Tuesday, July 27, 2010

အာဇာနည် နှစ်ဦး၏ မိခင်ကြီး အမေစု ရင်တွင်းစကား




‘ ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဒီလို သတ္တိကြောင်တဲ့ အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ် ကလေးကပင် ရှုတ်ချခဲ့တဲ့ လူဖြစ်ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာ နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က စိုးရိမ်လွန်းလို့ ‘သားရယ် လူဆိုတာ အထက်ရောက်နေရင် သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစအရာရာ သတိထားပါသားရယ်’ လို့ပြောမိပါတယ်။ ဒီတော့ ကျုပ်သားကဗျာ – ဒါကတော့ ဘုရားတောင်မှ အတိုက်ခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန် ကနေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ ကြောက်စရာ မလိုပါဘူး အမေရယ်၊ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ ယခု တိုင်းပြည် နဲ့လူထုဟာ အရင်လို မဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီ လို့ အားရပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။

ယခုတော့ကျုပ်သား ကိုအောင်ဆန်းဟာသူအလွန်မုန်းတီးရွံရှာတဲ့လုပ်ကြံနည်းကြောင့် ကွယ်လွန်သွားရ ရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကိုလေးစားကြသလို ခေါင်းဆောင်များရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည်လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့ လိုလားတဲ့ ခရီးကိုရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ အဲဒီလိုဆောင်ရွက်လို့ ရည်ရွယ်ချက် ကို ရောက်ပြီဆိုရင် အဒေါ့်မှာခံစားရတဲ့ သားနှစ်ယောက်ဆုံးရှုံးရတဲ့ အပူမီးဟာ ငြိမ်းတန် သလောက်ငြိမ်းပါလိမ့်မယ်။




ဤစကားကား ဗိုလ်ချုပ်အောင်ဆန်း အစ်ကိုဖြစ်သူ ၀န်ကြီး ဦးဘ၀င်းနှင့် အခြားဝန်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရစဉ်က သားနှစ်ယောက် တစ်ပြိုင်နက်ဆုံးခဲ့ရသော အမေစု ၏ စကားများ ပင် ဖြစ်သည်။ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားရသည်နှင့် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ကလည်း ယခုလို သုံးသပ်ပြောကြားခဲ့သည်။




မြန်မာ့လွတ်လပ်ရေးကို တိုက်ပြီးလျှင် – မြန်မာ့လွတ်လပ်ရေးကို အိမ်တိုင်ယာရောက် ပို့ပေးခဲ့သော အာဇာနည် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ သွေးအေးအေးနှင့် လုပ်ကြံ သတ်ဖြတ်ခြင်း ဆိုသည်မှာ ယုံကြည်စရာပင်မရှိချေ။ ကျွန်ုပ်သည် လွန်လေပြီးသော ခေါင်းဆောင်များ၏ ဆွေမျိုးဥာတိများကို လည်းကောင်း၊ မြန်မာနိုင်ငံ အစိုးရကို လည်းကောင်း ကရုဏာ သက်ပါ၏။ ယခုဖြစ်ရသည်မှာ သာမညလူသတ်မှု မဟုတ်ချေ။ ဤအမှုနောက်တွင် နိုင်ငံရေးလောဘဇော ရှိနေလိမ့်မည်။ ယခုအခါ ကမ္ဘာအရပ်ရပ်၌ နိုင်ငံရေး ပြိုင်ဆိုင်မှုတို့တွင် ဤလောဘဇော ထကြွနေသော အချက်မျိုးကို တွေ့မြင်နေရသည်။


ဤအချက်သည် မနုဿလူသားတို့၏ နောင်ရေးအတွက် အတိတ်နိမိတ်ကောင်းမဟုတ်ချေ။ ထို့ကြောင့် ဤ၀မ်းနည်းဖွယ်ရာ အပျက်ကိုမူတည်၍ အိန္ဒိယနိုင်ငံသည် သင်ခန်းစာယူရမည်။ ဤအဖြစ်သည် မြန်မာနိုင်ငံအတွက်သာလျှင် ၀မ်းနည်းကြေကွဲဖွယ်ရာ မဟုတ်။ အာရှ အတွက်လည်း ၀မ်းနည်းကြေကွဲစရာဖြစ်သည်။ ကမ္ဘာတစ်ခုလုံးအတွက်လည်း ၀မ်းနည်း ကြေကွဲစရာဖြစ်သည်။

(သန်းဝင်းလှိုင် ပြုစုသော “ဂဠုန်ဦးစော၏နောက်ဆုံးနေ့များ” စာအုပ် နှာ / ၂၄-၂၆)

ဤစာပြုသော စာရေးဆရာ သန်းဝင်းလှိုင် နှင့် မေးလ်ပို့ပေးသော အကိုတော် ဘလော့ဂါ ဒီမိုဝေယံ အားလေးစား မှတ်တမ်းတင်ပါသည်။

ဘလော့ဂါ အလင်းဆက်

၂၇.ဇူလိုင်လ.၂၀၁၀

No comments:

Post a Comment