင်များက လူစုခွဲရန်ကြိုးစားခဲ့သည်။ မိးသတ်ပိုက်များဖြင့် ထိုးခဲ့သည်။ သို့သော် လူအုပ်ကြီင်္းက နောက်မဆုတ်ခဲ့ပေ။ နောက်ပိုင်း ဟန်ဂေရီ လူမျိုး ခရစ်ယာန် ဘာသာဝင်များ နှင့် ရိုမေးနီးယား စက်မှုကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသားများ ပူးပေါင်းခဲ့ကြသည်။ အစပိုင်းတွင် လူအုပ်ကြီးသည် ဓမ္မသီချင်း (Hymn) ကိုရွတ်ဆိုခဲ့ကြပြီး ည ၇ နာရီ ခွဲ လောက်မှ စတင်ကာ အမျိုးသားရေး တေးသီချင်းဖြစ်သော “ထလော့, အို….ရိုမေးနီးယားပြည်သူတို့! (Wake up, O , Romanian!) Deşteaptă-te, române! သိချင်းကို သီဆိုခဲ့ကြသည်။

ယင်းသီချင်းသည် ရိုမေးနီးယားနိုင်ငံ၏ သမိုင်းဝင် နိုင်ငံတော် သီချင်းဖြစ်သည်။ သို့သော် ကွန်မြူနစ် ပါတီ အာဏာရပြီး ၁၉၄၇ ဒီဇင်ဘာလမှ စတင်ကာ “ထလော့, အို….ရိုမေးနီးယားပြည်သူတို့! (Wake up, O , Romanian!) သီချင်းအပါအဝင် အခြား တော်လှန်ရေး သီချင်းများကို ပိတ်ပင် တားမြစ်ခဲ့သည်။ သို့သော် ၁၉၈၇ ခုနှစ်က ဘရာဆော့ဗ် (Brasov) မြို့တွင် ဖြစ်ပွားခဲ့သော Brasov ဆန္ဒပြပွဲတွင်လည်း ယင်းသီချင်း ကိုသိဆိုခဲ့ကြသေးသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် စစ်တပ်မှ ပစ်ခတ်နှိမ်နင်းခဲ့၍ လူအများ သေဆုံးခဲ့သည်။ ချောင်ဆက်စကူး ၏ ဇနီး အဲလ်လီနာ (Elena) ၏အမိန့်ဖြင့် လူသေအလောင်း ၄၀ လောက်ကို ထရပ်ကားများဖြင့် Bucharest မြို့သို့ သယ်ဆောင်သွားပြီး ခြေရာဖျောက်ရန် သဂြိုလ် ခဲ့သည်ဟု မှတ်တမ်းများတွင်တွေ့ရသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် Timisoara မြို့ရှိ ထောင်ပေါင်းများစွာသော စက်မှု အလုပ်သမား များပါ ဆန္ဒပြပွဲ သို့ ငြိမ်းချမ်းစွာ ပါဝင်ခဲ့သည်။ အခြား မြို့ကြီးများသို့လည်း ဆန္ဒပြပွဲများ ကူးစက်ခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့မှာပင် အာဏာရှင်ကြီး ချောင်ရှက်စကူး သည် အီရန်ကို အလည်အပတ် သွားရောက်ခဲ့သေးသည်။ ဆန္ဒပြပွဲများကို နှိမ်နှင်းရန် သူ့ဇနီး အဲလ်လီနာ (Elena) နှင့် လက်ဝေခံများကို ထားခဲ့သည်။

ဒီဇင်ဘာလ ညနေတွင် အီရန်မှပြန်ရောက်လာပြီး ဗဟိုကော်မတီ အဆောက်အဦး ရှိ TV Studio ခန်းမှ မိန့်ခွန်းပေးခဲ့သည်။ Timisoara အရေးအခင်းနျင့် ပတ်သတ်၍ ပြောကြားရာတွင် အာဏာရှင်ကြီး ချောင်ရှက်စကူး က “ရိုမေးနီးယားနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံခြားမှ အင်အားစုများမှ ဝင်ရောက်စွက်ဖက်ခြင်း” (Interference of foreign forces in Romania’s international affairs) နှင့် “ရိုမေးနီးယား အချုပ်အခြာနယ်မြေ သို့ပြည်ပမှ ကျူးကျော် ဝင်ရောက်ခြင်း” (External aggression on Romania sovereignty) ဟူသော အသုံးအနှုန်း များကို ပြောခဲ့သည်။

