Friday, July 30, 2010

မဟတ္တမ ဂန္ဒီ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ နိုင်ငံရေး ဒဿန ကိုလေ့လာခြင်း


သစ္စာတရား နှင့် ငြိမ်းချမ်းမှုကို ရှာဖွေသူများ

မဟတ္တမ ဂန္ဒီ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ နိုင်ငံရေး ဒဿန ကိုလေ့လာခြင်း


၁၉၈၈ မတိုင်မီ အစောပိုင်းကာလက အသက် ၃၅ နှစ်ဝန်းကျင်ရှိ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တည်ငြိမ်တဲ့ ဘ၀နေ့ရက်လေးတွေပေါ့။ သူမဟာ မိခင်တစ်ယောက်ဖြစ်တယ်။ ကမ္ဘာကျော် အောက်စဖို့ဒ် (Oxford) တက္ကသိုလ်ကြီး ရဲ့ အရှေ့တိုင်းပညာရှင် မိုက်ကယ်လ် အဲရစ် (Michael Aris) ရဲ့ ဇနီးကောင်းဖြစ်သလို လန်ဒန် တက္ကသိုလ်ကြီးမှာ ဗမာ့စာပေနဲ့ ဒေါက်တာဘွဲ့အတွက် သုတေသနကျမ်းပြုစုနေတဲ့ ဘွဲ့ရ ကျောင်းသူ တစ်ဦး လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတ်လမှ သူမရဲ့ မိခင်ကြီး ပြင်းထန်တဲ့ လေဖြတ်ရောဂါ ခံစားရတယ်လို့ ဖုန်းဆက်ပြောတာ ကြားကြားချင်း ရန်ကုန်ကို ပြန်သွား ခဲ့ပါတယ်။အဲဒီ အချိန်က ရန်ကုန်မှာ ဗိုလ်ချုပ်နေ၀င်း အစိုးရကို ကျောင်းသားတွေရဲ့ ဆန့်ကျင်မှု အရှိန်ပြင်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

နေ၀င်းအစိုးရဟာ ၁၉၆၂ စစ်အာဏာသိမ်းပြီးကတည်းက ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံး အစိုးရ အဖြစ် နာမည်ဆိုး နေတာပါ။ ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အအောင်မြင်ဆုံး ဖြစ်ပြီး စစ်ရေးနှင့် နိုင်ငံရေး ခေါင်းဆောင်ကြီး ကတော့ ဗိုလ်ချုပ် အောင်ဆန်းပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၁၉၈၈ သြဂုတ်လမှာ စစ်အာဏာ သိမ်းအစိုးရကို စိန်ခေါ်ဖို့ ရွေးချယ်လိုက်ပါတော့တယ်။ အမျိုးသားလွတ်လပ်ရေး အတွက် ဒုတိယတိုက်ပွဲ (Second Struggle for National Independent) အဖြစ် ခေါ်လိုက်ပါတယ်။

၁၉၈၈ သြဂုတ်လ (၂၆) ရက်နေ့ ရွှေတိဂုံဘုရားမှာ ကျင်းပခဲ့တဲ့ သူမရဲ့ ပထမဆုံး လူထုအတွက် မိန့်ခွန်း မှာတော့ လူ ၅ သိန်းကျော် တက်ရောက်ခဲ့ပါတယ်။ ယင်းနှစ် စက်တင်ဘာလမှာပဲ သူမဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (national League for Democracy - NLD) ဆိုတဲ့ နိုင်ငံရေးပါတီသစ်တစ်ခု တည်ထောင်ရာမှာ ဦးဆောင် ပါဝင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရကို အကြမ်းမဖက် ဆန့်ကျင်ဖို့ အစပျိုးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ အင်အားစုတွေကို သူမခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အကြမ်းမဖက်ခြင်း လူ့အခွင့်အရေးနှင့် ပါတီစုံ ဒီမိုကရေစီ (Multi-Party Democracy) သဘောတရားတွေကို သွတ်သွင်းခဲ့ပါတယ်။

၁၉၈၈ သြဂုတ်လကနေ ၁၉၈၉ ဇူလိုင်လအထိ သူမဟာ နိုင်ငံရေး မိန့်ခွန်းပွဲပေါင်း ၁၀၀၀ ကျော် ဟောပြောခဲ့ပါ တယ်။ အဲဒီကာလတွေဟာ နေ၀င်းစစ်အစိုးရကို အစားထိုးထားတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့ State Law and Order Restoration Council - SLORC) က နိုင်ငံရေး လှုပ်ရှားမှု အားလုံးကို မတရားသင်း ကြေငြာထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ၁၉၈၉ ဧပြီလ ဓနုဖြူ ခရီးစဉ်တစ်ခုမှာဆိုရင် စစ်ဗိုလ်တစ်ဦးက ၎င်းတို့ တားဆီးထားတဲ့နေရာကို ဒေါ်အောင်ဆန်းစုကြည် ဖြတ်လျှောက် ရင် ပစ်ရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ သူမရဲ့ နောက်လိုက်တွေကို နောက်မှာနေလို့ ပြောပြီး သူမဟာ တည်ငြိမ်စွာနဲ့ ရှေ့ဆက် လှမ်းခဲ့ပါတယ်။ ဗိုလ်ကြီးတစ်ယောက်က မပစ်ဖို့ သူ့စစ်သားတွေကို ကြားဝင်ပြီး အမိန့်ပေးခဲ့ရတယ်။