Timisoara အရေးအခင်းနှင့် ပတ်သတ်၍ အစိုးရသတင်းဋ္ဌာန များမှ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ VOA, RFE (Radio Free Europe) ကဲ့သို့သော နိုင်ငံခြား ရေဒီယို သတင်းဋ္ဌာနများ နှင့် လူအများပြောကြ၍သာ သိခဲ့ကြရခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၁ ရက်နေ့တွင် လူထု အစည်းအဝေးကြီး (Mass meeting) တစ်ခု ကျင်းပခဲ့သည်။ အစိုးရပိုင် သတင်းဋ္ဌာနတွေက “ချောင်ဆက်စကူးကို ထောက်ခံသော အလိုအလျှောက် လှုပ်ရှားမှုကြီး” (Spontaneous movement of support for Ceausescu) အဖြစ် လိမ်လည် တင်ပြခဲ့ကြသေးသည်။

ယခု တော်လှန်ရေးရင်ပြင် (Revolution Square) ဟုခေါ်သော နေရာတွင် ကျင်းပခဲ့သော ယင်းလူထုအစည်းအဝေးကြီး ကိုစစ်တပ်နှင့် ရဲမှ အကြမ်းဖက် နှိမ်နှင်းခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အဓိကမြို့ကြီးများတွင် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်ခဲ့သည်။ ထိုပြင် ကာကွယ်ရေး ဝန်ကြီး Vasila Milea သေဆုံးမှု သတင်းကိုလည်း မီဒီယာမှ ထုတ်ပြန်ခဲ့သည်။

အာဏာရှင်ကြီး ချောင်ဆက်စကူး လည်း ချက်ချင်းဆိုသလို အမှုဆောင်ကော်မတီ (Political Executive Committee) ကိုကျင်းပပြီး စစ်တပ်ရဲ့ အကြီးအကဲ အဖြစ်ခံယူခဲ့သည်။ သူဟာ ဗဟိုကော်မတီ (Central Committee) အဆောက်အဦးရှေ့ ကလူအုပ်ကြီးကို လူစုခွဲရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင် ရဲ့ စစ်ဖိနပ်အောက် မှာနာကျည်းစွာ ခံစားခဲ့ကြတဲ့ ပြည်သုတွဟာ ရဲရဲဝံ့ဝံ့ ရင်ဆိုင် အာခံ ခဲ့လို့ ၂၂ ရက်နေ့မှာဘဲ ဟယ်လီကော်ပရာ (Helicopter) နဲ့ထွက်ပြေးခဲ့ပါတော့တယ်။

အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ကို ရဲကဖမ်းထားပြီး နောက် စစ်တပ်လက်သို့ အပ်လိုက်ပါတော့တယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မှာတော့ အာဏာရှင်ကြီး ချောင်ရှက်စကူး နဲ့ သူ့ဇနီး တို့ကို တရားမဝင်နည်းများဖြင့် ငွေကြေးဥစ္စာ စုဆောင်ခြင်း မှသည် အစုလိုက်အပြုံလိုက် လူသတ်ဖြတ်ခြင်း စသော ပြစ်မှုများစွာဖြင့် စစ်ခုံရုံးမှာ တရားစွဲပြီး Târgovişte မြို့မှာ ပစ်သတ်ပြီး စီရင်ပေးခဲ့ပါတယ်။

အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ကို ပစ်သတ်စီရင်ခဲ့သော Video သတင်းမှတ်တမ်း ကို အနောက်နိုင်ငံအများစုမှာ ထုတ်လွှတ်ပြသခဲ့ပါတယ်။ နောက်တနေ့တွင် ရိုမေနီးယားနိုင်ငံ ရုပ်မြင်သံကြား မှလည်း ထုတ်လွှတ်ခဲ့ပါတယ်။

ရိုမေနီးယားနိုင်ငံတွင် ၁၉၉၀ ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ သေဒဏ်စီရင်မှုပေးခြင်း (capital punishment) ကိုဖျက်သိမ်းခဲ့၍ အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့သည် ရိုမေနီးယားနိုင်ငံ၏ နောက်ဆုံး သေဒဏ် ပေးခြင်းခံရသူများ ဖြစ်ခဲ့ကြရသည်။

File:Romanian Revlution 1989 3.jpg

သုံးသပ်ချက်

အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ အကြောင်းကို ဖတ်ပြီး အာဏာရှင်တို့ရဲ့ စရိုက် နဲ့ သဘောထားကို သိနိုင်ပါတယ်။ တကယ်တော့ ချောင်ရှက်စကူး ဟာ ငယ်ရွယ်နုပျိုချိန်ကတော့ အလွန်ကြိုးစားပြီး တိုင်းပြည်အတွက် ပေးဆပ်လိုစိတ်၊ မတရားမှုကို တွန်းလှန်လိုသော စိတ်တွေနဲ့ လုပ်ကိုင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ငယ်ငယ်ရွယ်ရွယ် နဲ့ နေရာကောင်းတွေ၊ ရာထူးကြီးတွေ ရခဲ့တာပါ။ ဒါပေမယ့် အာဏာကို တပ်မက်လာပြီး ငါတကောကောတဲ့ အာဏာရှင်ကြီးတို့ရဲ့ မာန်မာန အတိုင်း လုပ်ခဲ့လို့ ပြည်သူတွေရဲ့ ရွံ့ရှာမုန်းတီးမှု ကိုသာရပြီး ဘဝနိဂုံး မကောင်းဖြစ်ခဲ့ရပါတယ်။

သူကျရှုးံခြင်း နဲ့ ရိုမေးနီးယားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကြောင်းကို ဖတ်ရှုလေ့လာပြီး ဗမာ့နိုင်ငံရေး အခြေအနေ နဲ့ နှိုင်းယှဉ်မိပါတော့တယ်။

ရိုမေးနီးယားနိုင်ငံကို နှစ်၃၀ နီးပါးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာ ပြည်သူ့မေတ္ထာမရခဲ့လို့ ရက်သတ္တပတ် တစ်ပတ် ကာလတိုလေး ထဲမှာ အာဏာစွန့်ရတဲ့ အပြင် အဆုံးစီရင်ခြင်းကို ခံခဲ့ရတာပါ။

သူဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် မည်မျှပင်လုပ်စေကာမူ ပြည်သူပြည်သားတွေ မြတ်နိုးတန်ဖိုးထားတဲ့ ဘာသာရေး၊ သမိုင်းဝင် အဆောက်အဦး စတာတွေကို ဖြိုဖျက်ခဲ့၊ စော်ကားခဲ့မိလို့ ပြည်သူတွေရဲ့ မုန်းတီးရွံ့ရှာခြင်း ခံခဲ့ရတာပါ။

အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာနိုင်ငံရေး သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေး ကောက်ကြောင်းနဲ့ ရာသီဥတု ကို ကောင်းကောင်းနားလည် အသုံးချ ကစားနိုင်ခဲ့သူပါ။ ဒါကြောင့် စစ်အေးကာလ စနစ်ကြီးနှစ်ခုကြားမှာ ပါးနပ်နပ်နေနိုင်ခဲ့သူပါ။ ဒါပေမယ့် ပြည်သူရဲ့ အသံ နဲ့ သက်ပြင်းချသံတွေကို နားမလည်လို့ စက်တိုင်တက်ခဲ့ရတာပါ။

အာဏာရှင် ပီပီသူနှစ်သက်တဲ့ ဂီတ ကိုဝါဒ အဖြစ်သာလက်ခံပြီး အမျိုးသားရေး သမိုင်းဝင် သီချင်း နဲ့ သမိုင်းစစ်စစ်တွေကို တားဆီးပိတ်ပင်ခြင်း၊ ဖျောက်ဖျက်ပစ်ခြင်း စတာတွေဟာလည်း သူ့ရဲ့ မဟာအမှားတွေပါ။

တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အင်အားစုတွေ ဖြစ်တဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား စတဲ့ လူတန်းစားတွေရဲ့ ဘဝနဲ့ ဒုက္ခကို ဂရုမထား၊ အလေးမထားဘဲ လူမြင်ကောင်းအောင် နှင့် မိမိအင်အား ပါဝါကြီးကြောင်း ကြွားဝါချင်စိတ်နဲ့ ခမ်းနားပြီး ငွေကုန်ကြေးကျ များသော အဆောက်အဦးသစ်၊ မြို့တော်သစ် ဆောက်လုပ်ခြင်းဟာလည်း အာဏာရှင်များကို ကြမ္မာဆိုးတွေ ကျရောက်စေသည်။

မိမိ မိသားစု၊ ဆွေမျိုး၊ အသိုင်းအဝိုင်း နှင့် လက်တစ်ဆုပ်စာ လူတန်းစား ကောင်းစားရေးကိုသာ လုပ်တဲ့ အာဏာရှင်တွေနဲ့ နောက်လိုက်တွေဟာ အချိန်မီ မပြင်ဆင်ရင် ဒီလိုဘဲ ဘဝဆိုးတွေနဲ့ အဆုံးသတ်ကြရမှာပါ။

အာဏာရှင်တွေရဲ့ ဇနီး၊ သားသမီးများ နိုင်ငံရေး နားမလည်ဘဲ တိုင်းပြည်အရေးမှာ ဝင်ရောက်ချယ်လှယ်ခြင်းဟာ အားလုံးအတွက် ထိခိုက်နစ်နာစေပြီး အာဏာရှင်စနစ်ရဲ့ အဆိုးဆုံးတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

“ရန်သူစခန်းဆီကရလာတဲ့ ဆန်အိတ်တအိတ်ဟာ မိမိမှာပါလာတဲ့ ဆန်အိတ် နှစ်ဆယ်ထက် ပိုပြီး တန်ဖိုးကြီး အသုံးဝင်တယ်” လို့ စစ်ပါရဂူကြီး ဆွန်ဆူး ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေး နဲ့ စီးပွားရေး မှာလည်း “သူ့လူကိုယ့်ဘက်သား” (Whistle Blowers) တွေ၊ ဘက်ပြောင်း လာချင်သူ တွေ ဟာလည်း အလွန်အရေးကြီးပါတယ်။ သူတို့ရဲ့ မှန်ကန်တဲ့ အချက်အလက် တွေ၊ အသိညာဏ်တွေ ဟာ အာဏာရှင် ရဲ့ပေါ်လစီကို လေ့လာရာမှာဘဲ ဖြစ်ဖြစ်၊ မိမိဗျုဟာ ခင်းကျင်းရာမှာဘဲ ဖြစ်ဖြစ် အရေးပါပါတယ်။ တခါတလေ Zero-Sun game လို့ တောင်ဆိုနိုင်ပါတယ်။ သူ့တို့အတွက် လမ်းတွေ ဖွင့်ပေးထားနိုင်ရပါမယ်။ လုံခြုံရေး နှင့် ဘဝအတွက် စိတ်ချရအောင် လုပ်ပေးနိုင်ဖို့လိုပါတယ်။ သူတို့ကလည်း အများသိနိုင်အောင် ရေးသား ထုတ်ဖော်ပြောကြားခြင်း၊ အသေးစိတ် ရေးသားပြုစုပြီး စာတမ်း၊ စာအုပ် ထုတ်နိုင်ရင် ပိုကောင်းပါတယ်။

“အာဏာရှင်ဆိုတာ အဆင်းရဲဆုံးနိုင်ငံက အချမ်းသာဆုံးလူ” ဖြစ်သွားကြပါတယ်။ တိုင်းပြည် နဲ့ အာဏာရှင်တွေဆီမှာ ငွေဘယ်လောက်ရှိရှိ ပြည်သူတွေ ဆင်းရဲရင်၊ တိုင်းပြည်အရေးမှာ ပါဝင်ခွင့် မရရင် အကောင်အထည် ဖော်ဆောင်ရာမှာ အောင်မြင်မှာမဟုတ်ပါဘူး။ ပြည်သူ့မေတ္တာ ကိုတိုက်ယူ၊ ဝယ်ယူလို့ မရပါဘူး။

ပြည်သူဆိုတာ တဦးတယောက်ချင်းဆီမှာတောင် အစွမ်းသတ္တိ ရှိနေကြပါတယ်။ အင်အားစုဖြစ်ဖို့ နှစ်ယောက်ကနေစပြီး ပေါင်းစည်းရင်တောင် ဖြစ်ပါတယ်။ “အကျင့်တူမှု နဲ့ အမြင်တူမှု” ဘဲလိုပါတယ်။