၁၉၅၉ ဇူလိုင်လမှာတော့ သူမရဲ့ စစ်အာဏာရှင်တွေကို စိန်ခေါ်မှုတွေဟာ ထိရောက်တဲ့ အတွက် န၀တ အစိုးရဟာ သူမကို ပထမဆုံးအကြိမ် နေအိမ် အကျယ်ချုပ် ပေးခဲ့ပါတယ်။ ရုံးကိုသွားခွင့်မရ၊ နေအိမ်ကနေ ထွက်ခွာခွင့်မရခဲ့ပေမယ့် ၁၉၉၀ မေ ၂၇ မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာဟာ သူမရဲ့ အခန်းကဏ္ဍ အခရာ ကျခဲ့တယ်ဆိုတာ ပြခဲ့တယ်။ ဒါပေမယ့် န၀တကတော့ NLD ရဲ့ အောင်မြင်မှုကို မထီမဲ့မြင် ပြုပြီး ဆက်လက်ပြီး ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခဲ့ပါတယ်။

အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ဇူလိုင်လမှာ လွတ်လပ်စွာ တွေးခေါ်ခွင့် (Freedom of Thought) အတွက် Sakharov ဆုကို ရရှိခဲ့ပြီး ယင်းနှစ် အောက်တိုဘာလမှာပင် ငြိမ်းချမ်းရေး နိုဗယ်လ်ဆု (Nobel Peace Prize) ဆုကြီးကို ရရှိခဲ့ပါတယ်။

၁၉၉၅ ဇူလိုင်လမှာတော့ န၀တဟာ နိုင်ငံတကာ ဖိအားတွေ၊ စီးပွားရေးဖိအားတွေနဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးကို တိုးတက်စေလိုတဲ့ မျှော်လင့်ချက်တွေကြောင့် အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။ သို့သော်လည်း အောင်ဆန်းစုကြည်ဟာ ဗမာပြည်မှာ ဒီမိုကရေစီ မကျင့်သုံးခိုင်းမချင်း ဗမာ့စီးပွားရေးကို မထောက်ပံ့ကြပါနဲ့ လို့ ကမ္ဘာ့ ခေါင်းဆောင်အများကို တိုက်တွန်းနိုင်ခဲ့ပါတယ်။ သူမကို လွှတ်ပေးပေမယ့် သူတို့ မျှော်မှန်း သလောက် အကျိုးတရား မရခဲ့လို့ သူမကို ၁၉၉၆ နှောင်းပိုင်းမှာ ဒုတိယအကြိမ် ဖမ်းဆီး ခဲ့ပါတော့တယ်။ ၁၉၉၈ မှာတော့ သူမဟာ ကမ္ဘာ့ အကျော်ကြားဆုံး နိုင်ငံရေးအကျဉ်းသား (The World’s most famous political prisoner) တစ်ဦး ဖြစ်နေပါပြီ။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက “ဗမာပြည်သူတွေရဲ့ အကြီးမားဆုံး အရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်ကြွထက်သန်တဲ့ ဦးဆောင်မှုပါပဲ။ သူမရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ထားတဲ့ မတုန်လှုပ်သော ခံနိုင်ရည်နဲ့ သူမဟာ ငြိမ်းချမ်းရေးကို ရှာဖွေဖို့ အားပေးနေပါတယ်။ ထို့ပြင် မတရား ဖိနှိပ်ထားတဲ့ လတ်တလော ပတ်ဝန်းကျင်ကနေ လွတ်မြောက်ဖို့ လွတ်လပ်ခွင့်၊ အမှန်တရားနှင့် ဒီမိုကရေစီရေးရဲ့ အင်အားစုများအတွက် အကြမ်းမဖက်သော နည်းလမ်းကို ရှာဖွေဖို့လည်း အားပေးနေပါတယ်။ ဒလိုင်းလားမားရဲ့ အမြင်ကို အများစုကလည်း သဘောတူကြပါတယ်။

မိသားစုရေးနဲ့ အော့စဖို့ဒ် (Oxford) တက္ကသိုလ်မှာ ပညာရေးကိုသာ အာရုံစိုက်နေခဲ့တဲ့ အောင်ဆန်းစုကြည် ဟာ အချိန်တိုအတွင်းမှာပင် ဗမာ့ဒီမိုကရေစီ ပြန်လည် ရှင်သန်ရေး အတွက် သူမဘ၀ကို အသွင်ပြောင်းနိုင်ခဲ့တာ ဘယ်လိုအကြောင်းကြောင့်ပါသလဲ။

ဗမာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်ခြင်းဟာ နိုင်ငံတွင်းနဲ့ နိုင်ငံတကာစင်မြင့်မှာ ဂုဏ်ရည်တင့်စွာ ပေါ်လွင်နိုင်ဖို့ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

“ဗမာ့နိုင်ငံရေးမှာ ကျွန်မဟာ ကျွန်မအဖေလို ကျေးဇူးမဆပ်ရသေးဘူးဆိုတာ ကျွန်မ၀န်ခံပါတယ်။ ကျွန်မအဖေ့ ကြောင့်လည်း ဒီနိုင်ငံရေးကို လုပ်နေတာပါ။ ဗမာပြည်သူတွေ က ကျွန်မကို ဖေဖေရဲ့သမီးလို့ မြင်ကြလို့ ကျွန်မအတိုင်းမသိ ၀မ်းသာပါတယ်။ ကျွန်မရဲ့ တစ်ခုတည်း သော အလေးထားချက်ကတော့ သူရဲ့ (ဗိုလ်ချုပ်အောင်ဆန်း) ကြီးမြတ်မှုကို သက်သေပြဖို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့်လည်း ဒီလှုပ်ရှားမှုတွေ မှာ ဦးဆောင်သူ အဖြစ် ဆက်လက်ပါဝင်လို့ မရနိုင်ခဲ့ပါဘူး။ သူမဟာ ကြီးမားတဲ့ ပါရမီတွေ ဆောင်ကြဉ်းနေတယ် ဆိုတာ အချိန်က သက်သေပြနေပါတယ်။ သူမဟာ သူမရှေ့က ကြီးကျယ်မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်းတွေ ဆီက လေ့လာ နေတယ် ဆိုတာကို မကြာခဏ ထုတ်ဖော်ပြောဆိုနေတယ်။ အရေးပါဆုံး နှစ်ယောက်ကတော့ သူမရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့် မဟတ္တမဂန္ဒီ တို့ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကိုယ်တိုင် သူတို့ရဲ့ သမိုင်းအပေါ် လေ့လာခြင်းမှာ နှစ်နှစ်ခြိုက်ခြိုက် လုပ်ခဲ့ပါတယ်။ ထို့ပြင် သူမရဲ့ ကိုယ်ပိုင်ဘ၀မှာလည်း ယင်း ပုဂ္ဂိုလ်နှစ်ဦးရဲ့ အရေးပါတဲ့ သဘောထားနဲ့ မူဝါဒတွေကို တသားတည်းကျအောင် ကျင့်သုံးနေပါတယ်။

သူမနှစ်နှစ်သမီးအရွယ် ၁၉၄၇ မှာကတည်းက ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံခံခဲ့ရလို့ သူမဟာ သူ့ကို တိုက်ရိုက်မမှတ်မိခဲ့ပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ သူမမိသားစုနဲ့ ဗမာပြည်သူတွေကြားမှာပါ လေးစား ထိုက်ခြင်းဟာ သူမအပေါ် ခိုင်ခိုင်မာမာ လွှမ်းမိုးမှု ရှိနေပါသည်။

အောင်ဆန်းစုကြည် ကြီးပြင်းခဲ့ရာ လစဉ်တိုင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ဦးဆောင်မှုနဲ့ သူမရဲ့ အမေဟာ သူ့ဖခင်အတွက် သူတို့အိမ်မှာ အမှတ်တရပွဲတွေ ကျင်းပခဲ့ကြပါတယ်။

သူမရဲ့ “ဗမာ့အောင်ဆန်း” (Aung San of Burma) စာအုပ်လေးဟာ သူမအဖေရဲ့ “ဗမာပြည် လွတ်မြောက်ရေး အတွက် လုပ်ဆောင်ချက်တွေကို ဖော်ပြချင်လို့ ကြိုးစားချက် တစ်ခု ဖြစ်ပါတယ်။ သူမ အဖေ ၁၉၄၀ ကနေ ၁၉၄၁ ကာလ ဂျပန်စစ်တပ်တွေနဲ့ ဘယ်လိုလုပ်ကိုင်ခဲ့တယ်ဆိုတာကို ထပ်လောင်းလေ့လာနိုင်ဖို့ သူမဟာ ဂျပန်ပြည်မှာ ပညာဆည်းပူးခဲ့သလို ဂျပန်စာကိုလည်း သင်ယူခဲ့တယ်။

သူမရဲ့ ကိုလိုနီလက်အောက် ပညာတတ်ဘ၀အသွင်အပြင်များ (Burma and India: Some Aspects of Intellectual Life under Colonialism) သုတေသနစာတမ်းဟာ မဟတ္တမဂန္ဒီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ သူတို့နိုင်ငံတွေမှာ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အကြောင်းကို လေ့လာပြသထားတာဖြစ်တယ်။ သူမရဲ့ “ဗိုလ် အဓိပ္ပာယ် အစစ်အမှန်” (The True Meaning of “Boh”) အက်ဆေးမှာဆိုရင် သူမအဖေအပေါ် နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်ဖွဲ့ဆို ပြထားတာ တွေ့ရတယ်။

အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဟတ္တမဂန္ဒီအပေါ် လေ့လာခြင်းကို သူမ ဆယ်ကျော်သက် အရွယ် ကတည်းက စတင်ခဲ့ပါတယ်။ ၁၉၆၀ မှာ သူမရဲ့ မိခင်ကြီး ဒေါ်ခင်ကြည် အိန္ဒိယဆိုင်ရာ သံအမတ်ကြီး အနေနဲ့ ခန့်အပ်ခံရတော့ သူမအမေနဲ့အတူ အိန္ဒိယကို သွားခဲ့ပါတယ်။ အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံရေးနဲ့ သမိုင်း ကို အထက်တန်း ကျောင်းသူဘ၀ကတည်းက လေ့လာခဲ့ပါတယ်။ သူမဟာ ဂျဝါလဟာ နေရူးရဲ့ မြေး အန္ဒီယာဂန္ဒီ ရဲ့သား ရာဂျစ်ဂန္ဒီ (Rajiv Gandhi) တို့လို ထင်ရှားတဲ့လူငယ်နဲ့အတူ ကျောင်းတက်ခဲ့တာပါ။ ရာဂျစ်ဂန္ဒီဟာ နောက်ပိုင်းမှာ ၀န်ကြီးချုပ် တောင်ဖြင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူမဟာ မဟတ္တမဂန္ဒီရဲ့ လုပ်ရပ်တွေကို ဖတ်ခဲ့ပြီး အကြမ်းမဖက်နည်း (non-violence) ကို နက်နက်နဲနဲ ယုံကြည်ခဲ့ပါတယ်။ ဒီယုံကြည်ချက်ဟာ သူမကို သူ့ဖခင် လုပ်ကြံခံရတဲ့ ကလေးဘ၀ကတည်းက ကိန်းအောင်းခဲ့တာပါ။

သူမရဲ့ အကြမ်းမဖက်မှုအပေါ် လက်တွေ့ပိုင်းနဲ့ အသိစိတ်ပိုင်းအရ စွဲလန်းမှုတွေဟာ သူမရဲ့ စိတ်ဝိညာဉ်ထဲ မှာ နက်နက်ရှိုင်းရှိုင်းအဖြစ် တွယ်နေခဲ့ပါတယ်။ သူမ သက်ဝင်ယုံကြည် တဲ့ ဗုဒ္ဓဘာသာ (Buddhism) ဘာသာဟာလည်း ကမ္ဘာပေါ်မှာ အကြမ်မဖက်မှုရဲ့ အကြီးမားဆုံး ရင်းမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။

သူမရေးတဲ့ ကြောက်ရွံ့ခြင်းက ကင်းဝေခြင်း (Freedom From Fear) စာအုပ်ထဲက ဆောင်းပါးတစ်ခုအတွက် Philip Kreager က အောင်ဆန်းစုကြည်အပေါ် ဂန္ဒီရဲ့ လွှမ်းမိုးမှုရှိမှု အပေါ် ခိုင်မာတဲ့ အကြောင်းတစ်ကို ထုတ်ခဲ့ပါတယ်။ သူက “သူမ ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒတွေဟာ သူမရဲ့ ဂန္ဒီကြီးရဲ့ အတွေးအခေါ်နှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ဆောင်ချက် (Civil Disobedience) များ အပေါ် လေ့လာမှုများမှ ဆင်းသက်လာသည်ဟု ဆိုသည်။

၁၉၈၉ သြဂုတ်လတွင် ကမ္ဘာကျော် လန်ဒန်တိုင်း(စ်) London Times သတင်းကြီးက သူမကို “ဗမာပြည်ရဲ့ ဂန္ဒီကြီး” (Burma’s Gandhi) အဖြစ် တင်စားခဲ့သည်။

ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂန္ဒီကြီးရဲ့ လွှမ်းမိုးမှု ခံခဲ့ရလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်ကို လေ့လာခဲ့သည်။ ယင်း ထင်မြင်ချက်ကို သူမရဲ့ အရေးအသားများနှင့် စာတမ်း များက အခိုင်အမာ ထောက်ခံ နေသည်။ သူမရဲ့ နိုင်ငံရေး သီအိုရီနှင့် လုပ်ဆောင်ချက် ကို ဆန်းစစ်လေ့လာဖို့ ဆုံးဖြတ်ချက်သည် ကျွန်ုပ်၏ ဂန္ဒီ၏ စိတ်ပိုင်းဆိုင်ရာ နိုင်ငံရေး လေ့လာ ဆန်းစစ်ချက်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့ပြင် ဂန္ဒီဝါဒကို လက်ခံကျင့်သုံးသူများ က ဂန္ဒီကြီး၏ မူဝါဒများကို နိုင်ငံရေးအခင်းအကျင်းထဲ မည်သို့သွတ်သွင်းကောင်းကို လေ့လာခြင်း အပိုင်းတစ်ခုလည်း ဖြစ်သည်။

အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးကို စိတ်ဝိညာဉ်ပြုခြင်း (Spiritualize the political) ကြိုးပမ်းမှုတွင် ဦးဆောင်မှု အခန်းမှ ပါဝင်နေသည်။ ကျွန်တော်အနေနဲ့ သူမရဲ့ ဖခင်က သူမအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိနေသည်ကို တွေ့ရသော အခါ အံ့အားသင့်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ခေါင်းဆောင် တစ်ဦးဖြစ်သည့်အပြင် ဘာသာရေးနှင့် နိုင်ငံရေး ခြားနားမှုကို ရှင်းရှင်းလင်းလင်း ယုံကြည်သော ဆိုရှယ်လစ်ဝါဒီ တစ်ဦးဖြစ်သည်။

ဂန္ဒီကြီးက “ကျွန်ုပ်၏ အမြင်များသည် နိုင်ငံရေးအသွင် ဆောင်သော်လည်း ၎င်းတို့၏ ဇစ်မြစ်မှာ စိတ်ဝိညာဉ်ဖြစ်သည်။ ကျွန်ုပ်၏ နိုင်ငံရေးသည် ကိုယ်ကျင့်တရား (Morality) ၊ စိတ်ဝိညာဉ် (Spirituality) ၊ ဘာသာရေး (religion) တို့မှ ခွဲထွက်ခြင်းမရှိသည်ကို လူတွေ သိလောက်ပါတယ်” ဟု ဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း “နိုင်ငံရေးဆိုတာ လောကီသိပ္ပံပညာရပ် (a secular science) ဖြစ်သည်ဟု ပြတ်ပြတ်သားသား ပြောခဲ့ ဖော်ပြ ခဲ့သည်။

ဒီနှစ်ဦး (ဂန္ဒီကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ ဘာသာရေးနှင့် နိုင်ငံရေးကြား ဆက်ဆံရေးတွင် သိသာ ခြားနားတဲ့ တူညီတဲ့ အချက်တွေ ရှိပါသလား။ ကျွန်တော် ဖတ်ဖူးသမျှ အောင်ဆန်းစုကြည်ရဲ့ အမြင်တွေအရ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂန္ဒီကြီးကြား ယှဉ်ပြီး ဆွေးနွေး ထားတာ မတွေ့ဖူးပါ။ သို့သော် သူမရဲ့ ရေးသားချက်တွေ အရတော့ သူတို့ရဲ့ စရိုက် လက္ခဏာ နဲ့ မူဝါဒတွေဟာ ယေဘုယျထင်မြင်ချက်တွေထက် ပိုပါတယ်။ သူတို့ရဲ့ အမြင်တွေဟာ တစ်ခုနဲ့ တစ်ခု တူညီနေတာ တွေကို တွေ့နေရပါတယ်။

ဒီခေါင်းဆောင်နှစ်ဦးကြား အဓိက ခြားနားချက်ကို တင်ပြပြီးနောက် ကျွန်တော်အနေနဲ့ သူတို့နှစ်ဦးကြား အရေးပါတဲ့ ကိုက်ညီမှုများ (correspondences) နှင့် ယင်းကိုက်ညီမှုများဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသီအိုရီနဲ့ လုပ်ဆောင်ချက်တွေအပေါ် အလွန်အမင်း လွှမ်းမိုးမှု ရှိနေသည့် အကြောင်းကို တင်ပြပါမယ်။

ဂန္ဒီကြီးနဲ့ အောင်ဆန်းကြား အဓိက ခြားနားနေတဲ့ နယ်ပယ်ကြီး သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

(၁) နိုင်ငံရေး ဒဿန (political philosophy)

(၂) သူတို့တွေရဲ့ တိုင်းပြည် (their homeland)

(၃) သူတို့မွေးဖွားရာ ခေတ်နှင့် အသက်ရှင်ခဲ့သည့် အချိန်ကာလ အပိုင်းအခြား

(၁) နိုင်ငံရေး ဒဿန (political philosophy)

မဟတ္တမ ဂန္ဒီနဲ့ အောင်ဆန်း၏ အဓိက ခြားနားချက်ကတော့ သူတို့တွေရဲ့ နိုင်ငံရေး ဒဿနပဲဖြစ်ပါတယ်။

ဂန္ဒီက သိစိတ် (conscious) ကို ယုံကြည်ပြီး သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာ (Truth and love) ဟာ ဆန့်ကျင်ဘက် လူရဲ့ စိတ်နှလုံးကို ပျော်ဝင်စေမယ်လို့ တထစ်ချ ယုံကြည်ပါတယ်။ သူဟာ သူ့ရဲ့ အကြမ်းမဖက် သီအိုရီနဲ့ လုပ်ဆောင်ချက် တွေကို သစ္စဂရဟ (Satyagrahis) လို့ ခေါ်ပါတယ်။ ယင်းအဓိပ္ပာယ်ဟာ သစ္စာတန်ခိုး (Divine Truth) နဲ့ ဆက်နွယ်နေပါတယ်။

သစ္စဂရဟ (Satyagrahis) ၀ါဒီများဟာ ဘုရားသခင် (God) နဲ့ ဆုံစည်းပေးမယ့် သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာ (Truth and Love) ကို ဘ၀ရဲ့ အန္တိမပန်းတိုင်အဖြစ် သေတပန် သက်တဆုံး လုပ်ဆောင်ရမယ်။ ဒီလှုပ်ရှားမှုရဲ့ အခြားဖြစ်စဉ် တစ်ခုကတော့ အကြမ်းမဖက်ဘဲ လူမှုဘ၀ ပြောင်းလဲရေး (nonviolent social change) ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘဂ၀ဂီတ (Bhagavagita) ကိုဖတ်ပြီး ဂန္ဒီကြီးက စစ်မှန်တဲ့ သစ္စဂရဟ (Satyagrahis) ဟာ လုပ်ဆောင်ချက်ရဲ့ ဖြစ်ထွန်းမှု (The Fruits of Action) ကို ဆုံးဖြတ်တာ မဟုတ်ဘဲ နောက်ဆုံးရလာဒ် (The end result) ကိုသာ ကြည့်ရမည်ဟု ယုံကြည်သည်။ သို့သော် သန့်ရှင်းစစ်မှန်တဲ့ နည်းလမ်းတော့ ရှိရမည်ဟု ဆိုသည်။ မှန်ကန်တဲ့ နည်းလမ်းဟာ ကောင်းကျိုးတွေနဲ့ အဆုံးသတ်မှာဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ ဘုရားသခင်သာလျှင် သိနိုင်သည်။

အောင်ဆန်းကတော့ လက်နက်ကိုင်တော်လှန်ခြင်း (armed Struggle) သည်သာ ဗမာ့အမျိုးသား လွတ်မြောက်ရေးအတွက် မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ အောင်ဆန်းဟာ တိုက်ခိုက် ခဲ့တယ်။ ကောင်းကောင်း တိုက်ပွဲဝင်ခဲ့တယ်။ ပထမ ဗမာပြည်ကနေ အင်္ဂလိပ်ကို မောင်းထုတ်ဖို့ ဂျပန်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တယ်။ နောက် ဂျပန်ဟာ အင်္ဂလိပ်ထက်ပိုပြီး ဖိနှိပ်သူတွေဖြစ်တယ်ဆိုတာကို ပြန်တိုက်ထုတ်ခဲ့တယ်။ သို့သော် သူ့ပန်းတိုင်ကတော့ ဗမာပြည်လွတ်လပ်ရေးနဲ့ ညီညွတ်ရေးပါပဲ။ ဒီအတွက် သူမည်သည့် နည်းမဆို သုံးမည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက် သူဟာ နိုင်ငံရေးသမားတဖြစ်လဲ ဗိုလ်ချုပ်ဘ၀ကို တုံ့တုံ့ဆိုင်းဆိုင်နဲ့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဗမာပြည်ဟာ ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းနဲ့ ဗြိတိသျှအုပ်ချုပ်ရေးကနေ လွတ်လပ်ရေးရမည်လို့ ယုံကြည်ခဲ့သည်။ ၁၉၄၆ ဇန်န၀ါရီလတွင် လန်ဒန်၌ ဗြိတိန်ဝန်ကြီးချုပ် ကဲလ်မွန့် အက်တလီ (Clement Attlee) နဲ့တွေ့ရန် သွားရာ အိန္ဒိယ၌ အောင်ဆန်းကို မေးခွန်းထုတ်ကြသည်။

“ရန်ကုန်က မထွက်ခွာခင် သင့်ရဲ့ တောင်းဆိုးချက်တွေ မရရင် လွတ်လပ်ရေးအတွက် တော်လှန်ရေး ဆင်နွှဲရမယ်လို့ သင်က ဖော်ပြခဲ့တယ်နော်။ အကြမ်းဖက်နည်းလား၊ အကြမ်းမဖက်နည်းလား၊ ဒါမှမဟုတ် နှစ်မျိုးစလုံးလား ဆိုတာ တွေးဆ” လို့မေးပါတယ်။

ထိုအခါ ဗိုလ်ချုပ်က “ကျွန်တော်တို့ဟာ နည်းလမ်းမရွေးပါဘူး” (We have no inhibitions of any kind) ဟု ပြန်ဖြေခဲ့သည်။

အမှန်မှာတော့ လန်ဒန်ဆွေးနွေးပွဲဟာ လွတ်လပ်ရေးကို ဦးမတည်လျှင် စစ်ရေးအတွက် ပြင်ဆင်စရာ ရှိတာများကို ပြင်ဆင်ခဲ့သည်။ ဒီဆွေးနွေးပွဲဟာ အောင်မြင်ခဲ့ပါတယ်။ သူဟာ လက်နက်ကိုင် တော်လှန်ရေးထက် ငြိမ်းချမ်းရေးကို ပိုလိုလားခဲ့ပါတယ်။ အောင်ဆန်းဟာ အခြေအနေကိုမူတည်ပြီး အကြမ်းဖက်တော်လှန်မှုနဲ့ ငြိမ်းချမ်းသော တွေ့ဆုံညှိနှိုင်းမှု တွေကို လုပ်ခဲ့တယ်။

(၂) သူတို့တွေရဲ့ တိုင်းပြည် (their homeland)

“ကိုလိုနီလက်အောက် ဗမာပြည်နဲ့ အိန္ဒိယပြည်ရှိ ပညာတတ်ဘ၀” စာတမ်းတွင် အောင်ဆန်းစုကြည်သည် Philip Woodreeffs ပြောခဲ့သည့် “ဗမာသည် အိန္ဒိယနှင့် အရင်းမူလကိုက ကွဲပြားပြားနားသည်။ radically different from India ကိုကိုးကားပြထားသည်။ အိန္ဒိယလူမျိုးများသည် ဗြိတိသျှအုပ်ချုပ်သူများနှင့် အမျိုးမျိုးသော ထင်မြင်ယူဆချက်များတွင် တူညီမှု ရှိနေတတ်ကြသည်။ သို့သော် ဗမာလူမျိုးများသည် တိုင်းတစ်ပါး လွှမ်းမိုးမှုကို ဘယ်သောအခါမှ သည်းခံခဲ့သည်မဟုတ်ပေ။ ထို့ကြောင့်သာ အိန္ဒိယသားများ သည် အရှေ့နဲ့အနောက်ပေါင်းစပ်ရာတွင် ဗမာများထက် ဖန်တီးမှုနည်းလမ်းများ အတော်ရှေ့ရောက်နေခြင်း လည်းဖြစ်သည်။ ထို့ပြင် သာတူညီမျှသော ဗုဒ္ဓဘာသာ ပညာရပ်စနစ် (egalitarian Buddhist education) ကြောင့်လည်း ဗမာများသည် အိန္ဒိယထက် ဗြိတိသျှတို့၏ အဆင့်အတန်းခွဲခြားသော စနစ်ကို လက်ခံနှစ်သက်ဖို့ မလွယ်ကြောင်းကို အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

ဗမာလူမျိုးများဟာ နှစ်ပေါင်းတစ်ထောင်ကျော် ကိုယ့်မင်းကိုယ်ချင်းနဲ့ နေခဲ့ကြသည်။ ထို့ပြင် ဗမာတို့သည် စစ်အောင်နိုင်ခြင်းဖြင့် သူတို့ရဲ့ နယ်မြေအင်ပါယာကို ချဲ့ထွင်ခြင်း၊ စည်းလုံးအောင် ဆောင်ရွက်နိုင်ခဲ့ကြဖူးသည်။ သို့သော် အိန္ဒိယသမိုင်းတစ်လျှောက် ၎င်းတို့၏ စစ်ရေးအခန်း သည် ဦးဆောင်ရာ အခန်းက မပါဝင်ခဲ့ဖူးပေ။

ထို့ပြင် နှစ်နိုင်ငံစလုံးတွင် မတူကွဲပြားသော ဘာသာရေးအယူဝါဒများကြောင့် ပဋိပက္ခတွေ ရှိသော်လည်း အိန္ဒိယနိုင်ငံရှိ ဟိန္ဒူ-မွတ်စလင် ပြဿနာသည် ဗမာပြည်ကြုံနေရသော ဘာသာရေး ပဋိပက္ခများထက် ပို၍ ကြီးမားသော စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်စေသည်။ ဗမာပြည်တွင် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။

အိန္ဒိယတွင် ဟိန္ဒူ-မွန်စလင် အဓိကရုဏ်း (Hindu-Muslim riots) အစုလိုက် အပြုံလိုက် နေရာသစ်ရှာခြင်း (Massive Relocations) နှင့် မျိုးတုန်းသတ်ဖြတ်ခြင်း (Genocide) ကဲ့သို့သော ဖြစ်ရပ်ကြီးများဖြစ်ခဲ့သည်။ ဗမာပြည်တွင် အလားတူအဖြစ်မျိုး မရှိပေ။ သို့သော် လွတ်လပ်သော ဗမာပြည်တွင် ဗမာလူမျိုးမဟုတ်သူများ (Non-Burmese) အရေးအတွက် စိုးရိမ်ရသော အခက်အခဲများ ရှိနေဆဲပင်ဖြစ်သည်။

သူတို့ရဲ့ အသီးသီးသော ပြည်သူများနှင့် အရင်မူလကွဲပြားခြားနားသော တိုင်းပြည်အနေအထားများကြောင့် မဟတ္တမ ဂန္ဒီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့သည်လည်း ကွဲပြားခြားနားသော နည်းလမ်းတွေနဲ့အတူ ထင်ပေါ် လာကြရသည်။ ဂန္ဒီက အကြမ်းမဖက်ရေး (Nonviolence) သည် အိန္ဒိယ၏ ထူးခြားတဲ့စရိုက်လက္ခဏာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အောင်ဆန်းက ဗမာလူမျိုးတွေရဲ့ စစ်ရေးဆိုင်ရာ ဓလေ့ထုံးများ (Martial traditions) ကို ထင်ဟပ်စေခဲ့သည်။

ခေတ် (The Age)

ဂန္ဒီဟာ ဗစ်တိုရီယ ခေတ်ကာလ (Victorian Age) မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အောင်ဆန်းသည် ပထမ ကမ္ဘာစစ်ကာလအတွင်းတွင် မွေးဖွားခဲ့သည်။ ဗြိတိသျှတို့၏ ကိုလိုနီပါဝါနှင့် တုန့်ပြန်ချက်များသည် နှစ်ဆယ်ရာစု အလယ်စပိုင်းနှင့် ၁၉ ရာစု နှောင်းပိုင်းကာလများတွင် အတော်အတန် ခြားနားမှုများ ရှိခဲ့သည်။ ဂန္ဒီသည် ဗြိတိသျှတို့၏ လောကီပါဝါကို အန်တုခဲ့သော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်က ဗြိတိသျှတို့သည် ဗြိတိန်အပါအ၀င် ၎င်းတို့၏ ကိုလိုနီနိုင်ငံများတွင် လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ သတ်သတ်လွှတ်စားခြင်းဝါဒများ (Ethical/ Religious Vegetarianism) သီအိုဆိုဖီ (Theosophy) ပရိုတက်စတင့်ဂိုဏ်းသစ်များ စသည်ဖြင့် ပေါ်ပေါက်ခဲ့သည်။

အောင်ဆန်းကြီးပြင်းရာ ခေတ်ကာလတွင် ဗြိတိသျှတို့၏ နယ်ချဲ့ဝါဒ (Imperialism) ကို အဓိက စိန်ခေါ်နေသော ဖတ်ဆစ်ဝါဒ (Fascism) နှင့် ဆိုရှယ်လစ်ဝါ၀ (Socialism) များ အားကောင်းနေသည်။ ယင်းဝါဒများသည် လောကီလှုပ်ရှားမှု များသာဖြစ်သည်။ ထို့ပြင် ဂန္ဒီရဲ့ (Satyagraha) သည် လူမှု-နိုင်ငံရေးမှု လုပ်ဆောင်ချက်အဖြစ် နှစ် ၅၀ ကျော် ဖွံ့ဖြိုးတိုးတက်နေချိန်တွင် အောင်ဆန်းမှာ အသက် (၃) နှစ်အရွယ်တွင် လုပ်ကြံခံခဲ့ရသည်။

ယင်းကဲ့သို့ မတူညီချက်များရှိနေသလို သူတို့၏ သီအိုရီနှင့် လုပ်ဆောင်ချက်များတွင် တူညီသော အကြောင်းတရား ၄ မျိုးလည်း ရှိနေသည်။ ယင်းအချက် ၄ ချက်သည် မဟတ္တမဂန္ဒီနှင့် အောင်ဆန်းတို့၏ အောင်ဆန်းစုကြည်အပေါ် ခိုင်ခိုင်မာမာ လွှမ်းမိုးနေသည်။ ယင်းတို့မှာ

(၁) သူတို့သည် အရှေ့တိုင်း မဟုတ်သော ဘ၀နေနည်း ဒဿနများကိုလည်း နားလည်နိုင်ခဲ့သည်။

(၂) သူတို့သည် လုပ်ဖော်ကိုင်ဖက်များ၊ နောက်လိုက်များ ပူးပေါင်းချင်လာအောင်နှင့် စံပြပုဂ္ဂိုလ်ကြီး (high ideals) များ အဖြစ် တင်စားလောက်အောင် စရိုက်နှင့် မူဝါဒများ ရှိကြသည်။

(၃) သူတို့ဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းအတွေးအခေါ်များကို သမူဟ (Synthesis) ပြုနိုင်သူများဖြစ်သည်။

(၄) သူတို့သည် သူတို့ရဲ့ နိုင်ငံများကို အလုံးစုံသော လွတ်လပ်ရေးကို ဆောင်ကြဉ်းနိုင်ခဲ့သည်။ ကွဲပြားခြားနားသော ပြည်သူတွေကို တပေါင်းတစည်းတည်းဖြစ်အောင် ဦးဆောင်နိုင်ခဲ့သည်။


(ဆက်လက်ဖော်ပြပါမည်)


(ပါမောက္ခ ဒေါက်တာ ရစ်ချက် ဂျွန်ဆင် (Richard L. Johnson) ပြုစုထားတဲ့ (Pilgrims in Quest of Truth and Perfection: Aung San Suu Kyi and her Forefathers, Mahatma Gandhi and Aung San) သုတေသန စာတမ်းလေးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

ပါမောက္ခ ဒေါက်တာ ရစ်ချက် ဂျွန်ဆင် (Richard L. Johnson) ဟာ Indiana တက္ကသိုလ်က ငြိမ်းချမ်းရေး နှင့် ပဋ္ဋိပက္ခ လေ့လာရေး ဋ္ဌာန၏ ဒါရိုက်တာဖြစ်ပါတယ်။ သူဟာ မဟတ္တမ ဂန္ဒီ နဲ့ အကြမ်းမဖက်ရေး အကြောင်းနဲ့ ပတ်သတ်ပြီး သင်ကြားပို့ချခြင်း၊ သုတေသန ပြုခြင်းများကို လုပ်နေသူပါ။ သူဟာ ဥရောပ၊ အာရှ နိုင်ငံများရှိ ပြည်တွင်း အကြမ်းဖက်မှု များနှင့် လှုပ်ရျားမှု များကို ဆန်းသစ်သော ရှုထောင့်ကနေ ချဉ်းကပ်နေသူပါ။

ကျွန်တော်လေးစားကြည်ညိုရသော မဟတ္တမ ဂန္ဒီ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဘဝ ဒဿန နဲ့ နိုင်ငံရေး ခံယူချက် အကြောင်း တတ်နိုင်သမျှ ကြိုးစားတင်ပြခြင်း ဖြစ်ပါသည်။ ဘာသာပြန်ရာတွင် လွဲချော်မှုများရှိပါက ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။

မြန်မာဒုက္ခသည်များ အစည်းအရုံး (Burma Refugee Organization (Malaysia) ဝက်စ်ဆိုက်မှ အပိုင်းလိုက်ဖော်ပြမည်ဟု သိရပါသည်။

ဘာသာပြန်သူ….ဘလော့ခ်ဂါ အလင်းဆက်

အကြံပေးသူများ….ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ ခမိခဆဲ


1 comment:

  1. စာလာဖတ်ဖြစ်ပါတယ် ခင်ဗျာ လေးစားလျှက်

    ReplyDelete