အမျိုးသားရေး ကဗျာ၊ သီချင်း၊ စာသားကောင်း စတာတွေကို အာဏာရှင်တွေက ခြိမ်းခြောက် တားမြစ်စေကာမှု ပြည်သူ့ မျိုးဆက် အဆက်ဆက်ရဲ့ ရင်ထဲ နှလုံးသားထဲမှာ ထာဝရ ကိန်းနေပြီး လိုအပ်တဲ့ အချိန် ဖွင့်အန်ထွက်လာမယ် ဆိုတာ အမှန်ပါ။ လူတွေအတွက် အသုံးဝင်လို့ နံမည်အမှည့် ခံထားရတဲ့ ကြယ်ကလေးတွေ ဘယ်တော့မှ မကြွေကြပါဘူး။

အာဏာရှင် စနစ်ဆိုးကြောင့် ပြည်သူတွေခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ ကင်းပျောက်ဖို့ အတွက် အသက်သွေးတောင် ပေးဆပ်အနစ်နာ ခံရဲတဲ့ အာဇာနည် သူရဲကောင်းတွေ လူ့အလွှာ အသီးသီး၊ အသက်အရွယ်ရွယ် အမျိုးမျိုးမှာ ရှိနေကြပါတယ်။

အာဏာရှင်အစိုးရ မီဒီယာတွေဟာ သူတို့ဝါဒရေးရာ ကလွဲပြီး သတင်းအမှန်၊ စာရင်းအမှန်တွေကို ထုတ်လေ့မရှိပါဘူး။ ဒါပေမယ့် လွတ်လပ်တဲ့ သတင်းဋ္ဌာန တွေ၊ သမာသမတ်ရှိတဲ့ သတင်းသမားတွေ ထုတ်ဖော် ပေးခြင်းဖြင့် အာဏာရှင်ကို တိုက်ရာ ရောက်ပါတယ်။ အနည်းဆုံး နီးစပ်ရာလူတွေကို ပြောပြသင့်ပါတယ်။ နေ၊ လ၊ အမှန်တရား ဆိုတဲ့ အရာ သုံးခုကို တာရှည်စွာ ဖုံးကွယ်ထားလို့ မရပါဘူး။

အာဏာရှင်တွေဟာ အာဏာမှိုင်းတွေ၊ အမိုက်မှောင်တွေ ဖုံးနေလို့ အဖြစ်မှန်တွေကို မသိနိုင်ပါဘူး။ အထူးသဖြင့် သူတို့ဘေးနားက ကပ်ဖားရပ်ဖား လုပ်သူတွေကြောင့် ပိုဆိုးပါတယ်။ ပြည်သူတွေရဲ့ အသံတွေကို နားမထောင်ဘဲ လျစ်လျူရှုတာဟာ အကြီးမားဆုံး အမှားတစ်ခုပါ။ လူယုံတွေရဲ့ မြှောက်ပင့်စကား တွေ၊ သတင်းမှားတွေကို ယုံမိလို့ ခေါင်းဖြတ်ခံခဲ့ရတဲ့ ဘုရင်တွေ၊ ကြိုးစင် တက်ခဲ့ရတဲ့ အာဏာရှင်တွေ အများကြီးပါ။ ဗမာပြည်က အာဏာရှင်ကြီး ဗိုလ်သန်ရွှေ ဆိုရင် ငရဲပြည် တောင်သွားမလို့ အားလုံးပြင်ဆင်ပြီးပါပြီ။

အာဏာရှင်တွေဟာ အပူရုပ်ကို ဟန်လုပ်ပြုံးပြ တဲ့နေရာမှာ အလွန် ကျွမ်းကျင်ပါတယ်။ ပြည်သူကို စိတ်ဓါတ် စစ်ဆင်ရေး (Psywar) တွေလုပ်ပြီး ထိန်းထားတာပါ။ “ပြည်တင်းက မင်း မခံနိုင်” ဆိုတဲ့ စကားပုံ အတိုင်း ပြည်သူတွေက မလျှော့ဘဲ အင်တိုက်အားတိုက် လုပ်ဖို့ဘဲလိုပါတယ်။

အာဏာရှင် နဲ့ သူ့ဘက်သားတွေက နည်းလမ်းပေါင်းစုံ၊ ပရိယာယ် ပေါင်းစုံ၊ မက်လုံးပေါင်းစုံ နဲ့ သိမ်းသွင်းခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်ခြင်းတွေ၊ အခွင့်အရေး ပေးခြင်းတွေ လုပ်လာနိုင်တယ် ဆိုတာ ကြိုတင် သိထားရပါမယ်။ မိမိရဲ့ အကျင့်သီလကို ဖျက်ပြီး သူတို့ရဲ့ ခွင် ထဲမရောက်သွားဖို့ လိုပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို သနားကြင်နာစိတ် ထားနိုင် ကြပါစေ။

ကိုယ်ကျင့်သိက္ခာကောင်းပြီး အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်ကောင်းတွေကို အာဏာရှင်တွေက အဓိကရန်သူ အဖြစ်မြင်ကြပါတယ်။ ဒီလို လူထု ခေါင်းဆောင်ကောင်း တွေကို ပြည်သူတွေက လေးစားအားကျ အတုယူဖို့လိုပါတယ်။ ဝိုင်းရံပေးဖို့လိုပါတယ်။ ဗမာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်လို၊ ဘဘဦးဝင်းတင်လို၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်တို့လို ခေါင်းဆောင်ကောင်းတွေ ရှိနေပါတယ်။ ၂၄၀၀ လောက်နီးပါးလောက်ရှိတဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေ အကျဉ်းထောင်တွေထဲမှာရှိနေတုန်းပါဘဲ။ ၁၄၀ ကျော်လောက်ဟာ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ကျဆုံးခဲ့ရတယ် ဆိုတာ မမေ့ကြပါနဲ့။ သွေးစွန်းလက်တွေနဲ့ အာဏာရှင်တွေဟာ အဲဒီထောင်တံခါးသော့ တွေကို ဖျောက်ပစ် လိုက်ကြပါပြီ။ ပြည်သူ့အားနဲ့ ရိုက်ချိုးပြီး သူရဲကောင်းတွေကို ကယ်တင်ရပါမယ်။

အာဏာရှင်တွေလည်း ပုံပြင်လှလှလေးတွေ ပြောတတ်တယ်ဆိုတာ မမေ့ကြပါနဲ့။

အာဏာရှင် တော်လှန်ရေး အချိန်ကြာလာသည်နှင့် အမျှ လူထုရဲ့ တော်လှန်ရေးစိတ်ဓါတ် ဟာလည်း အားပျော့သွားနိုင်ပါတယ်။ အပြောင်းအလဲ ဆိုတာ ရုတ်တရက်ကြီးလည်း ဖြစ်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။

စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့တိုင်း တိုက်ပွဲဝင်နေတယ်လို့ သဘောထားရပါမယ်။ ပြောင်းလဲမှုရဲ့ လမ်းစဟာ ဘုရားရင်ပြင်ကလည်း ဖြစ်နိုင်တယ်။ လက်ဖက်ရည်ဆိုင်ကလည်း ဖြစ်နိုင်တယ်။ စာသင်ကျောင်း ကလည်း ဖြစ်နိုင်တယ်။ ဈေးထဲကလည်း ဖြစ်လာနိုင်တယ်။ နေရာတိုင်း၊ အဖြစ်အပျက်တိုင်း ကနေလူထု လှုပ်ရှားမှုကြီး ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ် ရှိကြရင် အာဏာရှင် မပြောနဲ့ တန်ခိုးရှင်တွေတောင် မနေနိုင်ပါဘူး။ လူထုအားဘဲ လိုတာပါ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြပါ။

***မှတ်ချက်….ရိုမေးနီးယား ဘာသာစကား မတတ်ကျွမ်းသောကြောင့် နံမည်စလုံးပေါင်း အသံထွက် လွဲချော်မှုများ ရှိနိုင်၍ နားလည်ပေးကြပါ။

ရေးသားသူ ….ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူများ….ဘလော့ဂါ ဒီမိုဝေယံ၊ ခမိခဆဲ နှင့် ရွှေကျောင်းသား

၂၇. ဇူလိုင်လ.၂၀၁၀

1 comment: